အပိုင်း (၅) မျှော်မှန်းချက် ပျက်ယွင်း ပြုတ်ကျခြင်း
မြန်မာပြည်မြောက်ပိုင်း နယ်မြေဒေသ ၄ ခု ဆိုတာက တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တို့ရဲ့ နယ်မြေဒေသ ဖြစ်ပါတယ်။ အမှန်တကယ်တော့လည်း ကနေ့ မြန်မာပြည် မြောက်ပိုင်း ဆိုတာကလည်း သူတလူ ငါတမင်း နယ်မြေတွေကို ခွဲခြမ်းကြပြီး သိမ်းပိုက် အုပ်စိုးကြတဲ့ အင်အားစုတွေရဲ့ ပုံစံငယ်စားတွေပါပဲ။ နောက်ပြီးတော့လည်း သက္ကရာဇ် ၂၀၀၂ ခုနှစ် နွေဦးမှာ နိုင်ငံတကာ လူ့ဘောင် အသီးသီးတို့ရဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင် ရှုံ့ချတဲ့ မြန်မာပြည် မြောက်ပိုင်း ဘိန်းထွက်ရှိရာ ဒေသလည်း ဖြစ်နေပါတယ်။
နှစ်ကာလ ရှည်ကြာစွာ တိုက်ပွဲတွေ ဖြစ်နေကြတယ်။ အင်အားစု အသီးသီးရဲ့ စစ်သုံးစရိတ်က ကြာလေ ကြာလေ ပြဿနာ ၀န်ထုပ်ကြီး ဖြစ်လာလေပါ။ အထူးသဖြင့် ၈၀ ကာလ သမိုင်း နိုင်ငံတ၀ှမ်းလုံးမှာ ကြီးမားတဲ့ အပြောင်းအလဲကြီးတွေ ပေါ်ပေါက်ပြီးတဲ့နောက်ပိုင်း စည်းကမ်း ဥပဒေသတ်တွေက ရှုတ်သထက် ရှုတ်ထွေးလာပါတယ်။ နောက်ဆုံး နိဂုံးချုပ်လိုက်တော့ ဘိန်းရောင်းဝယ် ဖောက်ကားခြင်း ဆိုတဲ့ ပိတ်ဆို့နေတဲ့ လမ်းကို အတင်း အရဲစွန့် ထိုးဖောက်တာကိုပဲ လုပ်လိုက်ရလေတယ်။ မူးယစ်ဆေးဝါးက ရတဲ့ ကြီးမားလွန်းတဲ့ အမြတ်အစွန်းက အဆင့်မြင့် အရာရှိ အရာခံ အများအပြားရဲ့ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်က အဆမတန် ကြီးမားလွန်းနေပါတယ်။ ဒီတော့လည်း ရွှေငွေ ကိုးကွယ်ရေး ၀ါဒသမားတွေ ဖြစ်ကုန်ကြလေတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ ရွှေတြိဂံမှာ တည်ရှိခဲ့တာ အရေးပါ အရာရောက်တဲ့ နိုင်ငံရေး အင်အားတရပ် အနေနဲ့ တည်ရှိခဲ့ဖူးတာပါ။
၁၉၂၀ ပြည့်နှစ် ဧပြီလ။ ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တပ်မတော်က မြောက်ခ၀ါတောင်တန်း မုန်းမောက်ကို တိုက်ခိုက် သိမ်းပိုက်လိုက်တယ်။
၁၉၂၀ နိုဝင်ဘာ ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တပ်မတော်က တရုတ်ပြည် ယူနန်ပြည်နယ် ၀မ်တိမ်း နဲ့ တံတားတိုတိုလေး တခုသာ ခြားထားတဲ့ ပန်ဆိုက်ကို သိမ်းပိုက်လိုက်ပြန်တယ်။ တချိန်တည်းမှာပဲ တရုတ်ပြည် ရွှေလီရဲ့ မျက်နှာချင်းဆိုင်က ဆယ်လန့် အစရှိတဲ့ ရွာတွေကို သိမ်းလိုက်ပြန်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ယူနန် လုစီးခရိုင် မန်ဟိုင်မြို့လေးရဲ့ နယ်နိမိတ် အပြင်ဘက်က မုန်းရှူးမှာ အခြေစိုက်ဒေသ လုပ်ပစ်လိုက်တယ်။ ဗကပ မြောက်ပိုင်း ဌာနခွဲကို ဒီနေရာမှာ တည်ထားလိုက်တယ်။ နောက်ပိုင်း ကိုးကန့် ထိန်းချုပ် ဖြစ်သွားပါတယ်။ သိပ်မကြာခင်မှာပဲ ၀ တိုင်းရင်းသား အဖွဲ့ ရုံးစိုက်မြို့ ပန်ခန်းမှာ ဗကပ အရှေ့မြောက် စစ်ဒေသ ဖွဲ့စည်းလိုက်ပါတယ်။ လင်းထျိုင်က ဦးစီးအဖွဲ့ဝင်အဖြစ် ထမ်းဆောင်ပါတယ်။ (နောက်ပိုင်းမှာ ကျောက်မိန်က တာဝန် ဆက်ခံပါတယ်) ဒုတိယ ဦးစီးချုပ်က ကိုးကန့်က ဖုန်ကျားရှင် ဖြစ်တယ်။ ဖုန်ကျားရှင်ရဲ့ ညီ ဖုန်ကျားဖုက အရှေ့မြောက် စစ်ဒေသ အမှတ် ၂ တပ်မဟာ တပ်မဟာမှူးအဖြစ် ထမ်းရွက်ပါတယ်။ ထိုတုန်းက ဗကပ ပြည်သူ့တပ်မတော် အရှေ့မြောက် စစ်ဒေသ လှုပ်ရှားမှု အများစုက မြောက်ပိုင်း ၀၊ ကိုးကန့်၊ မုန်းရှူး၊ ကျင်ပေ၊ ပန်ဆိုက်၊ ကွတ်ခိုင် အစရှိတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။
၁၉၉၁ နိုဝင်ဘာလ။ ဗကပ ပြည်သူ့စစ် အရှေ့မြောက်ပိုင်း စစ်ဒေသနဲ့ ကိုးကန့်၊ ပန်ဆိုက်၊ မြောက်ပိုင်း ၀ စတဲ့ နယ်မြေ ခရိုင်တပ်ဖွဲ့ကြီး လှုပ်ရှားကြတဲ့ တပ်အင်အားစုစုပေါင်း ၃၀၀၀ ကျော် ရှိပါတယ်။ မြန်မာအစိုးရတပ် စိုးမိုးထားတဲ့ မြန်မာပြည် မြောက်ဘက်က အရေးပါတဲ့ ကွန်းလုံမြို့ကိုပါ ထိုးစစ် ဆင်ပါတယ်။ ကွန်းလုံတိုက်ပွဲဟာ မြန်မာအစိုးရတပ်နဲ့ ၄၂ ရက်ကြာ သူသေကိုယ်ကြေ အပြင်းအထန် တိုက်ကြရတဲ့ တိုက်ပွဲပါ။ ကွန်းလုံကို မသိမ်းပိုက်နိုင်ပေမယ့်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင် အဖွဲ့ကြီးရဲ့ တကယ့် အင်အားကို ပြသနိုင်ခဲ့တဲ့ပွဲဖြစ်တယ်။ အစိုးရတပ်ရဲ့ တပ်သား အင်အားရော စစ်စရိတ်တွေကိုပါ အလုံးအရင်း ရှင်းပစ်နိုင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် ဗကပ ပြည်သူ့ တပ်မတော်က မြောက်ပိုင်း ခ၀ါတောင်တန်းကို တိုက်ခိုက် သိမ်းပိုက်လိုက်တယ်။ ပန်စွမ်း၊ ပန်ယန်းတို့ကို သိမ်းလိုက်တယ်။ ပန်စွမ်း (ကနေ့ ၀ အဖွဲ့အစည်း ရုံးစိုက်မြို့ ပန်ခန်း)ဟာ ထိုတုန်းက ဗကပ ဗဟိုကော်မတီ အခြေစိုက်စခန်း ဖြစ်ပါတယ်။ ဗကပ ထိပ်တန်းခေါင်းဆောင် သခင်ဗသိန်းတင်၊ ရန်းကွမ်း၊ လင်းကျိုင်း၊ ယီကျဲန့်၊ သခင်ဖေသိန်း အစရှိတဲ့သူတွေ ပဲခူးရိုးမတောင်တန်း အစရှိတဲ့ နယ်မြေတွေကနေ စွန့်ခွာပြီးတဲ့နောက် ပန်စွမ်းကို ၀င်ရောက်လာကြတာ ဖြစ်တယ်။ ဗကပတို့ ပန်စွမ်းမှာ ဗဟိုကော်မတီ ရုံးစိုက်လိုက်တာနဲ့ မြန်မြန်ဆန်ဆန်ပါပဲ အဲဒီ အခြေစိုက်စခန်းကနေပြီး ပြင်ပကို ရေဒီယို အသံလွှင့်ရုံ တည်ဆောက်ပြီး စတင် ၀ါဒဖြန့် အသံလွှင့်လေတော့တယ်။ တချိန်တည်းမှာပဲ အနီးကပ် အသစ် စိုးမိုးလိုက်တဲ့ မိုင်းလားဒေသမှာ ပြည်သူ့တပ်မတော် “8.15” စစ်ဒေသကို ဖွင့်လှစ်လိုက်ပါတယ်။ လင်းမိန်စင့်က ဦးစီးချုပ်အဖြစ် ဆောင်ရွက်ပါတယ်။ သူက ဖုန်ကျားရှင်ရဲ့ သားမက် ဖြစ်ပါတယ်။ တရုတ်ပြည် ဟိုင်နန်ကျွန်းက လာတဲ့ တရုတ် ပညာတတ် လူငယ်ပါ။ ထိုတုန်းက သူ့အသက်က ၃၀ ကျော်ရုံလေးရယ်။ ၎င်းနယ်မြေကို ပိုင်းခြားထားတဲ့ မိုင်းလား ဗဟိုအခြေစိုက် နယ်မြေနဲ့ နီးကပ်တဲ့ တောင်ပိုင်းက တရုတ်ပြည် မုန်းဟိုင်ခရိုင် တာလို့ ဆိပ်ကမ်း ၀ နယ်နိမိတ် အပြင်ဘက်မှာ ရှိပါတယ်။ အခုတော့ မြန်မာနိုင်ငံ အထူးဒေသ ၄ ဖြစ်ပါတယ်။
အဲဒီအချိန်အထိ ရှမ်းပြည်နယ်ကနေ ကချင်ပြည်နယ်ရဲ့ တစိတ်တပိုင်း နယ်မြေတွေ၊ သံလွင်မြစ် အထက်ပိုင်း မြစ်ဝှမ်းက ကျယ်ပြန့်တဲ့ နယ်မြေတွေဟာ ဗကပ နဲ့ တခြား လက်နက်ကိုင်တပ်တွေ ချုပ်ကိုင်ထားကြပါတယ်။ ထိုတုန်းက အကြမ်းဖျဉ်းအားဖြင့် လက်တွေ့ကျကျ စိုးမိုး ချုပ်ကိုင်ထားတဲ့ မျဉ်းက ကျိုင်းတုံမြောက်ဘက် ဒေသကို ဗကပ တပ်က စိုးမိုးထားပါတယ်။ ကျိုင်းတုံ တောင်ပိုင်း နယ်မြေကို မြန်မာအစိုးရတပ်ရယ် နောက်ပိုင်း ဘိန်းရာဇာ လို့ ကျော်ကြားတဲ့ လော်စစ်ဟန်ရဲ့ ကာကွယ်ရေး တပ်ဖွဲ့ရယ်၊ ခွန်ဆာ ရှမ်းအမျိုးသားတပ်ဖွဲ့ရယ်၊ မောရှမ်းတိုင်းရင်းသား တပ်ဖွဲ့ရယ်၊ ၀ တိုင်းရင်းသား မဟာစန်း တပ်ဖွဲ့တွေ အသီးသီး ပိုင်းခြား စိုးမိုးကြပါတယ်။
ကိုးကန့်နယ်မြေကို ၁၉၉၂ ကတည်းက ဗကပ လွတ်မြောက်နယ်မြေရဲ့ အဓိကကျတဲ့ အခြေစိုက်ဒေသ ဖြစ်နေပါတယ်။ ကိုးကန့်ခရိုင်ရဲ့ တည်ရှိမှု ပုံစံက ၇၀ ခုနှစ်တုန်းက ဗကပ အုပ်ချုပ်နယ်မြေရဲ့ ပုံရိပ်တခုပါပဲ။ ကိုးကန့်နယ်မြေကို ခရိုင်၊ ဒေသ၊ ရွာကြီး၊ ရွာငယ် အဆင့် လေးဆင့် ပိုင်းခြား အုပ်ချုပ်ပါတယ်။ ခရိုင်မှူး၊ ဒေသမှူး၊ ရွာသူကြီး၊ ကျေးလက်တောရွာ ရွာသူကြီး ခေါင်းဆောင် အဆင့်လေးဆင့် ပိုင်းထားပါတယ်။
၁၉၆၈ - ၁၉၇၂။ ဖုန်ကျားရှင်က ခရိုင်မှူးတာဝန်ကို တွဲဘက် ထမ်းဆောင်တယ်။ ခရိုင်အတွင်းမှာ အုပ်ချုပ်ရေး ယန္တယားကြီး ၃ ခု ပိုင်းခြားထားပြန်တယ်။ ဒါတွေကတော့ နိုင်ငံရေး၊ နိုင်ငံရေးနှင့် ဥပဒေရေးရာ၊ ဘဏ္ဍာရေးတို့ ဖြစ်ကြပါတယ်။ နိုင်ငံရေးဌာနက ၀ါဒဖြန့်ချိရေးကို တာဝန်ယူရပါတယ်။ နောက်ပြီး စည်းရုံးရေးလုပ်ငန်းလည်း လုပ်ရပါတယ်။ နိုင်ငံရေးနှင့် ဥပဒေရေးရာဌာနက တရားရေးရာကို တာဝန်ယူရပါတယ်။ တရားဥပဒေရေးရာကို ဆောင်ရွက်ရာမှာ သေဒဏ် ချမှတ်ပိုင်ခွင့် နဲ့ ထောင်ဒဏ် တသက်တကျွန်း ချပိုင်ခွင့် အာဏာပါ ရှိပါတယ်။ ဘဏ္ဍာရေး ဌာနက အခွန်အတုတ်တွေ ကောက်ခံရပါတယ်။ အခွန်ဌာနတွေ ဆောက်လုပ်ရပါတယ်။ လူအင်အား ၅၀၀ ကျော်တဲ့ တပ်ဖွဲ့ တဖွဲ့က ခရိုင်တပ်ဖွဲ့ကြီး ဖြစ်တယ်၊ ကိုယ့်နယ်မြေဒေသလုံခြုံရေးကို ကာကွယ် စောင့်ရှောက်ရပါတယ်။
၁၉၉၃ မှာ ဗမာ တိုင်းရင်းသား ရီကျဲန့်က ဦးဆုံး ကိုးကန့်ခရိုင် ကော်မတီ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ပါတယ်။ ၁၉၉၅ မှာ ရီကျဲန့် အရှေ့မြောက်ပိုင်း စစ်ဒေသ ဦးစီးမှူးအဖြစ် ပြောင်းရွှေ့ ထမ်းဆောင်ပြီး စွတ်ချွမ်းပြည်နယ်သူ လူငယ်ပညာတတ် ဟွမ်ဝန်လန်က ဆက်လက်ပြီး ကိုးကန့်ခရိုင် ကော်မတီ အတွင်းရေးမှူး ဖြစ်လာပါတယ်။ အဲဒီ မြန်မာလူမျိုး စောမိုးဝေ ရဲ့ ဇနီး ဖြစ်တဲ့ စွတ်ချွမ်းသူဟာ ၁၉၈၉ ခုနှစ် ဗကပ ပျက်သုဉ်းသွားတဲ့အထိ တာဝန်ကို တောက်လျှောက် ထမ်းဆောင်သွားပါတယ်။ ၎င်းဒေသက လူတွေ ယုံကြည် အားထား လေးစားခံရသူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကိုးကန့် ဘိန်းရာဇာကြီး ရန်းညီနောင်တွေထဲက ရန်းမောက်လျံက ထိုစဉ်က ကိုးကန့် ဒေသ ဒုခရိုင်မှူးအဖြစ် ထမ်းဆောင်ပါတယ်။ သူ့ရဲ့ညီ ရန်းမောက်အန်းက ရှေ့နောက် ၄ ကြိမ် ကိုးကန့်ခရိုင်ရဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ထမ်းဆောင်ပါတယ်။ ကွတ်ခိုင်၊ ပန်ဆိုင်း၊ မြောက်ပိုင်း ၀၊ မုန်းရှူး အစရှိတဲ့ ခရိုင်တွေမှာလည်း အများအားဖြင့် ကိုးကန့်ခရိုင် တည်ဆောက်တဲ့ ပုံစံအတိုင်းပဲ ဆောင်ရွက်ပါတယ်။ လက်ရှိ ၀ အဖွဲ့အစည်း ညွန့်ပေါင်း ပါတီ အတွင်းရေးမှူးချုပ် ကျောက်နီလိုင်က ထိုတုန်းက ဗကပ အရံ ဗဟိုကော်မတီဝင် ဖြစ်ပါတယ်။ မြောက်ပိုင်း ၀ ခရိုင်မှူးလည်း ဖြစ်တယ်။
လွယ်ကူရှင်းလင်းတဲ့ ကလောင်တံတို့ မင်ရည်တို့နဲ့ မူလ ဗကပ တပ်ဖွဲ့ရဲ့ အနေအထားကို တချက်လောက် စီကုံး ရေးသားကြရအောင်။ ဗကပ အစည်းပြေပြီးတဲ့နောက် မြန်မာနိုင်ငံ မြောက်ပိုင်း လွတ်လပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၄ ခု ရဲ့ ပိုင်းခြားထားတဲ့ အင်အား အကြောင်းခြင်းရာကို သဘောပေါက် နားလည်ဖို့ အတော့်ကို အထောက်အကူပြုပါလိမ့်မယ်။ အထက်မှာ ပြောခဲ့ပြီးတဲ့အတိုင်း မြန်မာနိုင်ငံ မြောက်ပိုင်း နယ်မြေ ဒေသ ၄ ခုက ဗကပ လက်နက်ကိုင်အဖွဲ့ ဆိုတာက တကယ်တော့ ကနေ့ မြန်မာနိုင်ငံ မြောက်ဘက် အသီးသီး ပိုင်းခြားထားတဲ့ ပုံစံငယ်လေးတွေပါပဲ။ ၂၀၀၂ ခုနှစ်တုန်းက နိုင်ငံတကာက မြန်မာနိုင်ငံမြောက်ပိုင်း ဘိန်းရင်းမြစ်နယ်မြေကို လက်ညှိုးထိုး အပြစ်တင်ပါတယ်။ ၁၉၉၆ ခုနှစ် ခွန်ဆာ အုပ်စု မြန်မာအစိုးရထံ လက်နက်ချပြီးတဲ့နောက် မူလက ဗကပ လက်နက်ကိုင်တပ်ဖွဲ့ စိုးမိုးတဲ့ နယ်မြေဒေသက ထွက်ရှိသမျှ ဟီးရိုးအင်း ဘိန်းဖြူဟာ ကမ္ဘာ့ ဘိန်းဖြူထွက်နှုန်းရဲ့ ၆၀ ရာခိုင်နှုန်း ရှိပါတယ်။
ဗကပ တပ်က စစ်ဒေသ ၄ ခု ပိုင်းထားပါတယ်။ အရှေ့မြောက် စစ်ဒေသ၊ အလယ်ပိုင်း စစ်ဒေသ၊ “8.15” စစ်ဒေ၊ ကချင်တိုင်းရင်းသား ဒေသကို ပစ်မှတ်ထားတဲ့ နောက်ပိုင်းမှာ ဖွဲ့စည်းလိုက်တဲ့ 101 စစ်ဒေသ၊ တချိန်တည်းမှာပဲ ဗဟို လက်အောက်ခံ ကိုယ်ရံတော်တပ်မဟာကိုပါ ဖွဲ့စည်းလိုက်တယ်။
အရှေ့မြောက် စစ်ဒေသ အဓိက အုပ်ချုပ်တာက လားရှိုးမြောက်ဘက်က လွတ်မြောက်နယ်မြေ။ စံနစ်တကျ ဖွဲ့စည်းထားတဲ့ ပုံမှန် တပ်မဟာ ၂ တပ် တပ်သားအင်အား ရှိပါတယ်။ အရေအတွက်အားဖြင့် အယောက် ၅၀၀၀ ၀န်းကျင် ရှိပါတယ်။ စစ်ဦးစီးမှူးက ကျောက်မိန်၊ ဒု ဦးစီးမှူးက ဖုန်းကျားရှင်၊ စစ်ရေးအကြံပေးမှူးက ရီကျဲန့်၊ ဘဏ္ဍာရေးဝန်ကြီးက လျိုကိုရှီ၊ ပြည်ထဲရေးဌာနမှူး ရန်းမောက်အန်း၊ အမှတ် ၁ တပ်မဟာမှူးကြီး ဝေ့ချောင်းရင်၊ အမှတ် ၂ တပ်မဟာမှူး ဖုန်ကျားဖု၊ ဒု အကြံပေးမှူး ကျန်းကျူမိန်း တို့ ဖြစ်ကြပါတယ်။
အလယ်ပိုင်းစစ်ဒေသ အခြေစိုက်နယ်မြေက ဗကပ ဗဟိုစခန်း တည်ရှိတဲ့ ပန်စွမ်းတ၀ိုက် ဖြစ်ပါတယ်။ အဓိက ပိုင်းခြားထားတာက ပန်စွမ်းတောင်ဘက်က စစ်ဒေသ။ စစ်ဒေသ ဦးစီး အဖွဲ့ဝင်က လီကျူလူ ခေါ်ပါတယ်။ ဒုတိယ ဦးစီးမှူးဖြစ်သူကတော့ ၀ တိုင်းရင်းသား ခေါင်းဆောင်ရဲ့ နောက်ပေါက် ပေါင့်ယို့ရှန် ဖြစ်ပါတယ်။ တပ်မဟာ ၅၊ တပ်မဟာ ၁၂ အစရှိတဲ့ လက်အောက်ခံ လက်နက်ကိုင်တပ်တွေ ပိုင်းခြား ဖွဲ့စည်းထားပါတယ်။ တပ်သားအင်အား ၄၀၀၀ ခန့် ရှိပြီး အလယ်ပိုင်း စစ်ဒေသ တပ်ဖွဲ့က တပ်သားတွေကို ၀ တိုင်းရင်းသားတွေနဲ့ အဓိကထား ဖွဲ့ထားတာ ဖြစ်တယ်။ ဒီ အလယ်ပိုင်း စစ်ဒေသ ၀ တိုင်းရင်းသား တပ်ဖွဲ့ဟာ ဗကပ တပ်တွေထဲမှာ အပင်ပန်းခံနိုင်၊ အဆင်းရဲ ငတ်ပြတ်ခံနိုင်၊ တိုက်ရည်ခိုက်ရည် အရှိဆုံးတပ်ဖွဲ့ ဖြစ်ပါတယ်။ ၎င်းဖွဲ့စည်းထားပုံတွေဟာ နောက်ပိုင်း ကာလတွေမှာ ဗကပ ပြိုကွဲပြီး ၀ ပြည်ထောင်စုကို ပင်မထားပြီး တည်ထောင်ကြပါတယ်။
“8.15” စစ်ဒေသ ပိုင်းခြားမှု နယ်မြေ ဒေသက မဲခေါင် မြစ်ကမ်း အတိုင်း စုန်ပြီး မြန်မာ-လော နယ်စပ် နယ်နိမိတ် အထိ ရောက်ပါတယ်။ ကျိုင်းတုံမြောက်ဘက်က ကျယ်ပြန့်တဲ့ ဒေသက သူတို့ရဲ့ အခြေစိုက်ဒေသ အဖြစ် နေရာတက စီမံထားပါတယ်။ အောက်ဘက်က ပိုင်းခြားမှု အမှတ် ၇၆၈ တပ်မဟာ နဲ့ အမှတ် ၆၈၃ တပ်မဟာ ဆိုပြီး ရှိပါတယ်။ အမှတ် ၇၆၈ တပ်မဟာမှူးက ကျိုင်လုန့်ပန်၊ သေနာပတိ (တပ်မှူး)က လင်မိန်စင့်။
၁၀၁ စစ်ဒေသ ပိုင်းခြားထားမှုက တျဲန်းမြန် (ယူနန်-မြန်မာ) လမ်းမကြီး မြောက်ဘက် မျဉ်းကြောင်းက တရုတ်ရဲ့ နယ်မြေနဲ့ နီးကပ်ပါတယ်။ ကချင်ပြည်နယ်နဲ့ ဆိုင်ပါတယ်။ တပ်သားအင်အားက ကချင်လူမျိုးကို အဓိက ထားပါတယ်။ သေနာပတိ(တပ်မှူး)က သိန်း - - ကချင်တိုင်းရင်းသား ဖြစ်ပါတယ်။ ဒီစစ်ဒေသက စစ်ရေးဗျူဟာအရ အင်မတန် အရေးကြီးတဲ့ နေရာ ဖြစ်ပါတယ်။
၁၉၇၀ နှစ်ကုန်ပိုင်းလောက်ကနေ ၁၉၇၁ ခုနှစ် တရုတ်ပြည် ယဉ်ကျေးမှု တော်လှန်ရေး ပရမ်းပတာ ဒီရေလှိုင်း အရှိန်အမြင့်ဆုံးကာလ၊ အရေအတွက် ရာပေါင်း အတော်များတဲ့ တရုတ် ပညာတတ် လူငယ်တွေဟာ အနည်းနဲ့အများ ရဲဘော် ချေဂွေဗားရား ပုံစံမျိုး အတွေးအခေါ်နဲ့ နိုင်ငံ နယ်နိမိတ် စည်းကို ကျော်လွှားပြီး “ကမ္ဘာ့တော်လှန်ရေး” မုန်တိုင်းထဲ ဘ၀ တခုလုံး မြှုပ်နှံလိုက်ကြတယ်။ အဲဒီနောက်ပိုင်းတွေမှာလည်း ပညာတတ် လူငယ်တွေ နိုင်ငံ နယ်ခြားစည်းကို ဖြတ်ကျော်ပြီး ဗကပ ပြည်သူ့တပ်မတော်သားတွေ ဖြစ်သွားကြတာ မနည်းမနောပါပဲ။ နောက်ထပ် တခြား တသုတ်ကလည်း ရှိပါသေးတယ်။ အဲဒါက ယူနန်ပြည်နယ်နဲ့ မြန်မာ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ နယ်မြေ ဒေသက လူငယ် လူရွယ်တွေ ဗကပ ပြည်သူ့တပ်မတော်ထဲမှာ အမြောက်အမြား ၀င်ရောက်ကြပါတယ်။ ထိုစဉ်တုန်းက ဗကပ လက်နက်ကိုင် တပ်ဖွဲ့ထဲမှာ ဗမာ၊ ရှမ်း၊ ကချင်၊ ကရင်၊ ၀ ဒီတပ်ဖွဲ့ဝင်တွေဟာ တပ်နီတော်ဖြစ်တယ် ဆိုရင် ရာထူး အဆင့် တက်တာ မြန်ဆန်ပါတယ်။ အများအားဖြင့် ပြောရမယ် ဆိုရင် တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး အတော်များများက တရုတ်လူမျိုးတွေ ဖြစ်ကြတယ်။ အမြင့်ဆုံး တပ်မဟာမှူး၊ တပ်မဟာနိုင်ငံရေးမှူး အထိ တက်သွားနိုင်ကြတယ်။
ရှေးဦးဆုံး တရုတ်လူငယ်တွေ မြန်မာပြည်မြောက်ပိုင်းဆီ ၀င်ရောက်လာပြီး သိပ်မကြာခင်မှာပဲ ကိုးကန့်နယ်မြေက ကွန်လုံ စစ်ပွဲထဲ ပါဝင် တိုက်ကြရတယ်။ မြန်မာစစ်တပ်နဲ့ အပြင်းအထန် တိုက်ကြတဲ့ ၄၂ ရက်ကြာ တိုက်ပွဲထဲမှာ သေနတ်ပစ်သင်ခါစသာ ရှိသေးတဲ့ တရုတ် လူငယ်တွေ စစ်ပွဲရဲ့ ဒုက္ခသုက္ခကို တကယ့်ကိုပဲ မြည်းစမ်းကြည့်ကြတယ်။ အတော်များများဟာ အဲဒီ ကွန်လုံ စစ်ပွဲမှာ အသက်စွန့်သွားကြတယ်။ ဒီတပွဲ ပြီးဆုံးတဲ့နောက် ပြည်ပနိုင်ငံထွက်ပြီး လက်တွေ့ တော်လှန်ရေး ဆင်နွဲကြတဲ့ တရုတ် ပညာတတ် လူငယ်တွေ ကိုယ့်နိုင်ငံရဲ့ ထုတ်လုပ်တည်ဆောက်ရေးတပ်ဆီ ပြန်လည် ဆိုက်ရောက်ကြပါတယ်။ ဒါ့အပြင် သူတို့ကိုယ်တွေ့တိုက်ပွဲ အကြောင်းကို ပြောပြတတ်ပြီး သူတို့ရဲ့ နှုတ်က သူတို့တုန်းကထက် ပိုမို များပြားတဲ့ ပညာတတ် လူငယ်တွေကို နိုင်ငံ ပြည်ပထွက်ပြီး “တော်လှန်ရေး” မလုပ်ကြဖို့ ဟန့်တားကြလေတယ်။
အတော်များများကလည်း ကိုယ့်ပြည်ကိုယ်မပြန်ကြပဲ မြန်မာပြည် “တော်လှန်ရေး”ထဲမှာ ကျန်ရစ်နေပါတယ်။ အဲဒီ ဗကပ တပ်ထဲ ကျန်ရစ်ခဲ့ကြတဲ့ တရုတ် ပညာတတ် လူငယ်လေးတွေ တော်တော်များများဟာ မိမိတို့ဟာ ဒေသခံလူတွေထက် ခေါင်းတလုံး ပိုမြင့်တယ်၊ ယဉ်ကျေးမှု ပညာအရည်အချင်းတွေနဲ့ ဉာဏ်ရည်ဉာဏ်သွေး ပိုပြီး ထက်ကြတယ် ဆိုတဲ့သူတွေဟာ အဆင်းရဲ အပင်ပန်း အခက်ခဲဆုံး ကာလ၊ “အဆင်းရဲခံသေမင်းဂိတ်” ကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် အထွတ်အထိပ် အမြင့်ဆုံး နေရာကို ရောက်လာကြပါတယ်။ ကောင်းစားတုန်း ကောင်းစားခိုက် ၁၉၈၉ ခုနှစ် မတ်လ အရောက်မှာ မြန်မာပြည် ကွန်မြူနစ်ပါတီ အဖွဲ့အစည်းကြီး ပြိုကွဲ ကျဆုံးသွားရလေတယ်။ တချို့လူတွေ ကနေ့ဆို ထိုနေရာ ထိုဒေသမှာ အဓိကကျတဲ့ “ခေါင်းဆောင်မှုနေရာ”မှာပဲ ရှိနေကြတာ အများအပြားပါပဲ။
ယူနန် ပညာတတ် လူငယ် လိုချန်းပေါင် ဟာ ဗကပ ဗဟို ကိုယ်ရံတော် တပ်ဖွဲ့ နိုင်ငံရေးမှူး အဆင့်ကို ရောက်ခဲ့ဖူးတယ်။ ကျန်းကျူမိန့်က အရှေ့မြောက် စစ်ဒေသ ဒုတိယ ဦးစီးမှူး၊ လီကျူလက အလယ်ပိုင်း စစ်ဒေသ သေနာပတိတပ်မှူး (ကနေ့ ၀ တပ်ဖွဲ့၊ ညွန့်ပေါင်းတပ်ဖွဲ့ စစ်သေနာပတိ) ချွဲကျွိစိန်းက အလယ်ပိုင်း စစ်ဒေသ တပ်မဟာမှူး) နောက်ပိုင်းမှာ ၀ ဗဟိုအဖွဲ့အစည်းကြီး ပြိုကွဲအောင် လုပ်တယ် ဆိုတဲ့ သံသထ အ၀င်ခံရပြီး မြေတိုက်ထဲ လှောင်ပိတ်ထားရင်းက သေဆုံးသွားပါတယ်)။
ပီကင်းမြို့ စင်းကျင်ခို အလယ်တန်းကျောင်းက ပညာတတ်လူငယ်လေး ကျန်လိက အရှေ့မြောက် စစ်ဒေသ စစ်ထောက်တပ်ရင်းမှူး ဖြစ်သွားပါတယ်။ ဒီလူတွေ အများစုဟာ ကနေ့တိုင် မြန်မာနိုင်ငံ မြောက်ဘက်က ဗကပ အဖွဲ့အစည်း အသီးသီးရဲ့ လက်နက်ကိုင်အစိတ်အပိုင်းတွေထဲက ဖြစ်ကြပြီး ကနေ့တိုင် တက်တက်ကြွကြွ ဆောင်ရွက်နေတုန်းပါပဲ။
၁၉၇၅။ ဗကပ လက်နက်ကိုင်တပ်ဖွဲ့ စိုးမိုးတဲ့ နယ်မြေတွေက သံလွင်မြစ် အနောက်ဘက်မှာလည်းပဲ အခြေစိုက်နယ်မြေ ပြုလုပ်ထားလိုက်တယ်။ ၎င်းရဲ့ အင်အား အ၀န်းက မြောက်ဘက်ပိုင်းက မြန်မာနိုင်ငံ အလယ်ပိုင်း နယ်နိမိတ် တကြောလုံး နီးပါး၊ ရွှေလီမြို့ မျက်နှာချင်းဆိုင်က မူဆယ်မြို့ဟာ အသွင်ကတော့ မြန်မာအစိုးရတပ် လက်ထဲမှာ ရှိနေတာက လွဲပြီး ကျန် တခြား နယ်ခြားမျဉ်း တလျှောက်က နယ်မြေ အားလုံးကို ဗကပ ပြည်သူ့တပ်မတော်က အပိုင်စီးထားပါတယ်။ တောင်ဘက်ပိုင်းဆီ ဆင်းလိုက်ကြပါစို့။ ဗကပရဲ့ အင်အား ဧရိယာဟာ မြန်မာ-လော နယ်စပ် အထိ ရောက်နေပါတယ်။ မြန်မာ-ထိုင်းနယ်စပ်က လိုင်လန်း အစရှိတဲ့ နယ်မြေတွေမှာလည်းပဲ ဗကပရဲ့ ပုံမှန်(အမြဲတမ်း) လက်နက်ကိုင်တပ် နဲ့ ပြောက်ကျားတပ်တွေ ရှိနေပါတယ်။ ဒီလို ဗကပတို့ လျှမ်းလျှမ်းတောက် အထွတ်အထိပ် ရောက်နေတဲ့ အချိန်မှာ ဗကပ ပြည်သူ့တပ်မတော် ထိန်းချုပ်ထားတဲ့ နယ်မြေ အကျယ်အ၀န်းဟာ ဧရိယာ တသိန်း ကီလိုမီတာ ကျယ်ဝန်းပါတယ်။ လူဦးရေ တသန်းခွဲ-နှစ်သန်း ရှိပါတယ်။
ဗကပ လက်နက်ကိုင်တိုက်ပွဲ အတက် အကျ ရေချိန် တရုတ်ပြည် “ယဉ်ကျေးမှု တော်လှန်ရေး” နဲ့ အမွှာမွေးတွေ ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ် ဗကပ တပ်က ကိုးကန့်ကို တိုက်ခိုက် သိမ်းပိုက်လိုက်တယ်။ ရန်းစော်ဘွား မိသားစု မျိုးဆက် တိမ်မြှုပ် ပျောက်ကွယ်သွားတယ်။ ဗကပတို့ စိုးမိုး အုပ်ချုပ်ရတာက ၎င်းခရိုင်က အရေအတွက် တသိန်း ရှိတဲ့ နိုင်ငံရပ်ခြား တရုတ်လူမျိုးတွေပါ။
၁၉၇၀ ဗကပ တပ်က ခါဝ တောင် နဲ့ နယ်စပ် ဒေသက အရေးပါတဲ့ ပန်ဆိုင်းမြို့ကို တိုက်ခိုက် သိမ်းပိုက်လိုက်တယ်။ ဗကပ လက်အောက်ကို တောင်မြောက် တခွင်လုံးက ၀ အဖွဲ့အစည်းတွေ အားလုံး ကျရောက်သွားပါတယ်။
၁၉၇၃ ဗကပ တပ်က ကြွယ်ဝတဲ့ ကျိုင်းတုံဒေသထဲ ၀င်ရောက်သွားတယ်။ အကြိမ်ပေါင်း ရာချီတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆင်နွဲရပြီး ကျိုင်းတုံ နယ်မြေ အစိတ်အပိုင်း အများစုကို စိုးမိုးနိုင်ခဲ့တယ်။
၁၉၇၀ နောက်ပိုင်း ဗကပတို့ ဒီရေ အကျဆီ ကူးပြောင်းသွားရတယ်။ အဲဒီအချိန်မှာပဲ အယောက် ၃၀၀ ကျော်တဲ့ တရုတ်ပြည် တပ်နီတော်နဲ့ ပညာတတ် လူငယ်တွေ ရဲဘော် ချေဂွေဗားရားကို အားကျ အတုယူပြီး နိုင်ငံ နယ်နိမိတ်ကို ဖြတ်ကျော်ပြီး မိမိတို့ရဲ့ အသက်ကို စွန့်ဖို့ ရောက်လာကြတယ်။ “နိုင်ငံတကာ တိုက်ပွဲဝင် ရဲဘော်” မွန်မြတ် နဲ့ စိတ်ဓာတ် ရှိကြတဲ့ လူငယ်တွေဟာ အရေအတွက် လက်ချိုးရေတွက်နိုင်လောက်တဲ့ သူတွေက အဆင့်မြင့် အရာရှိ အရာခံ ဘ၀နဲ့ ကျန်ရစ်တာက လွဲပြီး ကျန် အများစုဟာ ထူပိန်း မဲမှောင်တဲ့ တောကြီးမြက်မဲထဲမှာ အသက်စွန့်သွားကြတာတွေ၊ အမိနိုင်ငံတော်ကို ပြန်လည် ဆုတ်ခွာကြသူတွေက များလှပါတယ်။
မြန်မာနိုင်ငံ အနေအထားနဲ့ တရုတ်နိုင်ငံရဲ့ ခေတ်သစ်သမိုင်း မတူ ခြားနားပါတယ်။ တရုတ်ပြည် သမိုင်းတလျှောက်လုံး လယ်သမား ပုန်ကန်မှုတွေက များမှများ။ ငါ့ဝမ်းပူဆာ မနေသာကြတော့ ပုန်ကန် ထကြွရမြဲပါ။ မြန်မာ့ရေမြေက အရာရာ ပေါများ ကြွယ်ဝတယ်။ သြဇာဓာတ် ပေါကြွယ်တဲ့ မြေဆီမြေနှစ်တွေ ရှိတယ်။ မြန်မာကို ကမ္ဘာတခွင်က “စားနပ်ရိက္ခာလေးမျိုးရဲ့ ကုန်လှောင်ရုံကြီး” လို့ ဂုဏ်တင် ခေါ်ဝေါ်ကြတယ်။ မြန်မာ့စိုက်ပျိုးမြေတွေက ဟိုတုန်းက အများအားဖြင့် အလှည့်ကျ စိုက်ပျိုးနည်းကို သုံးပါတယ်။ လယ်ယာမြေ အမြောက်အမြားကို လေးနှစ်တကြိမ် စိုက်ပါတယ်။ မြန်မာပြည် မြောက်ပိုင်းနယ်တွေမှာ စားနပ်ရိက္ခာ ပြဿနာ တက်တဲ့ အဓိက အကြောင်းရင်းတွေကတော့ တိုင်းရင်းသားချင်း ပဋိပက္ခဖြစ် ထိပ်တိုက်ရင်ဆိုင်တိုးကြတာကြောင့်ပါ။ နှစ်ပေါင်းများစွာက စိုက်ပျိုးတဲ့ ပေါ်ပီ စိုက်ပျိုးတဲ့ သမိုင်းကြောင်းကလည်း တခု အပါအ၀င်ပေါ့။ ရေမြေကြောင့် ရင်းမြစ်တွေကြောင့် ဆိုတာမျိုးတွေ မဟုတ်ချေ။
ဗကပ အခြေစိုက်စခန်းရဲ့ မြောက်ဘက် တောင်တန်းဒေသတွေ ရိုးရာ အစဉ်အလာ ဓလေ့ ထုံးတမ်း ကြီးမားလှတဲ့ ရှမ်းနဲ့ ကချင် တိုင်းရင်းသားတို့ရဲ့ “ပဒေသရာဇ် ကံကျွေးချမြေ” ရိုးရာဓလေ့ထုံးတမ်း အစွဲကြီးက သူတို့နဲ့ ဗမာလူမျိုးတို့ သမိုင်း တလျှောက်လုံး မသင့်မတင့်တွေချည်း ဖြစ်ခဲ့ကြတယ်။ ဗမာလူမျိုးစုကို ပင်မ အလေးထားတဲ့ ဗကပ လက်နက်ကိုင်တပ်ဖွဲ့က တပါးသော “ရွာ့ခြံစည်းရိုး” ထဲမှာ မြန်မာ တနိုင်ငံလုံးအတွက် ဆင်နွဲတဲ့ တိုက်ပွဲ ဖြစ်တယ်။ ဒေသခံ ပိုင်ရှင်တွေက ဘယ်နှယ်လုပ် လက်ခံနိုင်ပါ့မလဲ။ နောက်ပေါက် ဗကပ အတွင်းပိုင်းမျာက “ဗမာလူမျိုးကြီးဝါဒ”တွေ ပေါ်ပေါက်လာပြန်ပါသေးတယ်။ ဒီအတွေးအခေါ် အင်အားက တခြား တိုင်းရင်းသား ကေဒါတွေကို ဖိနှိပ်တာတွေ၊ ကျဉ်ပစ်တာတွေ လုပ်လာပြန်တယ်။
စစ်မြေပြင်မှာ သွေးမြေ အကျခံ တိုက်ခိုက်ကြပြီး အောင်ပွဲကြီးတွေ အလီလီ ရယူပေးကြတဲ့ ဖုန်ကျားရှင်လို မူရင်း ဒေသခံ တိုင်းရင်းသား ညီရင်းနောင်ဖွားတွေက နှစ်ကာလရှည်ကြာလာတော့ “အေးတိအေးစက်” တဲ့ ဘက်ဆီ ကူးပြောင်းသွားကြတယ်။ ပိုမို နက်ရှိုင်းတဲ့ ထိပ်တိုက် ရင်ဆိုင်တိုးမှု လမ်းကြောင်းတွေဆီ ဆိုက်ရောက်လာလေတယ်။ ဂိုဏ်းဂဏ ၀ါဒစွဲကလည်း ဗကပတို့ကို အချင်းချင်း စိတ်ဝမ်းကွဲစေတယ်။
စီးပွားရေး အပိုင်းမှာ ပြင်ပကိုသာ မှီခို အားထားရတဲ့ ဆိုးရွားတဲ့ အချက်ကလည်း ရှိနေပြန်တယ်။ ဗကပကိုယ်နှိုက်မှာလည်း ဘဏ္ဍာငွေကြေး ရစရာ ဘယ်လို အကြောင်းမှ မရှိချေ။ ရေရှည် တိုက်နေရတဲ့ စစ်အသုံးစရိတ်က ကြာလေကြာလေ ပြဿနာတွေ တက်လေပဲ။ အထူးသဖြင့် ၈၀ ပြည့်နှစ် နိုင်ငံတကာ အနှံ့အပြား ပြောင်းလဲမှုတွေ ပေါ်ပေါက်ပြီးတဲ့နောက် စည်းမျဉ်းစည်းကမ်းတွေ ပိုမို ရှုပ်ထွေးလာတယ်။ နောက်ဆုံးတော့ ဂဠုန် ဆားချက်တဲ့ကိန်း ဆိုက်ရောက်ရတယ်။ အင်မတန် ဘေးအန္တရာယ် ကြီးတဲ့ ဘိန်းအရောင်းအ၀ယ်ကို လုပ်ရလေတယ်။ မူးယစ်ဆေးဝါးကနေ ကြီးမားတဲ့ အမြတ်အစွန်းတွေရတယ်။ အလယ်အလတ်တန်းစားနဲ့ အထက်တန်းစား ကေဒါကြီးတွေကပါ ရွှေငွေ ကိုးကွယ်ရေး ၀ါဒသမားကြီးတွေ ဖြစ်ကုန်ကြတော့တာပါပဲ။ နောက်ပိုင်းကာလတွေမှာ အကျိုးအမြတ် မတူကြတဲ့ ဂိုဏ်းအုပ်စုတွေ ပေါ်ပေါက်လာပါတယ်။ ဒီတော့ နဂို မူလက မျှော်ရည်မှန်းချက်တွေ၊ ခံယူချက်တွေ တက်တက်စင် ပျောက်ကွယ်ကုန်ကြရလေတယ်။
၇၀ ပြည့်နှစ်တုန်းက ဗကပတွေနဲ့ တိုက်ကြတဲ့ မြန်မာစစ်တပ် တပ်မ ၉၉က ၁၉၇၁ ခုနှစ် ကွန်လုံတိုက်ပွဲမှာ အကြီးအကျယ် အထိနာခဲ့တယ်။ ဒီဆုံးရှုံးမှုကြောင့် တပ်မ ၉၉ က မျက်နှာပန်း ပြန်လှရေး အတွက် မြန်မာတပ်ဟာ မြန်မာပြည် မြောက်ပိုင်းက ပန်ဆိုင်း တံခါးဝကို တဖန် ပြန်လည် လုယူလိုက်တယ်။ ဒါဟာ ဒုတိယ ကမ္ဘာစစ်ကြီးတုန်းက စစ်ရေး မဟာဗျူဟာမြောက်တဲ့ စတီဗင် လမ်းမကြီး တောင်ဘက်မျဉ်းတန်းနဲ့ တျဲန်းမြဲန် (ယူနန် မြန်မာ) စစ်ရေး မဟာဗျူဟာမြောက် လမ်းမကြီးနဲ့ ချက်ပွိုင့် ဖြစ်ပါတယ်။ မြန်မာ တရုတ် နှစ်နိုင်ငံ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ ကီလိုမီတာ ထောင်ကျော် ရှိတဲ့ နယ်စပ်မျဉ်းကြောင်းပေါ်မှာ ရှိပါတယ်။ မူဆယ်ပြီးရင် အသစ်တဖန် တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ နိုင်ငံအဆင့်ရှိတဲ့ တံခါးပေါက် ဖြစ်တယ်။ ပထ၀ီေကြောအရ အလွန့်အလွန်ကို အရေးပါ အရောက်ရောက်တဲ့ နယ်မြေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စစ်တပ်က ဒီတကြိမ် အောင်မြင်ခြင်းကို မဟာဗျူဟာမြောက် စစ်ပွဲရဲ့ အောင်ပွဲလို့ ရှုမြင်ကြပါတယ်။ ဒီတိုက်ပွဲ ခြိမ့်ခြိမ့်သဲ အောင်မြင်တဲ့ အတွက် တပ်ဗိုလ် တပ်မှူး တသုတ်တို့ဟာ ဂုဏ်ပြု ချီးမြှင့်ခံကြရတယ်။ ကနေ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး အာဏာကို ဆုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီး သန်းရွှေဟာ တပ်မ ၉၉ ကနေ ထိုးတက်လာတဲ့သူပါပဲ။
ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနခွဲနဲ့ အရှေ့မြောက် စစ်ဒေသကို နှစ်ရှည်လများက ပန်ဆိုင်းကို စစ်ရေး မဟာဗျူဟာမြောက် နယ်မြေလို့ မြင်ကြပါတယ်။ ပန်ဆိုင်းကို လက်လွတ် ဆုံးရှုံးပြီးတဲ့နောက် လူအများအပြားဟာ ရင်ထုမနာ ဖြစ်ကြပါတယ်။ အဲဒီနောက် အရှေ့မြောက်ပိုင်း စစ်ဒေသမှာ မြန်မာနိုင်ငံ စစ်တပ်က ကင်းစခန်းကို ထိုးနှက်တိုက်ခိုက်တဲ့ တိုက်ပွဲငယ်လေးတွေ အမြောက်အမြား ပေါ်နေတုန်း ပေါ်နေဆဲပါပဲ။
Monday, May 24, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment