အပိုင်း (၇) ကမ္ဘာ့အကြီးမားဆုံး ဘိန်းဘုရင်နယ်မြေအတွင်းသို့ ချဉ်းနင်းဝင်ရောက်ခြင်း
တရုတ်ပြည်တွင်းကလိုမျိုး တွေ့သမျှ မြင်သမျှ ရှုခင်းရှုကွက်တွေဆီ အတင်း တိုးဖောက်ပြီး မှတ်တမ်းဓာတ်ပုံ ရိုက်ချင်တိုင်း ရိုက်လို့မရပါ။ ခင်ဗျားတို့ အရင်ဆုံး ကြိုတွေးထားရမှာက ခင်ဗျားတို့ လုပ်နေတဲ့ အလုပ်က မူးယစ်ဆေးဝါး အစဦးဆုံး ထွက်ရှိတဲ့ ရင်းမြစ်နယ်မြေက ရှောင်ရှားရမယ့် အချက်တွေကို ခင်ဗျား ချိုးဖောက်နေတယ် ဆိုတာပါပဲ။ ဒီ ချိုးဖောက်လုပ်ကိုင်တဲ့အတွက် ဖြစ်ပေါ်နိုင်ချေတွေက ဘာတွေလဲ ဆိုတော့ ခင်ဗျားရဲ့ ကင်မရာ သူတို့ကို ချိန်လိုက်တာနဲ့ သူတို့ သေနတ်ပြောင်းဝကလည်း ခင်ဗျားရင်ဝကို ချိန်ထားပါလိမ့်မယ်။ တရုတ်လူမျိုးတွေ အမြဲလိုလိုပဲ အဲဒီနေရာမှာ ပစ်သတ်ခံရတာ ရှိတယ်နော်။ အဲ ဟိုနေရာမှာက သေနတ်ကို နေရာအနှံ့ မြင်တွေ့ရမှာပါ။ သေနတ်နဲ့ မူးယစ်ဆေးဝါး ဆိုတာက တသားတည်းဗျ။
x x x x x
ကျနော်တို့ နယ်မြေကျော်ဖြတ်ပြီး ပထမဆုံး သတင်းစုဆောင်းတဲ့ ဂိတ်ကတော့ ၂၀၀၂ ခုနှစ် နွေဦးတလျှောက်လုံး နိုင်ငံတကာက ဝေဖန်ပြစ်တင် ထောက်ပြနေကြတဲ့ ၀ ပြည်နယ်ဒေသ ဖြစ်ပါတယ်။
ခရီး စတင်မထွက်ခင် သတင်းထောက်အဖွဲ့ကို ဖွဲ့စည်းတဲ့ ယူနန်ပြည်နယ် သတင်း ပူးပေါင်းရေး အဖွဲ့ရဲ့
တာဝန်ခံက ယူနန်ပြည်နယ် စူးမောင်နယ်မြေက လက်နက်ကိုင် ရဲအရာရှိကို ဖိတ်ခေါ်လာပါတယ်။ အဲဒီ ရဲအရာရှိက ကျနော်တို့ သတိထားရမယ့် အချက်တွေကို ရှင်းပြပါတယ်။ အဲဒီထဲက အထူး သတိထားရမယ့် အချက်ကိုလည်း အလေးထား ပြောပြပြန်တယ်။ “ကိုယ့်ပြည်တွင်း (တရုတ်ပြည်တွင်း) ကလို လုပ်လို့ မရဘူးခင်ဗျ။ ကောင်းတဲ့ရိုက်ကွင်း ရိုက်ကွက် ဆိုပြီး အတင်း ထိုးတက်သွားပြီး မရိုက်လိုက်လေနဲ့ဗျို့။ ပြဿနာတွေ တက်ကုန်မယ်။ ခင်ဗျားတို့ ရှေးဦးဆုံး စဉ်းစားရမှာက အခု လုပ်နေသမျှတွေ အားလုံးက မူးယစ်ဆေးဝါး ရင်းမြစ်မြေက အရှောင်ရှားရဆုံး ကိစ္စတွေ ချည်းပဲဗျ။ ဖြစ်နိုင်ချေ အရှိဆုံးက ခင်ဗျားက ကင်မရာနဲ့ သူတို့ကို ချိန်လိုက်တယ်၊ ဖျတ်ဆို သူတို့လက်ထဲက သေနတ်ပြောင်းဝကလည်း ခင်ဗျားကို ချိန်နှင့်ပြီးသား။ ကျနော်တို့ တရုတ်တွေ အဲဒီမှာ သေတာ မကြာခဏပဲ။ မနည်းတော့ဘူးဗျ။ အဲ ဟိုမှာ သေနတ်က ဘယ်နေရာမှာမဆို တွေ့ရမြင်ရတာနော်။ သေနတ်နဲ့ မူးယစ် ဆိုတာက တအိမ်သားတွေဗျ”
သတင်းထောက်တွေ ကိုယ့်နိုင်ငံရဲ့ နယ်နိမိတ်ကနေ ထွက်မလာခင် တယောက်ကိုတယောက် အပြန်အလှန် သတိပေးကြဖို့ ကြိုတင် သတိပေးထားကြတယ်။ “အချိန်မရွေး နေရာမရွေး သိနေရမှာက ဒါဟာ ကိုယ့်ပြည်တွင်း မဟုတ်ဘူး။ ဒီမှာက နဂါးပွက်အိုင်တွေ၊ ကျားရဲတွင်းတွေ ပွထနေတဲ့ ရွှေတြိဂံဖြစ်တယ်။ အားလုံးဟာ ရှေးဦးဆုံး လုံခြုံရေးကို မေ့မနေဖို့ပဲ” စွန့်စား သတင်းယူကြမယ့် သတင်းထောက်အဖွဲ့ရဲ့ လုံခြုံရေးအတွက် စူးမောင်နယ်က လက်နက်ကိုင် ရဲတပ်ဖွဲ့က ၀ါဒဖြန့်ချိရေး ကေဒါကို စေလွှတ်ထားပါတယ်။ မုန်းလျိုင်က ရှမ်းတိုင်းရင်းသား၊ လားဟူတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေး ခရိုင် ပြည်သူ့လုံခြုံရေးဌာနမှူးကလည်း တရက် စောပြီး နယ်နိမိတ် ဖြတ်ကျော် လှုပ်ရှားပါတယ်။ ဒါတွေဟာ သတင်းထောက်အဖွဲ့ရဲ့ လုံခြုံရေးကို ၀ိုင်းဝန်း ဆောင်ရွက်ပေးကြတာပါ။
ရှမ်းပြည်နယ် ဆိုတာ မြန်မာနိုင်ငံရဲ့ ပြည်နယ်တွေထဲမှာ အကြီးမားဆုံး တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ် ဖြစ်တယ်။ ၀ ပြည်နယ် ဆိုတာက ရှမ်းပြည်နယ်ကြီးထဲက တခုတည်းသာ ရှိတဲ့ လွတ်လပ်မှု ရှိတဲ့ ပြည်နယ်ထဲကပြည်နယ်ပါ။ တည်နေရာကတော့ ကိုးကန့်တောင်ဘက်ပိုင်းက ကြီးမား ကျယ်ဝန်းတဲ့ တောင်တန်းဒေသ ဖြစ်တယ်။ ၀၊ ကချင်၊ လီရှော၊ လားဟူ တိုင်းရင်းသား နဲ့ ကရင်တိုင်းရင်းသားတို့ တူကြပါတယ်။ ခရစ်ယာန်ကို ယုံကြည် သက်ဝင်ကြပါတယ်။ ဒါပေမယ့် အနောက်တိုင်းသားတွေက လီရှောတွေလို ၀ တွေကို စာပေ တီထွင်ပေးခြင်းမရှိပါ။ ၀ တိုင်းရင်းသား နဲ့ အနောက်တိုင်းသားတို့ရဲ့ ပတ်သက်မှုဟာ ကချင်တိုင်းရင်းသားတွေလိုမျိုး တရင်းတနှီး တယ်မရှိလှပါ။
၁၉၅၉ ခုနှစ် မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသား အသီးသီးတို့က မြန်မာအစိုးရ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ အနေနဲ့ စတင်ပြီး လက်နက် တပ်ဆင် တိုက်ခိုက်ကြပါတယ်။ လက်နက်ကိုင် အဖွဲ့ကြီး ၉ ဖွဲ့ထဲမှာ ၀ ပြည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လည်း ပါဝင်ပါတယ်။ စော်ဘွား နောက်မျိုးဆက် မဟာစန်း ခေါင်းဆောင်တဲ့ ၀ လူမျိုး လွတ်မြောက်ရေး တပ်ဖွဲ့လည်း ပါဝင်ပါတယ်။ နောက်ပိုင်းမှာ ဒီကနေ့ ၀ပြည်နယ် အစိုးရ နိုင်ငံရေး အတိုင်ပင်ခံ ဥက္ကဋ္ဌ ယဲန်ရှောင်စွတ် အစရှိသူတို့ ပါဝင်လာကြပါတယ်။ ၉၀ ခုနှစ် အစပိုင်းမှာ ၀ အမျိုးသား လွတ်မြောက်ရေးတပ်မတော်က မြန်မာပြည် မြောက်ပိုင်း ၀ အဖွဲ့ရဲ့ ၀ပြည်နယ်ညွန့်ပေါင်းတပ်ဖွဲ့ထဲ ၀င်ရောက် ပူးပေါင်းလိုက်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီခေတ်ကာလ။ ၀ နယ်မြေမှာ ၀တိုင်းရင်းသား တပ်သားတွေ အဓိကထားပြီး ဖွဲ့စည်းထားတဲ့ အလယ်ပိုင်း စစ်ဒေသကို ထူထောင်လိုက်ပါတယ်။ မူလ ကတည်းက သူတို့ဟာ ဗကပထဲက တိုက်ရည်ခိုက်ရည်ရှိတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။ တရုတ်ပြည် နယ်နိမိတ်ထဲမှာလည်းပဲ ၀ တိုင်းရင်းသားတွေ အများအပြား ရှိပါတယ်။ အများစုကတော့ တရုတ်ပြည် လိန်ချန်း တ၀ိုက် နယ်စပ်က အမြင့်ဆုံး တောင်တန်းတွေမှာ နေကြပါတယ်။
ဝ တိုင်းရင်းသား နဲ့ ၀ ပြည်နယ် ဒေသဟာ မြန်မာပြည် အရှေ့မြောက်တောင်တန်းဒေသမှာ တည်ရှိပါတယ်။ မြန်မာနိုင်ငံ တ၀န်းလုံးမှာ ကမ္ဘာဦးဆန်တဲ့ ရှေးအကျဆုံး အရိုင်းအစိုင်းနယ်မြေရယ်လို့ သတ်မှတ်ကြပါတယ်။ ရှမ်းကုန်းပြင်မြင့်မှာ တိုင်းရင်းသားလူမျိုးချင်း မတူကြဘဲ အတူနေကြတယ်။ အင်အားတောင့်တင်းမှုက တဦးနဲ့တဦး တပြေးညီ ဖြစ်နေကြတယ်။ ၀၊ လီရှော၊ ကချင်တို့က တောင်ကြီးကြီးမားမားတွေပေါ်မှာ နေလေ့ရှိတယ်။ ၀ တို့ရဲ့ နယ်မြေက လီရှော၊ ကချင်တို့ထက် တောင်ဘက်ပိုင်းကို ပိုကျပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သမိုင်းကြောင်း အဆင့်အတန်းကို ထိုတိုင်းရင်းသားတို့ မှီတင်းနေထိုင်ကြတဲ့ ပထ၀ီ မြေနေရာ အကောင်းအဆိုး ဂိုက်တံနဲ့ တိုင်းလို့ ရနိုင်ပါတယ်။ ဘိန်းရာဇာကြီးတွေရဲ့ ခေတ်ကာလ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခေတ်ကာလတွေတုန်းက မူးယစ်ဆေး စီပွားရေး အကျိုးအမြတ် ထိပ်တိုက်တိုးမှုကြီးတွေရယ်၊ မြန်မာ ထိုင်း အစိုးရတပ်တွေရဲ့ နှစ်ကာလ များမြောင်စွာ စစ်ရေး ၀န်းရံ ပိတ်ဆို့မှုကြီးတွေရယ်ကြောင့် စစ်ပွဲတွေ အဆက်မပြတ် ဖြစ်ပြီး နေထိုင်မှုတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေ၊ အသက်ရှင်သန် နေထိုင်မှုက အင်မတန်ကို ဆိုးယုတ်လွန်းနေတယ်။ ဒါ့အပြင် နူရာဝဲစွဲ လဲရာ သူခိုးထောင်း ဆိုတဲ့ အတိုင်း မိုးရာသီ ကာလတွေမှာ အာရှအပူပိုင်းဇုံ ငှက်ဖျားရောဂါရဲ့ ထိုးနှက်မှုတွေကို အလူးအလှိမ့် ခံကြရတယ်။ နှစ်တိုင်း ဖျားနာသေကြတာ လူ သောင်းဂဏန်းအထက်မှာ ရှိပါတယ်။ ဒီဒေသ လူတွေရဲ့ ပျမ်းမျှ အသက်က ၄၀ ကျော်ကျော်လေးပဲ ရှိပါတယ်။
၁၉၆၀ မတိုင်ခင်က ၀ တိုင်းရင်းသားတို့ဟာ ခေါင်းဖြတ်ပြီး ပူဇော်တာ၊ စပါးကောက်နှံ ပူဇော်တဲ့ ဓလေ့ကို တွင်တွင်ကျယ်ကျယ် လုပ်ကြပါတယ်။ ၀တို့ဟာ ဒီလိုမျိုး လူရဲ့ခေါင်း ခုတ်ဖြတ်၊ ပြန်ယူသွားပြီး ကောက်ပဲသီးနှံကို ပူဇော် ပသပါတယ်။ ယဇ်ပူဇော်မှသာ ကောက်ပဲသီးနှံတွေဟာ လူ့မျက်နှာက မုတ်ဆိတ်ကျင်စါယ်တွေလို ဖြိုးမောက်ဝေဆာ အထွက်တိုးလျှံချေမယ် လို့ ယုံကြည်ကြပါတယ်။ သူတို့ တပ်သားတွေက ကုန်သည် ဟန်ဆောင်၊ လက်မှာ ကြိုးထုံးကိုဆွဲ တောင်အောက် ဆင်းချသွားပြီး လူဖမ်းတယ်။ လစ်တာနဲ့ ခေါင်းကို ခုတ်ဖြတ် သုတ်ခြေတင် ပြန်ပြေးပြီး ယဇ်နတ် ပူဇော်တော့တာပဲ။ အနီးအနား ၀န်းကျင်က တခြား တိုင်းရင်းသားတွေက သူတို့ရဲ့ ဒီလို အရိုင်းအစိုင်း ဓလေ့ထုံးတမ်းကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ကြပါတယ်။ ဒါကြောင့်လည်း မိဘစကား နားမထောင်တဲ့ သားသမီးတေါကို ဟောသလို ခြိမ်းခြောက်ကြတယ် - “စကား နားမထောင်ဘူးလားဟင်၊ ၀ တွေ နင့်ကို လာဖမ်းတော့မယ်”
၆၀ ခုနှစ်တွေမှာ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း၊ ချူအင်လိုင်း တို့က ၀ တိုင်းရင်းသားတွေရဲ့ ဒီလို အရိုင်းအစိုင်းမျိုးကို ပြုပြင်ဖို့ လှုံ့ဆော်ခဲ့ဖူးပါတယ်။ ၆၀ ခုနှစ်မှာ မော်စီတုန်းက ၀ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြတဲ့အခါမှာ မေးလိုက်တယ် - “ခင်ဗျားတို့ဆီက လူခေါင်း ခုတ်ဖြတ်ပြီး ကောက်ပဲသီးနှံ ယဇ်ပူဇော်တာမျိုး အခု ရှိသေးလားဗျ”။ ၀ တိုင်းရင်းသား ခေါင်းဆောင်က ပြန်ဖြေပါတယ်- “ပြုပြင်လိုက်ပါပြီ” တရုတ်ပြည် နယ်နိမိတ်ထဲက ၀တွေ ဒီလိုမျိုး ထုံးတမ်းဓလေ့တွေ အမြစ်ကစ ပျောက်ကွယ်သွားပါပြီ။ တရုတ်ပြည်နယ်နိမိတ် အပြင်ဘက်မှာတော့ အရင်အတိုင်းပဲ လူခေါင်း ခုတ်ဖြတ်တဲ့ ကိစ္စတွေ ပေါ်ပေါက်နေပါသေးတယ်။ ၇၀ ခုနှစ်ပိုင်း ရောက်လာတော့မှ ၀ တို့ရဲ့ နယ်မြေကို စိုးမိုးအုပ်ချုပ်တဲ့ ဗကပ မြောက်ပိုင်းခရိုင် ခရိုင်မှူး ကျောက်နီလိုင် ဦးစီးပြီး ခေါင်းဖြတ်ခံရမယ့်ယဇ်ကောင်(လူ)ကို မြေမှာ မြှုပ်ထားလိုက်တယ်။ ခေါင်းကိုသာ ဖော်ထားတယ်။ သူက သူ့ဘေးနားကလူ (၀လူမျိုး) တွေကို မေးခွန်း ထုတ်လိုက်တယ်။ “တကယ်လို့ဗျာ တခြားလူတွေကလည်း ခင်ဗျားတို့ရဲ့ ခေါင်းကို အဲဒီလိုမျိုး ခုတ်ဖြတ်ကြမယ် ဆိုရင်ပေါ့ဗျာ။ ခင်ဗျား ဘယ်လိုများ ခံစားရမလဲဗျာ”။ အဲဒီအချိန်က အစပြုပြီး နောက်ထပ် လူခေါင်း ဖြတ်တာမျိုး မရှိတော့ပါ။ ဒါပေမယ့် မျက်မှောက် ကနေ့ အချိန်မှာလည်းပဲ ရှေးယခင်အတိုင်း ထောင်ချီတဲ့ လူခေါင်းခွံတွေက ၀ ပြည်နယ် တချို့ရွာတွေမှာ ချိတ်ဆွဲမြဲ ချိတ်ဆွဲလျက်ရယ်လို့ ပြောကြပါတယ်။
၁၉၅၀ ကနေ ၁၉၆၈ အထိ ကူမင်တန် ပါတီ တပ်ကြွင်းတပ်ကျန်တွေ ၀၊ ကိုးကန့် နယ်မြေတွေမှာ အခြေခံတပ်စခန်းတွေ တည်ဆောက်ထားကြပါတယ်။ ၅၀ ခုနှစ်လယ်ပိုင်း ၀တွေဟာ ကူမင်တန် အကြွင်းအကျန်တပ်တွေနောက် လိုက်ပါသွားကြတယ်။ သူတို့တွေဟာ ကိုယ့်အိုး ကိုယ့်အိမ် မိဘသားချင်းနဲ့ ရွာကိုပါ စွန့်ခွာပြီး လိုက်သွားကြတာပါ။ နောက်တော့ ကူမင်တန် အကြွင်းအကျန် တပ်တွေ ၁၉၅၁ ဧပြီ နဲ့ ဇူလိုင်လတွေမှာ ပြည်မကြီးကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ကြတယ်။ တချီတမောင်း တိုက်လိုက်ကြတာ လိန်ချန်း၊ စူးမောင် နယ်တွေရဲ့ စွမ်းကျန်း၊ ကဲန်မာ၊ ကျဲန်ခန်း အစရှိတဲ့ ၅ ခရိုင်ကို တိုက်ခိုက် သိမ်းပိုက်လိုက်တယ်။ နောက်တော့ ကူမင်တန်တွေက နယ်စပ်နေ သောင်းချီတဲ့ ပြည်သူတွေကို အတင်းပဲ မြန်မာပြည်မြောက်ပိုင်းကို ဆွဲခေါ်ပြေးသွားကြတယ်။ သူတို့ခေါ်သွားတဲ့သူတွေက ရောက်တဲ့နေရာမှာပဲ အခြေချကြတယ်။ ဆွဲခေါ်ထွက်ပြေးကြသူတွေထဲမှာ ၀ တွေရဲ့ အရေအတွက်က အများစု ဖြစ်ပါတယ်။
၁၉၇၀ ဧပြီလ။ ဗကပ က ခ၀ တောင်တန်းက မုန်းမောက်ကို တိုက်ယူသိမ်းပိုက်လိုက်တယ်။ ၁၉၇၂ မှာ တောင်ပိုင်း ခ၀တောင်ရဲ့ ပန်စန်းကို တိုက်ခိုက် သိမ်းပိုက်လိုက်တယ်။ ဗကပ ဗဟိုကော်မတီရုံး တည်ရှိရာ နေရာနဲ့ အလယ်ပိုင်း စစ်ဒေသ ဖြစ်လာပါတယ်။ ဦးစီးမှူးက လီကျုလူ (ဟန်တရုတ်လူမျိုး) ဖြစ်ပြီး ဒုဦးစီးမှူးက ၀ တိုင်းရင်းသားခေါင်းဆောင် ပေါင့်ယို့ရှန် ဖြစ်ပါတယ်။ လက်အောင်ခံ စီရင်စုတွေက အမှတ် ၅ တပ်မဟာ၊ ၁၂ တပ်မဟာတို့ ဖြစ်တယ်။ အင်အား အတောင့်တင်းဆုံးတပ် ဖြစ်တယ်။ ကနေ့ ၀ ပြည်နယ် ညွန့်ပေါင်း ပါတီအတွင်းရေးမှူး ကျောက်နီလိုင်ဟာ ယခင် ယူနန်ပြည်နယ် လိန်ချန်းဒေသ ချန်းယွမ် ၀ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင် ယုန်ဟို အမှတ် ၃ ကုန်ထုတ်လုပ်ရေး တပ်ဖွဲ့ငယ်က စာရင်းကိုင်တယောက် ဖြစ်ပါတယ်။ ဗကပ ခေတ်ကောင်းတုန်းက ခရိုင်မှူး ဖြစ်ခဲ့တယ်။ ဗကပ အရံ ပါတီဝင်လည်း ဖြစ်ပါတယ်။
၁၉၈၉ မတ်လ။ ဖုန်ကျားရှင်က ရှေးဦးဆုံး ကိုးကန့်ကနေ တပ်ကို ဗကပ ကနေ ခွဲထွက်လိုက်တယ်။ ဧပြီ ၁၁ ရက်နေ့မှာ - နီလို၊ ပေါင့်ယို့ရှန် တို့က အလယ်ပိုင်း စစ်ဒေသ အမှတ် ၅ နဲ့ အမှတ် ၁၂ တပ်မဟာ အရာရှိ အရာခံ တပ်သား အားလုံးကို ခေါင်းဆောင်ပြီး ပုန်ကန်လေတယ်။ ၁၇-၄-၁၉၈၉ နေ့မှာ ဗဟို ကိုယ်ရံတော်တပ်ဖွဲ့ တပ်မဟာ နိုင်ငံရေးမှူး လိုချန်ပေါင် နဲ့ အတွင်းချိတ် ချိတ်ပြီး ပုန်ကန်ကြပြန်တယ်။ တပ်မဟာ နှစ်တပ်က ဗဟို ရုံးစိုက်ရာ ပန်စန်းကို ၀ိုင်းထားလိုက်ကြတယ်။ ဗကပ ခေါင်းဆောင် အားလုံးကို နှင်ထုတ်လိုက်ကြတယ်။
၂၂-၄-၁၉၈၉။ ကျောက်နီလိုင်က မြန်မာနိုင်ငံ ၀ ပြည်နယ် ညွန့်ပေါင်း ပါတီ ဥက္ကဋ္ဌ၊ ပေါင့်ယို့ရှန်က စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူ ဖွဲ့စည်းလိုက်ကြပါတယ်။ ဌာနချုပ်ကို တရုတ် အနောက် မဟာမိတ် ၀ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေး ခရိုင် နဲ့ မြစ်တမြစ်သာ ခြားတဲ့ မာရှောင်လန်ရွာမှာ တည်ထားလိုက်တယ်။ ၀ ညွန့်ပေါင်းတပ် အောက်မှာ အမှတ် ၂၁၄၊ ၄၁၇၊ ၄၁၈၊ ၄၂၀၊ ၅၂၅ တပ်မတွေရယ်၊ သီးခြား လွတ်လပ်မှု တပ်ရင်းကြီး ၂ ခု နဲ့ ဗဟို ကိုယ်ရံတော်တပ်ဖွဲ့ တပ်ရင်းတွေ ဆိုပြီး စီရင်စု နယ်မြေတွေ ပိုင်းခြားထားပါတယ်။ တပ်အင်အား တသောင်းခွဲ ရှိတယ်။ နောက်ပိုင်းမှာ ဗကပ အလယ်ပိုင်း စစ်ဒေသ ဦးစီးမှူး လီကျုလူလည်း ပူးတွဲ ပါဝင်လာတယ်။ မြန်မာထိုင်း နယ်စပ်ဒေသက မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်တဲ့ ယဲန်ရှောင်စွတ် တပ်ဖွဲ့၊ ဝေ့ရွှေလုံ တပ်ဖွဲ့က လူတွေလည်း ၀ ညွန့်ပေါင်းတပ်ထဲ ပူးပေါင်း ပါဝင်လာကြတယ်။ မြန်မာနိုင်ငံရဲ့ အစိုးရ မဟုတ်တဲ့ အကြီးမားဆုံး နယ်မြေခံ အမျိုးသား လက်နက်ကိုင် တပ်ဖွဲ့ကြီး ဖြစ်လာပါတယ်။
သူတို့တတွေ ဖုန်ကျားရှင်ရဲ့ နေရာကို ဆက်ခံကြပြီးတဲ့နောက် မြန်မာအစိုးရနဲ့လည်း သဘောတူညီချက် ရယူလိုက်ကြပါတယ်။ မြန်မာအစိုးရကို အသိအမှတ် ပြုလိုက်တယ်။ လွတ်လပ်စွာ တသီးတခြား ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဆောင်ရွက်ဖို့ ရှမ်းပြည်နယ် အမှတ် ၂ အထူးဒေသ ကို တည်ထောင်လိုက်တယ်။ ဒီနောက်ပိုင်းတွေမှာလည်း မြန်မာအစိုးရနဲ့ အကြိမ်ပေါင်း များစွာ တွေ့ဆုံဆွေးနွေးပါတယ်။ အဲဒီကနေ ၀ ပြည်နယ် အဖွဲ့ကြီးကို တည်ဆောက်လိုက်တယ်။ ဒီလိုနဲ့ပဲ သူတို့ဟာ တလျှောက်လုံး သူတို့ကိုယ်သူတို့ ၀ ပြည်ထောင်စု နဲ့ ၀ ညွန့်ပေါင်းတပ်ဖွဲ့ကြီးရယ်လို့ ခေါ်ဝေါ် သုံးစွဲကြပါတယ်။ ၀ ညွန့်ပေါင်းတပ် ခေါင်းဆောင် အများစုက တရုတ်ပြည်မှာ ပညာသင်ကြားလာခဲ့ကြတဲ့ ဗမာလူမျိုးတွေ ဒါမှမဟုတ်လည်း ၀ တိုင်းရင်းသားသားတွေ ဖြစ်ကြပါတယ်။
အထင်အရှား ရှိနေတဲ့ အချက်အလက်တွေအရ ၁၉၉၉ နောက်ပိုင်း တရုတ်ပြည်မှာ ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၁၀၁ မှု၊ သိမ်းဆည်းရမိတဲ့ ဟီးရိုးအင်း ၉ တန်ကျော်ဟာ အများစုက ဒီနယ်မြေက လာတာတွေ ဖြစ်တယ်။ ၀ တိုင်းရင်းသား တပ်က ၀ ပြည်နယ် ဧရိယာ ကီလိုမီတာ ငါးသောင်း နယ်မြေကို စိုးမိုးထားတယ်။ လူဦးရေက ခြောက်သိန်းကျော် ရှိတယ်။ မိမိတို့ဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အတိုက်အခံ ပါတီ အဖွဲ့ကြီးရယ်လို့ သတ်မှတ် ခေါ်တွင်ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ ထောက်ပြချက်က မူးယစ်ဆေးဖြင့် တပ်ကို ကျွေးမွေးခြင်း (တည်ထောင်ခြင်း)၊ တပ်ဖြင့် မူးယစ်ဆေးကို ကာကွယ်စောင့်ရှောက်ခြင်း တဲ့။
ကနေ့ ၀ ပြည်နယ် တောင်ပိုင်း ပြောက်ကျားနယ်မြေ ဒေသမှာ ဧရိယာ ကီလိုမီတာ ၁.၄ သောင်း၊ လူဦးရေ တသန်း ရှိပါတယ်။ မြောက်ပိုင်း မူလက ၀ ပြည်နယ် ထိန်းချုပ်ထားတဲ့ ဧရိယာ ကီလိုမီတာ ငါးသောင်း၊ လူဦးရေက ခြောက်သိန်းကျော် ရှိတယ်။ ကနေ့ ၀ ပြည်နယ်က ဘိန်းစီးပွားရေးကို ထုတ်ကုန်ရဲ့ ပင်မ ဒေါက်တိုင် သတ်မှတ်ထားပါတယ်။ ဘိန်းက ရရှိတဲ့ငွေက ၀ပြည်နယ် အစိုးရ နှစ်စဉ် ဘဏ္ဍာရေး ရငွေရဲ့ ၆၅ ရာခိုင်နှုန်း အထက်မှာ ရှိပါတယ်။ ဒီအချိုးနှုန်းထားက ပြောင်းလဲနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စီးပွားရေး ရင်းမြစ်က အင်မတန် နည်းလှပါတယ်။ ဒါက ၀ပြည်နယ် အဖွဲ့အစည်းနဲ့ တခြား လွတ်လပ်ရေးနယ်မြေ အစိုးရတို့ မတူ ကွဲပြားတဲ့ အကြီးမားဆုံးအချက်ပါ။
ဝပြည်နယ် မြောက်ပိုင်းမှာ ကနေ့မှာ အားလုံး ပေါ်ပီ စိုက်ပျိုးမြေတွေ ဖြစ်ကြပါတယ်။ ဧက ၁၀ သန်းကနေ သန်း ၂၀ ရှိပါတယ်။ ဘိန်းထွက်နှုန်း တန်ချိန် ၁၂၆၀-၁၄၅၀ ရှိပါတယ်။ (နှစ်စဉ်ထွက်နှုန်း ဖြစ်ပါတယ်။) နှစ်စဉ် မြန်မာနိုင်ငံတ၀န်း ထွက်ရှိတဲ့ တန်ချိန် ၁၉၀၀ ရဲ့ ၈၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ရွှေတြိဂံက ထွက်တဲ့ တန်ချိန် ၂၄၀၀ ရဲ့ ၆၅ ရာခိုင်နှုန်း ရှိပါတယ်။ နှစ်စဉ် ဘိန်းအထွက်နှုန်း၊ ပြုပြင် မွမ်းမံထုတ်လုပ်မှု နဲ့ ကုန်သွယ်မှု ပမာဏ နှုန်းထား စုစုပေါင်းက ခန့်မှန်းချေ ရင်မီဘီ ယွမ် ၃၀၀၀ ရှိပါတယ်။ အစိုးရ ရရှိတဲ့ ဘိန်းအခွန်တော်ငွေက ယွမ် သန်း ၆၀၀ နဲ့ သန်း ၈၀၀ ကြားမှာ ရှိပါတယ်။ ဒီပမဏာက စစ်တပ်ရဲ့ နေ့စဉ် အသုံးစရိတ်မျှသာ ရှိပါတယ်။ ၁၉၉၉ မှာ ၀ ထိန်းချုပ်နယ်မြေရဲ့ ပေါ်ပီပင် စိုက်ဧက ၉ သန်းဝန်းကျင် ရှိပါတယ်။ အရှေ့တောင်အာရှ စိုက်ဧက စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်း ၀န်းကျင် ရှိပါတယ်။ ဘိန်းထွက်နှုန်းက တန်ချိန် ၁၂၀၀-၁၄၀၀ ထွက်ပါတယ်။ အဲဒီ ဘိန်းတွေရဲ့ ၇၀-၈၀ ရာခိုင်နှုန်းကို ဟီးရိုးအင်း အဖြစ် မွမ်းမံထုတ်လုပ်ပါတယ်။ နှစ်စဉ် ဟီးရိုးအင်း တန် ၁၀၀ ကျော် ထွက်ပါတယ်။ ၀ ညွန့်ပေါင်းတပ်ရဲ့ တခြား စိးပွားရေး ပင်မ ဒေါက်တိုင် ဆိုတာကတော့ ရေခဲတုံး မူးယစ်ဆေး (Ice) ဖြစ်ပါတယ်။
ဝပြည်နယ် အစိုးရ ရုံးစိုက်ရာ ပန်ခန်းမြို့ ဆိုတာက ဟိုး လွန်ခဲ့တဲ့ ဆယ်နှစ် မတိုင်ခင်တုန်းက အဲဒီ နေရာဟာ တဲအိမ်ကလေး ဆယ်လုံးလောက်ပဲ ရှိတဲ့ ရွာသိမ်ရွာငယ်ကလေးပါ။ မူရင်း ရွာနာမည်က ပန်စန်းရွာ ဖြစ်ပါတယ်။ ဗကပ အရှေ့မြောက် စစ်ဒေသ နဲ့ နောက်ပိုင်းကာလတွေမှာ ဗကပ ဗဟိုကော်မတီ ရုံးစိုက်ရာ ဌာနလည်း ဖြစ်ပါတယ်။ မူရင်း နာမည် ဖြစ်တဲ့ ပန်စန်းက “စန်း” ဆိုတဲ့ စာလုံး အယူအဆ ဆိုရင် မသာ၊ အသုဘ ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တဲ့အတွက် အတိတ်နိမိတ် မကောင်းတာကြောင့် စန်း ကို ပယ်၊ ကျန်းမာသန်စွမ်းခြင်း ဆိုတဲ့ “ခန်း” ကို အစားထိုးလိုက်တယ်။ ဒါကြောင့် ပန်စန်း ကနေ ပန်ခန်း အဖြစ် ပြောင်းလဲပစ်ရခြင်း ဖြစ်ပါတယ်။
ဒီ ပန်ခန်း လို့ နောက်ပိုင်း ခေါ်တွင်တဲ့ ရွာကလေးမှာ ဗကပ ဌာနချုပ်ရုံးကို ဖွင့်လှစ်ခဲ့ဖူးပါတယ်။ နုန်းခမြစ် (တရုတ်မြန်မာနယ်ခြားမြစ်) နံဘေးမှာ ဖွင့်ခဲ့ဖူးပါတယ်။ ဒီအချက်အချာနေရာကို စစ်ရေး ပါရဂူတွေက ရွေးခြယ် သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီနေရာကို လက်နက်ကြီး ဥပမာ အမြောက်နဲ့ ပစ်လို့ မရပါ။ ဘာကြောင့်လဲ ဆိုရင် အမြောက်ကျည်ဆံက မြစ်တဘက်ကမ်း တရုတ်ပြည်နယ်နိမိတ်ထဲ ကျနိုင်လို့ပါ။ သာမန် လက်နက်ငယ်နဲ့ ၀င်တိုက်ဖို့ ဆိုတာလည်း တယ်ပြီး မလွယ်ကူလှပါ။ တောင်တန်း မြေနေရာ အနေအထားက ခံစစ်ဘက်က အရမ်းကို အသာစီး အနေအထားမှာ ရောက်နေလို့ပါပဲ။
ယခင်က ဗကပ အထွေထွေ အတွင်းရေးမှူးချုပ် နေထိုင်ခဲ့ဖူးတဲ့ သံချေးကွက်တွေ အပြောက်ပြောက် ထနေတဲ့ သွပ်မိုးအိမ်လေးက စုတ်စုတ်ပြတ်ပြတ်နဲ့ တောင်ကုန်လေးပေါ်မှာ ယနေ့တိုင် ရှိနေတုန်းပါပဲ။ နံဘေးမှာက ၀ပြည်နယ် အုပ်ချုပ်ရေးပိုင်းက ကြီးကျယ် ခန့်ငြား ထပ်ဝါတဲ့ တိုက်တာ အဆောက်အအုံတွေ မိုးထိုးလို့ နေကြပါတယ်။ ဒါဟာ အဟောင်းနဲ့အသစ်ဖွဲ့စည်းမှုက သမိုင်းရဲ့ နှိုင်းယှဉ်ချက်တွေ ပါပဲ။ နှိုင်းယှဉ်ချက် နှစ်ရပ်က ဟိုးအရင် ဗကပရဲ့ ပန်ခန်း နဲ့ ကနေ့ ၀ ပြည်နယ် အဖွဲ့အစည်းသစ် ပန်ခန်း၊ ပျင်းချောက်ချောက် တိတ်ဆိတ်မှု နဲ့ အုံးအုံးကြွက်ကြွက် စည်ကားသိုက်ဝန်းမှု မိုးနဲ့မြေ ကွာခြားချက်တွေပါပဲ။ အရက်ဆိုင်ကြီးတွေ ဟိုတယ်ကြီးတွေ လက်ဘက်ရည်ဆိုင်ကြီးတွေ နိုက်ကလပ်တွေ ကပွဲရုံကြီးတွေ တောထလို့ နေပါတယ်။ တရုတ်ပြည်ကလာပြီး ရောင်းဝယ် ဖောက်ကားသူတွေ မနည်းမနောပါပဲ။ ဒီ တံခါးဖွင့် စင်္ကြန်မှာ လာသူတွေ အများစုကတော့ ဟူနန်ပြည်နယ် ချန်တက်သားတွေ ဖြစ်ပါတယ်။ သေးသေးမွှားမွှား ကုန်ရောင်းကုန်ဝယ် လုပ်ကြသူတွေ အများစုက ယူနန်ပြည်နယ် ကျောက်တုန်းသားတွေ ဖြစ်ကြပါတယ်။
ဝ ပြည်နယ် ရုံးစိုက်ရာ ပန်ခန်း နဲ့ တဆက်တည်း ဆက်နေတာကတော့ ယူနန်နယ် စူးမောင်ဒေသ မုန်းလျိုင်က ရှမ်း၊ လားဟူ၊ ၀ တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ခရိုင်တွေဖြစ်ကြပါတယ်။ ၎င်းနေရာမှာ နေကြသူတွေက မုန်းလျိုင် ခရိုင်မြို့ အတွင်းပိုင်းက တရုတ်မြန်မာ နယ်စပ်ကို မုန်းလျိုင်ရဲ့ “ဟောင်ကောင်မြို့ငယ်လေး” လို့ အမွမ်းတင် ခေါ်ဝေါ်ကြပါတယ်။ နောက်ပြီး “စီးပွားရေးအထူးဒေသ” လို့လည်း ခေါ်ပြန်ပါသေးတယ်။ တစုံတယောက်က မုန်းလျိုင်မြို့ကို ရောက်ခဲ့ဖူးတယ် ဆိုပေမယ့် အကြင်သူသည် အဲဒီ တရုတ်မြန်မာ အမှတ် ၁ လမ်းမကို သွားရောက်ခဲ့ခြင်း မရှိဘူး ဆိုရင် ထိုသူသည် မုန်းလျိုင်ကို ရောက်ဖူးခြင်းမမည်ပေ။
တရုတ် မြန်မာ အမှတ် ၁ လမ်းမကြီးကို ၁၉၉၉ နှစ်ကုန်လောက်က ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။ အဓိက လာရောက် ရင်းနှီးမြှုပ်နှံတာက မြန်မာပြည်မ အတွင်းပိုင်းပါ။ အဲဒီထဲမှာ ၀ ညွန့်ပေါင်းတပ် ဒုစစ်ဦးစီးချုပ် လီကျုလူရဲ့ ရင်းနှီးထည့်ဝင်မှုက တ၀က်ကျော်တယ်။ (ရင်းနှီးငွေ သန်း တရာကျော်ရှိတယ်)
x x x x x
မုန်းလျိုင်ကို ကျော်ကာဖြတ်တော့ မုန်းအဆိပ်လမ်းကို ဆိုက်ရောက်ပါတယ်။ ဒါဆို ၀ပြည် နယ်နိမိတ်တွင်းကို ခြေချလိုက်ပါပြီ။ ကျနော်က ၁၄-၄-၂၀၀၂ နေ့မှာ ၀ပြည်နယ် ရုံးစိုက်တဲ့ ပန်ခန်းကို ရောက်သွားတဲ့ အခါမှာ ရှေးဦးဆုံး တွေ့မြင်လိုက်ရတာကတော့ ဘ၀ အခြေအနေ အင်မတန် သာယာ ဖြောင့်ဖြူးတဲ့ ဘ၀ အလှကလေးတွေပါပဲ။ အသက်အရွယ် ၁၀ နှစ် ၀န်းကျင် ရှိတဲ့ ကလေးအုပ်တွေက သိန်းသန်းတန်တဲ့ ခေတ်မီ ကားလှလှလေးတွေကို လမ်းမပေါ်မှာ လူးလာခေါက်တုန့် ဥဒဟို မောင်းနှင်နေကြတာကို တွေ့မြင်ကြရတယ်။ သင်္ကြန်ရေသဘင် (၁၃ ရက်နေ့-၁၆ ရက်နေ့ ထိုအရပ်ဒေသ တိုင်းရင်းသားတို့ ရေပက်ကြတဲ့ အခါတော်နေ့)ကို ပျော်ပျော်ပါးပါး ဆင်နွဲကြပါတယ်။ ဒီ ကြွယ်ဝ ချမ်းသာကြတဲ့ ကလေးသူငယ်တွေရဲ့ မိသားစုက တအားကို ချမ်းသာကြွယ်ဝကြတဲ့သူတွေ ဖြစ်တယ်။ ဒီ ချမ်းသာကြွယ်ဝမှုရဲ့ အရင်းခံက မူးယစ်ဆေးကနေ ဖြစ်ပေါ်လာတာတွေပါပဲ။ သူတို့တွေရဲ့ မိတ်ဆက်စကားတွေကပဲ သိလိုက်ရတဲ့ အချက်က ၀ ပြည်နယ်မှာ အသက် ၁၀ နှစ် ပြည့်ရုံလေးနဲ့ ကလေးသူငယ် တဦးတည်း မော်တော်ကား မောင်းနှင်နိုင်ခွင့် ရှိပါပြီ တဲ့။
သေနတ်တွေ ကျောမှာ လွယ်ပိုးထားတဲ့ ကလေးတွေကို လမ်းထိပ်တွေမှာ မကြာခဏပဲ တွေ့ရမြင်ရပါတယ်။ တချို့များဆိုရင် အသက် ၁၀ နှစ်တောင် မပြည့်သေးရှာ။ သူတို့လက်ထဲက ဆွဲကိုင်ထားတဲ့ သေနတ်လောက်တောင် အရပ်က မမြင့်သေးဘူး။ ၀ခေါင်းဆောင်တွေက ကျနော်တို့ကို အထူးတလည် သတိပေးစကား ပြောထားပါတယ်။ “သူတို့ကို တစက်ကလေးမှ သွားမထိနဲ့ (သွားမစနဲ့)နော်။ သူတို့က သဘောတူမယ် ဆိုရင်တော့ တမျိုးပေါ့။ မဟုတ်လို့ကတော့ဗျာ။ ယောင်လို့တောင် သွားပြီး ဓာတ်ပုံ မရိုက်လိုက်ပါနဲ့နော်။ ဒီချာတိတ် တပ်သားလေးတွေက တအားကို ကြောက်စရာကောင်းတာဗျ။ သူတို့က သူတို့တပ်စုမှူးစကားကိုပဲ နာခံကြတာဗျ။ တပ်စုမှူးက သူတို့ မျက်စိထဲမှာ အကြီးဆုံး စစ်ဗိုလ် အရာရှိကြီးပဲဗျ။ တပ်စုမှူးကသာ အမိန့်ပေးလိုက် သူတို့ ဘာကိုမှ စဉ်းစားမနေဘူး။ ချက်ချင်း လမ်းမပေါ်တင်ပဲ ပစ်သတ်ကြတာနော်”
ဝပြည်နယ် အမှတ် ၄ ပုဂ္ဂိုလ်ကြီး ဗိုလ်ချုပ် ကျောက်ဝံကွမ်းကလည်း ပြောပါတယ်။ “အဲဒီ ချာတိတ် တပ်သားလေးတွေပေါ့ဗျာ။ ဟိုး ရက်ပိုင်းတွေလောက်တုန်းက သူတို့ စောင့်ကြပ်တဲ့ ဂိတ်ပေါက်စခန်းတောင်ကို ဖြတ်ပါတယ်။ ဖြတ်သန်းခ ဂိတ်ကြေး ၁၀ ကျပ် ကောက်ယူတယ်ဗျို့။ ကျနော် သူတို့နဲ့ ဘာဘာညာညာတွေ ရှင်းမပြ၀ံ့ဘူခင်ဗျ။ ဟုတ်တယ်လေ။ အမှန်တော့ ကျနော်ဟာ သူတို့ရဲ့ အရာရှိရဲ့ အရာရှိရဲ့ အရာရှိကြီးလေဗျာ။ ဒါပေမယ့် သူတို့ ဒါတွေကိုမှ မသိကြတဲ့ ဥစ္စာပဲ။ ဟိုဟိုဒီဒီ သွားရှင်းပြနေလို့ကတော့ အပိုပေါ့ဗျာ။ သူတို့လေးတွေက တိုက်ပွဲမှာ အသက်ပေးလှူသွားကြတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ သားသမီးတွေလေဗျ။ အစိုးရက ဒီ မိဘမဲ့ တကောင်ကြွက်လေးတွေကို ပစ်မထားပါဘူး။ ခေါ်ယူကျွေးမွေး စောင့်ရှောက်ထားပါတယ်။ ခန့်မှန်းခြေ အယောက် တထောင်ကျော် ရှိတယ်။ ဒီလိုနဲ့ တပ်ထဲမှာ ခေါ်ထားပြီး တပ်ရိက္ခာတွေ ကျွေးထားပါတယ်ခင်ဗျ”
တပ်သားတွေ လမ်းတလျှောက်မှာ အပြည့်ပါပဲ။
စုတ်ပြတ်နေလောက်အောင် ဆင်းရဲမွဲတေမှုနဲ့ သုံးမကုန် ဖြုန်းမကုန်လောက်အောင် ကျိကျိတက် ချမ်းသာကြွယ်ဝမှု ဒီမျဉ်းနှစ်ကြောင်းက ဗရုတ်သုက္ခတိုက်ပွဲ ရှည်ကြာလှတဲ့ ဒီနေရာမှာ တချိန်တည်း တပြိုင်တည်း ပေါ်ထွန်းလာတယ်။ ပန်ခန်းက လူတွေက ကျနော့်ကို ပြပါတယ်။ “ဘိန်းရောင်းတဲ့ အိမ်တအိမ် ရှိတယ်ခင်ဗျ။ ရွှံ့ကြမ်း မြေထည်နဲ့ လုပ်တဲ့ ပန်းကန်လုံးထဲမှာ ထည့်ထားတာ တွေကတော့ဗျာ သာမန်ကာရှံကာ ဟင်းတွေ။ (အဲဒီနေရာက လူတွေက ချက်ရေးပြုတ်ရေးမှာ သိပ် မကျွမ်းကျင်လှဘူးခင်ဗျ) ဧရာမ ပန်းကန်လုံးကြီးထဲကတော့ တကယ့် အကောင်းစားအရက်ဗျ။ လူးဝစ် 13။ တကယ့် အကောင်းစားနော်။ တချီတည်း သောက်လိုက်ကြတာ ဆယ်ပုလင်း ကျော်တယ်ဗျိုး။ အဲဒီအိမ်ထဲမှာ အဲဒီလိုမျိုး အရက်တွေ သေတ္တာလိုက် သေတ္တာလိုက်ပါပဲ။ ဟော - နေ့လယ်ပိုင်း နေသာလာပြီလေ။ ဆာလာအိတ်ကြီးတွေ အတော်များတယ်ဗျ ဟိုး အိမ်ခေါင်မိုးပေါ်ကို ထမ်းတင်သွားကြတယ်။ အထဲက ဘာတွေလို့ ခင်ဗျား ထင်သလဲ။ ပိုက်ဆံတွေ ပိုက်ဆံတွေ ငွေစက္ကူ အထပ်လိုက် အထပ်လိုက်ကြီးတွေကိုးဗျ။ အစည်းလိုက် စည်းထားတာ ရင်မင်ဘီ ငွေစက္ကူအစည်းတွေဗျ။ များလွန်းတော့ သိမ်းထားရတာ မှိုတက်မှာ စိုးလို့ နေထုတ်လှမ်းကြတာ။ အဲဒီလိုမျိုး ရင်မင်ဘီ ငွေစက္ကူအိတ်ကြီးတွေ ခန်းလုံးပြည့်ပဲဗျိုး။ ခင်ဗျား မေးကောင်း မေးလိမ့်မယ် ဒါလောက် များပြားတဲ့ ငွေတွေကို ဘာကြောင့် ဘဏ်မအပ်သလဲပေါ့။ အဖြေကတော့ ကိုယ့်မှာ ဒါလောက်ရှိတာကို လူအသိမခံချင်လို့ပေါ့ဗျ။ ဘာကြောင့် ဆိုရင်ဗျာ ဒါလောက် ဆင်းရဲမွဲတေပါတယ် ဆိုတဲ့ ၀ပြည်နယ်မှာ ဖြုန်းခနဲ ၀ုန်းခနဲ သုံးမကုန် ဖြုန်းမကုန် ဖြစ်လာရတာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေလို့ပဲ ဆိုတာ သေချာနေတယ်လေဗျာ။ ဒီပိုက်ဆံတွေ ဘဏ်မှာ သွားအပ်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ကျုပ် မူးယစ်ဆေး လုပ်ပါတယ်ဗျိုးလို့ ထုတ်ဖော် ၀န်ခံသလို ဖြစ်မနေဘူးလားဗျာ။ နိုင်ငံတကာ လူ့ဘောင် အဖွဲ့အစည်းအသီးသီးက မူးယစ်ဆေး တိုက်ဖျက်နှိမ်နင်းရေးကို ပြတ်ပြတ်သားသား လုပ်နေပြီလေ။ ဒီတော့ မူးယစ်ဆေး ရင်းမြစ်ဌာနေက မူးယစ်ဆေးနဲ့ ပတ်သက်တဲ့သူတွေရဲ့ လှုပ်ရှားမှု အစမူလကတည်းက ဗြောင်တ၀က် ရှိုတ၀က်တွေ အားလုံး မြေအောက် ၀င်ပုန်းကုန်ကြပြီလေဗျာ။ နောက်ပြီးတော့လည်း နိုင်ငံတကာကရော တရုတ်ပြည်ကပါ မူးယစ်ဆေး ၀ရမ်းတွေထုတ်၊ ဘိန်းရာဇာကြီးတွေရဲ့ အမည်စာရင်းကိုလည်း တကမ္ဘာလုံး လူတွေအားလုံး သိသွားအောင် ဆိုပြီး သတင်းစာရော စာစောင်ရော နောက်ဆုံး အင်တာနက်မှာပါ ဟိုးလေးတကျော်ဖြစ် ထုတ်ပြန်ကြေညာလိုက်တယ်ဗျ။ နောက်ပြီး အဲဒီလူတွေထဲက အတော်များများ ဇာတ်သိမ်းမလှတာတွေကိုပါ ကြားနေ တွေ့နေကြရတယ်လေဗျာ။ ခု ဒီ မူးယစ်ဆေးက ကမ္ဘာ့ဘုံရန်သူကြီး ဖြစ်နေပြီဗျ။ ဒီတော့ ဒီ ဘိန်းရစ်မြစ်ဒေသက ဒီလုပ်ငန်းနဲ့ မကင်းကြတဲ့သူတွေဟာ ကြွက်စုတ်တွေလိုပဲ မှောင်မည်းနေတဲ့ မြေတွင်းထဲမှာ ပုန်းလျှိုးကွယ်လျှိုး ပုန်းအောင်းနေကြရတယ်။ နေကို မမြင်ကြရဘူးဗျ”
ဝပြည်နယ် ညွန့်ပေါင်းအဖွဲ့ရဲ့ ၁၀ နှစ်မြောက် အထိမ်းအမှတ် မဂ္ဂဇင်း ကျောဖုံးအတွင်းပိုင်း ရုပ်ပုံကားချပ်ရဲ့ အောက်မှာ ၀ တိုင်းရင်းသူ သမီးပျိုလေးဟာ အပြန့်ကျယ်ပြောလှတဲ့ အင်မတန် လှပတဲ့ ပေါ်ပီပန်းကြီးထဲမှာ ပြုံးပြီး ရပ်နေတယ်။ ဒါဟာ ၀ တိုင်းရင်းသားတွေက ဘိန်းရဲ့ သပွတ်အူလှိုက် ရှုပ်ထွေးမှုအပေါ် သံယောဇဉ်တွယ်နေတယ် ဆိုတာကို ကိုယ်စားပြုနေသလို ဖြစ်နေပါတယ်။ ပုံကားချပ်က ၀ တိုင်းရင်းသားတွေက ဘိန်းစိုက်ပျိုးမှုအပေါ် ဟောဒီလို မြင်နေတာမျိုး ဖြစ်နေပါတယ် “လှပတင့်တယ်ပါတဲ့ ပန်းပေါ်ပီ မူလဇစ်မြစ်က ဆေးပင်ပါ။ ဆင်းရဲမွဲတေလှတဲ့ ၀ ပြည်သူတွေ ဘ၀ အသက်ရှင်ရေးအတွက် ပေါ်ပီကိုစိုက်၊ ဘိန်းကို ရိတ်သိမ်းကြရတာ။ စားဝတ်နေရေး လိုအပ်တာတွေနဲ့ ဖလှယ်ကြရတာ” ဒီစကားတခွန်းက လူတွေကို ရှင်းလင်း ပြောပြလိုက်တဲ့ အနက် အဓိပ္ပာယ်က - ပေါ်ပီပင်ဟာ ဆင်းရဲမွဲတေတဲ့ ဒေသ ဥပမာ ၀ပြည်နယ် ပြည်သူလူထု ဆင်းရဲတွင်းက ကျွတ်လွတ်ရမယ့် စိုက်ပျိုးသီးနှံဖြစ်ပါတယ်။ ဒေသခံတွေရဲ့ မျက်စေ့တွေမှာ မြင်နေတာက “ဘိန်းပင် စိုက်ပျိုးတဲ့ လုပ်ငန်းက တရုတ် တောင်သူလယ်သမားတွေ ကောက်နှံစပါး စိုက်ပျိုးတာနဲ့ ထူးမခြားနား အတူတူပါပဲ” ကဲ - သူတို့ရဲ့ အမြင်က ဒီလိုတွေ၊ အထင်တွေက ဒီလိုတွေ ရှိနေကြပါတယ်။
၉-၃-၁၉၉၄ မြန်မာ့ရုပ်သံ သတင်းဌာနကနေ သတင်းတပုဒ် ထုတ်လွှင့် ပြသခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာ ထိုစဉ်က ဟီးရိုးအင်း ထုတ်လုပ်တဲ့ စက်ရုံကို ဖျက်ဆီးလိုက်တယ် ဆိုတဲ့ သတင်းပါ။ လူတွေ စိတ်ဝင်စားစရာ ဖြစ်သွားရတာက အဲဒီအကြောင်း ရှင်းလင်းပွဲကို တက်ရောက်တာက ၀ ခေါင်းဆောင် ကျောက်နီလိုင်ပေါ့။ ရိုးရိုးသားသား သူ့ချည်းပဲ မဟုတ်သေးပါ။ သူ့ဘေးမှာ ရှိနေတဲ့ အမေရိကန်နိုင်ငံ မူးယစ် ဆေးဝါး ပစ္စည်း တိုက်ဖျက် နှိမ်နင်းရေးဗျူရို (DEA) ရဲ့ အရာရှိကြီးရယ်၊ မြန်မာနိုင်ငံအခြေစိုက် ဂျပန်သံရုံးရယ်၊ ကုလသမဂ္ဂ မူးယစ်ဆေး ကုန်ပစ္စည်း ထိန်းချုပ်ရေး ဗျူရို (UNDCP) ရဲ့ ကိုယ်စားလှယ်တို့ ဖြစ်ကြပါတယ်။ အဲဒီပြကွက်ပြီးလို့ ပြီးစီးသွားတာနဲ့ ဆက်ပြီး ပြသတဲ့ သတင်း ပြကွက်က ထိုနှစ် ဒီဇင်ဘာတုန်းက ခွန်ဆာကို ထိုးစစ်ဆင်တာပဲ ဖြစ်တယ်။ ဒီတချီ ပြသရတာက အကြောင်း ရှိသလိုလို မရှိသလိုလိုနဲ့ မြန်မာအစိုးရရဲ့ မူလ ကတည်းက အရမ်းကို ထင်ရှားပြီး လျှို့ဝှက် နက်နဲတဲ့ ဇာပုဝါမျက်နှာဖုံးကို ခွာချလိုက်တာပဲ ဖြစ်တယ်။ ၀ ပြည်နယ် ညွန့်ပေါင်းတပ်ဖွဲ့ နဲ့ ဟီးရိုးအင်း ထုတ်လုပ်မှုက ဆက်သွယ်မှု ရှိနေတယ် ဆိုတာကို တိုက်ရိုက် ထောက်ပြလိုက်တာပဲ ဖြစ်ပါတယ်။
ဝ ညွန့်ပေါင်းတပ်ဖွဲ့ တောင်ပိုင်း စစ်ဒေသ လို့လိုင် ကနေ စန်းစောက် တောင်ကြောအထိပါပဲ။ အရှည် ကီလိုမီတာ ၂၀၊ အနံ ကီလိုမီတာ ၁၂-၁၅ ရှိပြီး တောင့်တင်းခိုင်မာတဲ့ စစ်စခန်းကို ဆောက်လုပ်ထားပါတယ်။ အထူး ခေတ်မီ ကောင်းမွန်တဲ့ လက်နက်တွေ တပ်ဆင်ထားတဲ့ တပ်အင်အား ၄၅၀၀-၆၀၀၀ ကို အစောင့်ချထားပါတယ်။ ဒီတပ်သား အားလုံးဟာ အထူး လေ့ကျင့်ပေးထားသူတွေ ဖြစ်ပါတယ်။ တပ်စခန်း သင်တန်းကျောင်းနဲ့ စစ်ရေးလေ့ကျင့်မှုစခန်းကို အင်မတန် ပြောင်မြောက်တဲ့ကွင်း စက်ဝိုင်းသဏ္ဌာန် ကာကွယ်ရေးစည်း ချပြီး ကာကွယ်စောင့်ရှောက်ထားပါတယ်။ တပ်ဖွဲ့ ပြည့်ပြည့်စုံစုံ တပ်ဆင်ထားတဲ့ လက်နက်တွေထဲမှာ ၇၅ မီလီမီတာ နောက်ပွင့်အမြောက်၊ ၁၂၀ မီလီမီတာ စိန်ပြောင်း၊ ၁၂.၇ မီလီမီတာ လေယာဉ်ပစ် စက်အမြောက် နဲ့ Sam-7 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တွေကို ကမ္ဘောဒီးယားကနေ ၀ယ်ထားပါတယ်။ ၀ ညွန့်ပေါင်းတပ် စီရင်စုနယ်အတွင်း တပ်စခန်းတွေ အသီးသီး တပ်သားသစ် အများအပြား စုဆောင်းပါတယ်။
၁၉၉၄ ဖေဖော်ဝါရီလ တပ်သားသစ် ၈၀၀ ခန့် လို့လိုင်မှာ စင်သင်တန်း တက်ကြပါတယ်။ သင်တန်းဆရာက ထိုင်ဝမ် လာတာပါ။ ဒီနေရာမှာ ကျောင်းတွေ အတော်များများ ဖွဲ့စည်း တည်ဆောက်လိုက်ကြတယ်။ ဒါဟာ အတိတ် ၆၀-၇၀ ခုနှစ်တုန်းက ကူမင်တန် ပါတီ ကြွင်းကျန် တပ်ဖွဲ့တွေ လက်ထက်တုန်းက တည်ဆောက်ခဲ့တာမျိုးကို တထေရာတည်း ပြန်လည် ဖော်ဆောင်လိုက်တာ ဖြစ်ပါတယ်။ မြန်မာအစိုးရကလည်း ဒီစစ်စခန်းတွေ ရှိမှန်း သိရှိထားပါတယ်။ အပစ်အခတ် ရပ်စဲရေး ကာလ တလျှောက်လုံး သူတို့နဲ့ ၀ ညွန့်ပေါင်းတပ်တို့ ဒီနေရာက ကာကွယ်စောင့်ရှောက်ရေး အားလုံးကို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြတာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး အစည်းအဝေး စစ်တမ်းမှာ - ၎င်းဒေသမှာ
မူးယစ်ဆေး မွမ်းမံ ထုတ်လုပ်တဲ့ စက်ရုံပေါင်း ၁၀၀ ကျော် ရှိပြီး ဟီးရိုးအင်း၊ မော်ဖီးယား၊ စိတ်ကြွရူးသွပ်ဆေး အစရှိတာတွေ ထုတ်ပါတယ်။ စိတ်ကြွဆေးကို နှစ်စဉ် အလုံးပေါင်း သန်း ၂၀၀ အထိ ထုတ်ပါတယ်။ ၀ တပ်ဖွဲ့က ထုတ်လုပ်တဲ့ စိတ်ကြွဆေးက လိမ္မော်နီရောင် ဖြစ်ပြီး WY အမှတ်တံဆိတ်ခတ်ထားပါတယ်။ ရွှေတြိဂံက ထုတ်လုပ်သမျှ စိတ်ကြွဆေး အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကို ၀ တပ်ဖွဲ့က ထုတ်တာပါ။ ခွန်ဆာ့ အကြွင်းအကျန်တပ်က ထုတ်တဲ့ စိတ်ကြွဆေးက မရမ်းရောင် ဖြစ်ပြီး 99 တံဆိပ် ရိုက်နှိပ်ထားပါတယ်။ ရွှေတြိဂံ ထုတ်လုပ်မှုရဲ့ ၃၀ ရာခိုင်နှုန်းပါ။ ကျန်တာကို မူးယစ်ဆေးအုပ်စုငယ်အသီးသီးက သောကောရောကော တံဆိပ်တွေနဲ့လည်း ထုတ်ကြပါတယ်။
ရွှေတြိဂံမူးယစ်ဆေးတွေကို လမ်းအသွယ်သွယ်ကနေ ဥပဒေမဲ့ ဥရောပ၊ အမေရိက နဲ့ ကမ္ဘာအရပ်ရပ်ကို ပို့ကြပါတယ်။ လမ်းကြောင်းတကြောင်းက မြန်မာပြည် အတွင်းပိုင်းဆီ စီးဝင်သွားပြီး ရန်ကုန်ကို ဖြတ်ပြီး ပြည်ပကို ထုတ်ယူတဲ့ လမ်းကြောင်းပါ။ နောက်တကြောင်းက မြန်မာနယ်စပ်ကနေ လောနိုင်ငံထဲ စီးဝင်သွားတယ်၊ တဖန် ဗီယက်နမ်အထဲ ၀င်သွားပြီး ဟိုချီမင်းမြို့ကို ဖြတ်၊ အဲဒီကနေ ပြည်ပ ပြန်ထွက်တယ်။ တတိယလမ်းကြောင်းက ထိုင်းမြန်မာနယ်စပ်ကနေ ထိုင်းနိုင်ငံထဲ စီးဝင်သွားတယ်။ တဖန် ဘန်ကောက်ကနေ ကမ္ဘာ့နေရာအသီးသီးဆီ ပျံ့နှံ့သွားတယ်။ ဥရောပ အမေရိကမှာ မူးယစ်ဆေး ဈေးနှုန်းက အရမ်းကို ကောင်းတာ။ စိတ်ကြွဆေး အများအပြားက ထိုင်းမြန်မာ နယ်နိမိတ်ကနေပြီး တောင်ဘက်ကို ဆင်းချသွားတယ်။ ပင်လယ် လမ်းကြောင်းကနေ အမေရိကန် နဲ့ ဥရောပ ဈေးကွက်ထဲ ပျံ့နှံ့ စီးဝင်သွားတယ်။
မူးယစ်ဆေး ၀ယ်လိုအားက ၀ုန်းခနဲ ၀ုန်းခနဲ ထိုးထိုးတက်နေချိန် ၀ တပ်ဖွဲ့ ခေါင်းဆောင်တွေ၊ တောင်ပိုင်း စစ်ဒေသ တပ်မှူးကြီး ဝေရှောက်ခန်းက ခွန်ဆာ့နေရာ အစားထိုး ၀င်လာချေပြီ။ အပြည်ပြည်ဆိုင်ရာ ထိပ်တန်း ဘိန်းရာဇာကြီး ဖြစ်သွားချေပြီ။ ခွန်ဆာရဲ့ တန်ဘိုးချင်း တူညီနေတဲ့ အမေရိကန်ဒေါ်လာ ၂ သန်း နဲ့ ဝေရှောက်ခန်းကို ဖမ်းဖို့ ၀ရမ်းထုတ်လိုက်တယ်။ ဝေရှောက်ခန်းက ၀ လူမျိုးပါ။ အစ်ကိုကြီး ဝေရှောက် - - ၊ တတိယညီငယ် ဝေရှောက်သန်တို့နဲ့အတူ မူလ အရင်းခံက ခွန်ဆာ့ လက်အောက်ခံ ဂိုဏ်းသားတွေ ဖြစ်ကြတယ်။ ၁၉၉၅ မှာ ခွန်ဆာနဲ့ ကွဲပြဲပြီး ၀ ညွန့်ပေါင်းထဲ ပူးပေါင်းလိုက်တယ်။ ၀ နယ် ကိုယ်ပိုင်အုပ်ချုပ်ရေးကို တည်ထောင်လိုက်တယ်။ ဝေရှောက်ခန်းက မူးယစ်ဆေး အမြတ်အစွန်း ငွေမည်းတွေကို ဖြူဖွေးအောင် ဆေးကြောလိုက်တယ်။ တာချီလိတ် အစရှိတဲ့ မြို့တွေမှာ များပြားလှတဲ့ လုပ်ငန်းမျိုးစုံ ကုမ္ပဏီကြီးတွေ ဖွင့်ထားပါတယ်။ သတင်းထောက်က ဒါနဲ့ စပ်လျဉ်းပြီး မေးစမ်းကြည့်လိုက်တော့ အဲဒီဒေသက အရာရှိတွေက ရှင်းပြပါတယ်။ - “သူနဲ့ခွန်ဆာ တူတူပါပဲဗျာ။ ခု သူ လုပ်ငန်းတွေ လှည့်ပြောင်းလိုက်ပြီလေ။ မူးယစ်ဆေး မလုပ်တော့ဘူး။ သမ္မာအာဇီဝဘက်ကို ပြောင်းသွားပြီ”
၁၂-၃-၂၀၀၁။ ထိုင်း ကြည်းတပ် စစ်ဦးစီးမှူး ဗိုလ်ချုပ်ကြီး ဗွန်အောင်က မူးယစ်ဆေးဝါး ပြဿနာရပ် အစည်းအဝေးမှာ ထောက်ပြသွားပါတယ်။ - ၀ပြည်နယ်စစ်တပ်က ၀ လူမျိုး အလုံးအရင်းကို ရွှေ့ပြောင်းကြတယ်။ တောင်ဘက်ပိုင်း ထိုင်းမြန်မာ နယ်နိမိတ်တွေဆီကို ပြောင်းရွှေ့ခိုင်းလိုက်တယ်။ ဗိုလ်ချုပ်ကြီး ဗွန်အောင် ပြောတာက “၀လူမျိုး ၂ သိန်းကို ဒီနှစ်အတွင်း ထိုင်းမြန်မာ နယ်နိမိတ်ဆီကို ပြောင်းရွှေ့ကြဖို့အတွက် ၀ တို့ မျှော်လင့်ထားကြတယ်။ သူတို့ရဲ့ စားဝတ်နေရေး ပြေလည်စေဖို့အတွက် ရေခဲ (ice) လို့ ခေါ်တဲ့ မူးယစ်ဆေး ထုတ်လုပ်လုပ်မှုက မနှစ်က အလုံးရေ သန်း ၅၀၀ ကနေ သန်း ၇၀၀ တိုးတက်သွားတယ်။ ၁၉၉၉ က အစပြုပြီး ကနေ့အထိ ၀ လူမျိုး ငါးသောင်းက မြန်မာနဲ့ဝတွေပြောလေ့ရှိတဲ့ တောင်ပိုင်းဒေသဆီကို ရွှေ့ပြောင်းသွားကြတယ်။ ဒါ့အပြင် ထိုင်းကို ရေခဲ မူးယစ်ဆေး ထုတ်လုပ်မှု စွမ်းအားကလည်း ၄ ဆ မြှင့်လာပါတယ်”
x x x x x
Monday, May 24, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment