အပိုင်း (၆) မူးယစ်ကို ကျော်ဖြတ်ခြင်း နှင့် ၀ါးအစည်းပြေ ပြိုကွဲမှု
တမူ ထူးခြားတဲ့ ဘိန်းကုန်သွယ်မှု သမိုင်းကြောင်း အပိုင်းတပိုင်း ဖြစ်တဲ့ ၄၀ ခုနှစ် ကာလကနေပြီး ၇၀ ခုနှစ် အစဦးပိုင်းရဲ့ ပထ၀ီ မြေပြင် ရွှေတြိဂံဟာ ဘိန်းကြောင့် အဆမတန် ကြီးကျယ်တဲ့ အပြောင်းအလဲတွေ ပေါ်ထွက်ခဲ့ပါတယ်။ ရှမ်းပြည်နယ်ဟာလည်းပဲ ယနေ့ အချိန်မှာ ကမ္ဘာ့ အာရုံစူးစိုက်မှု အခံရဆုံး ဘိန်းထွက်ရှိတဲ့ နယ်မြေဒေသကြီး ဖြစ်နေပါပြီ။ ရွှေတြိဂံ ဘိန်းစီးပွားရေး အ၀န်းအ၀ိုင်းလည်းပဲ အဲဒီအတွက်ကြောင့် ပိုပြီး ကြီးထွားပြီးရင်း ကြီးထွားလာပါတယ်။ တချိန်တည်းမှာပဲ ၎င်းအချက်တချက်ကနေပြီး ရှေးရိုးဓလေ့ ထုံးတမ်းစဉ်လာ မူးယစ်ဆေးဝါး ကုန်သွယ်မှု နဲ့ မူးယစ်ဆေးဝါး စီးဆင်းမှု လမ်းကြောင်း ပိုမို ကြွယ်ဝတဲ့ အနက် အဓိပ္ပာယ်ကို ပေးအပ်နှင်းလိုက်လေတယ်။
အနီရောင် အတွေးအခေါ် မျှော်ရင်းမှန်းချက် အဖုအထစ်တွေ၊ အတက်အဆင်း အနိမ့်အမြင့်တို့ရဲ့ ဂယက်လှိုင်းဒဏ်ချက်ကြောင့် ရွှေတို့ငွေတို့ကို ဘုရားထင် ရှိခိုး ဦးတင်မှု ၀ါဒကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီဟာ မူရင်းအစ ကြံ့ခိုင် သန်မာတဲ့ ခန္ဓာကိုယ် အသွေးအသားတို့ကား အတွင်းလှိုက် ချစားခံရချေပြီတကား။ မြန်မာပြည် မြောက်ဘက်က ပြည်သူများက ဗကပ ပြည်သူ့တပ်မတော်ကို အခုလို အမြင်မျိုး ကြာလေ များလာလေ ဖြစ်ချေလေပြီ။ အခွန်အတုပ်တွေ ဆောင်ရတော့မယ်အခါ ရောက်လေတိုင်း ဒီအတွေးတွေ ပြည်သူတွေရဲ့ ခေါင်းထဲ ရောက်ရောက်လာပါတယ်။
ရွှေတြိဂံ အဆင်းလှပ ရောင်မျိုး စုံလင်လှတဲ့ ပေါ်ပီပန်း အလှလေးတွေက ဗကပ စိုးမိုး အုပ်ချုပ်တဲ့ နှောင်းပိုင်း ကာလတွေမှာ ပိုလို့သာ တလှိုင်လှိုင် ပွင့်လန်းကြပါတယ်။ ထူးခြားလှတဲ့ ဘိန်းသမိုင်းကြောင်း အစိတ်အပိုင်း တပိုင်းတလေကလည်း ရှိနေပြန်ပါသေးတယ်။ ၄၀ ခုနှစ်ကနေ ၇၀ ခုနှစ် အစဦးပိုင်းတွေက ပထ၀ီမြေ ရွှေတြိဂံမြေမှာ ထိုအချိန် ထိုအခါက အစပြုပြီး အင်မတန် ကြီးမားတဲ့ အပြောင်းအလဲကြီး ပေါ်ပေါက်ခဲ့ဖူးပါတယ်။
ရှမ်းပြည်နယ်ဟာ ကနေ့ ကမ္ဘာမှာ မျက်စိ အစူးခံရတဲ့ ဘိန်းထွက် နယ်မြေဒေသကြီး ဖြစ်နေပါတယ်။ ရွှေတြိဂံ ဘိန်းစီးပွားရေး အ၀န်းအ၀ိုင်းကြီးက အဲဒီအတွက်ကြောင့်လည်း ကြီးထွားသထက် ပိုပိုပြီး ကြီးထွားကျယ်ပြန့်လာပါတယ်။ တချိန်တည်းမှာပဲ ၎င်း ရိုးရာ ဓလေ့ ထုံးတမ်းက ဘိန်းကုန်သွယ်မှု နဲ့ မူးယစ်ဆေးဝါး ပေါက်ရောက်ရာ လမ်းကြောင်း ပိုပိုပြီး ပေါများ ကြွယ်ဝလာမှု အနက်အဓိပ္ပာယ်ကို ဘုန်းတော်ဖွဲ့ ရေးသီ ဖော်ကျူးခြင်းပဲ ဖြစ်လေတယ်။ ဒီကနေ့ ရွှေတြိဂံရဲ့ ပကတိ ရုပ်သွင်ကို နှိုက်နှိုက် ချွတ်ချွတ် နားလည် သဘောပေါက်လိုပါတယ် ဆိုရင်ဖြင့် ဗမာပြည် ကွန်မြူနစ်ပါတီ ဘိန်းကုန်သွယ်မှု ဒီအပိုင်း သမိုင်းကြောင်းကို မဖော်ပြလို့က မဖြစ်နိုင်တော့ပါ။
သခင်သန်းထွန်းခေတ်တုန်းက ဗကပ က သူ့လက်အောက်ခံ လူတွေနဲ့ ဘိန်းရယ်၊ ဘိန်းကူးသန်း ရောင်းဝယ်မှုနဲ့ စပ်လျဉ်းပြီး တင်းတင်းကျပ်ကျပ် တားဆီးထားတဲ့ လုပ်ဆောင်ချက်နဲ့ ကိုင်တွယ် ဆောင်ရွက်ပါတယ်။ ဗကပ ဗဟိုက အစဉ်အဆက် အကြိမ်ပေါင်းများစွာ စာနဲ့ပေနဲ့ပါ ထုတ်ပြန် ကြေညာပါတယ်။ အမျိုးမျိုး အဖုံဖုံသော ဘိန်းနဲ့ ပတ်သက်တဲ့ ကူးလူးဆက်ဆံမှု၊ ရောင်းဝယ်ဖောက်ကားမှုကို တားမြစ် ပိတ်ပင်တဲ့ အမိန့် ထင်ထင်ရှားရှား ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒါ့အပြင် အဆင့် အသီးသီးကတော့ ဒါတွေရယ် အရာရှိ အရာခံ တပ်သားတွေ အားလုံးဟာ ဘယ်လို အကြောင်းပြချက်နဲ့မှ ဘိန်းနဲ့ ပတ်သက်ခွင့် မရှိပါလို့ ထုတ်ပြန်ထားပါတယ်။ အကယ်၍ လိုက်နာမှု မရှိပါက ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးမှာ ဖြစ်တယ်။ ဒါ့အပြင် သေဒဏ်ပါ ပေးမှာ ဖြစ်တယ်။ အဲဒီ စည်းကမ်းချက်တွေ ဆောင်ချက်ချက်တွေက ကာလ အပိုင်းအခြားတခု အထိတော့ ထိရောက်ခဲ့ပါတယ်။
မြန်မာပြည်မြောက်ပိုင်း ဒေသ အရပ်သူ အရပ်သားတွေ ပေါ်ပီပင် ထွန်ယက် စိုက်ပျိုးရေး ရိုးရာဓလေ့ ထုံးတမ်းကို ဗကပတို့က လက်တွေ့ကျကျ သုံးသပ်ပြီး သဘောထား ကြီးစွာနဲ့ တစိတ်တဒေသလောက်ကို သင့်လျော်သလို ခွင့်ပြုတာတွေ ရှိခဲ့ပါတယ်။ ဘိန်းကို ရိုးရာဓလေ့ ထုံးတမ်းတရပ် အနေနဲ့ စိုက်ပျိုး ထုတ်လုပ်တဲ့ ကိုးကန့်ဒေသမှာ စာရေးသူဟာ ထိုစဉ် နှစ်ကာလတွေတုန်းက ကျန်ရစ်နေတဲ့ အချက်အက် အထောက်အထား တခုကို ရရှိထားပါတယ်။ အဲဒီ အထောက်အထားက ဗကပ စိုးမိုး အုပ်ချုပ်တဲ့ ကာလတုန်းက ပေါ်ပီပင် စိုက်ပျိုးမှုတွေ၊ မူးယစ်ဆေးဝါး ဘိန်းထုတ်လုပ် ရောင်းချမှု အခြေအနေတွေကို အထင်အရှား မီးမောင်းထိုးပြထားတဲ့ အထောက်အထား အချက်အလက် ဖြစ်ပါတယ်။
ဖုန်ကျားရှင် ခရိုင်ဝန် ဖြစ်စဉ်တုန်းက ကိုးကန့်ဟာ နှစ်ပေါင်းများစွာ ရှုတ်ထွေးနေချိန် ဖြစ်ပါတယ်။ အရပ်သူ အရပ်သား အများအပြား စစ်ဘေးရှောင်ဖို့ ကျန်းစီး (သံလွင်မြစ်အနောက်ဘက်) ဘက်ဆီ ပြောင်းရွှေ့ နေထိုင်ကြတယ်။ ပြည်သူတွေရဲ့ အတိဒုက္ခကို အတွင်းကျကျ သိထားတဲ့ ဖုန်ကျားရှင်ဟာ ဒေသခံတို့ရဲ့ “လွတ်မြောက်ရေးတိုက်ပွဲ” ကို အောင်ပွဲခံပြီးတဲ့နောက် “လူတန်းစားတိုက်ပွဲ” ကို ချဲ့ထွင် ဆောင်ရွက်ခြင်း မပြုတော့ပါဘူး။ “အရေးတော်ပုံကိုနှိပ်ကွပ်ခြင်း” အလုပ်ကိုလည်း ရှောင်လွဲပါတယ်။ သူ ဘာတွေ ကျင့်သုံးသလဲ ဆိုတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ လယ်ယာမြေ ခွဲဝေပေးတာမျိုးပါပဲ။ ဒါ့အပြင် ပေါ်ပီပင်ကိုလည်း ယခင်အတိုင်း ဆက်လက် စိုက်ပျိုးဖို့ ခွင့်ပြုလိုက်တယ်။ ဘိန်းရောင်းဝယ်မှု စီးပွားရေးကို တိုက်ရိုက် ထိပါးခြင်း မရှိတဲ့အတွက် ပြည်သူ့ နှလုံးသားထဲမှာ ဘယ်လို ရိုက်ခတ်မှုမျိုးမှ ပေါ်ထွက်မလာပါ။
နယ်မြေဒေသ ဘဏ္ဍာရေးဘက်မှာ ဖုန်ကျားရှင် တာဝန်ယူ အုပ်ချုပ်တဲ့ ကိုးကန့်ခရိုင် တည်ထောင်ခါစ ကာလပိုင်းမှာ စတိ သဘောအဖြစ် ရိက္ခာ အချို့ကို သိမ်းပါတယ်။ နောက်ပိုင်း တနှစ်ထက်တနှစ် များပြားလာတယ်။ ဘိန်းကို ဘုံက (ဗကပ အစိုးရက) အားလုံးကို ၀ယ်၊ အားလုံးကို ရောင်းချပါတယ်။ ပုဂ္ဂလိက မှောင်ခို ရောင်းဝယ်မှုကို တားမြစ်ထားပါတယ်။ (ဒါပေမယ့် ပြည်သူလူထု ကြားမှာ တလျှောက်လုံး ဘိန်းရောင်းဝယ်မှုတွေ ကြွင်းကျန်နေပါတယ်။ ဈေးနေ့တွေ ဆိုရင် နေရာတကာမှာ တွေ့မြင်နိုင်ပါတယ်) သည့်အပြင် တနေရာ ဖြစ်တဲ့ လောက်ကိုင်မှာ အခွန်ဌာန ဖွင့်ထားပါတယ်။ ထန်ချောင်ဝံက ဌာနမှူး ဖြစ်တယ်။ အရှေ့မြောက် စစ်ဒေသကလည်း လောက်ကိုင်မှာ ကုန်သွယ်ရေး ကုမ္ပဏီ ဖွင့်လှစ် တည်ထောင်လိုက်တယ်။ ရန်းမောက်အန်းက ဦးစီး ဆောင်ရွက်ပါတယ်။ ၇၀ ခုနှစ် အလယ်ပိုင်း ကာလတွေမှာ နှစ်စဉ် အမြတ်ငွေ ကျပ် သန်းပေါင်းများစွာ လာရောက် ဆောင်ကြပါတယ်။ ဗကပ အားထားရတဲ့ ဘဏ္ဍာရင်းမြစ်ဒေသ ဖြစ်သွားပါတယ်။ နောက်တနေရာကတော့ အရှေ့မြောက် စစ်ဒေသ ဘဏ္ဍာရေး ဒု ၀န်ကြီးလည်းဖြစ်၊ တွဲဘက် ကွတ်ခိုင်ခရိုင် ဘဏ္ဍာရေး ၀န်ကြီး လျိုကိုရှီး တာဝန်ယူတဲ့ ဒေသက နှစ်စဉ် ပေးအပ်တဲ့ အခွန်တော်ငွေကလည်း အားရ ကျေနပ်စရာပါပဲ။
အထက်ပါ ရှင်းလင်း ထင်ရှားတဲ့ သမိုင်း မှတ်တမ်း အချက်အလက်တွေက ဗကပ အရှေ့မြောက်ပိုင်း စစ်ဒေသက အရပ်သူ အရပ်သားတွေကို ရိုးရာ ဓလေ့ ထုံးစံအတိုင်း ဘိန်းစိုက်ပျိုးတာကို ခွင့်ပြုထားကြောင်း တွေ့မြင်ရပါတယ်။ တချိန်တည်းမှာပဲ ဒါဟာ ဗကပတို့ ထိုစဉ်တုန်းက “အစိုးရ ဆောင်ရွက်ချက်” ဆိုတာကို ဖွင့်ဟ ပြသလိုက်တာပဲ ဖြစ်ပါတယ်။ တကယ့် လက်တွေ့ပိုင်းမှာ ဗကပ လက်နက်ကိုင် တပ်ဖွဲ့က ၇၀ ခုနှစ် အလယ်ပိုင်း အချိန် ကတည်းက အစပြုပြီး ဘိန်းကူးသန်းရောင်းဝယ်ရေး လုပ်ငန်းထဲ ၀င်ရောက်ပြီး ဖြစ်ကြောင်း ဖော်ပြလိုက်တာပါပဲ။ စစချင်းတုန်းကတော့ စုပေါင်းဆောင်ရွက်ခြင်း လို့ အမည်တွင်တဲ့ အောက်ကနေ လုပ်သွားကြတာ ဖြစ်တယ်။ နောက်တော့မှသာ အာဏာ စိုးမိုးထားတဲ့ လူအနည်းငယ် နဲ့ အာဏာရှိအုပ်စု အဖွဲ့ငယ်လေးတွေကနေ “စုပေါင်းအဖွဲ့” ဆိုတဲ့ အလံတော်ကို လွှင့်ထူလိုက်ကြ၊ ကြွေးကြော်လိုက်ကြနဲ့ လုပ်သွားကြတာပါပဲ။ တဦးချင်းအတွက် သို့တည်းမဟုတ် အစုစည်း အဖွဲ့ငယ်လေး အတွက်ကနေ အကျိုးအမြတ် ရရေးအတွက် လှုပ်ရှားသွားကြတာပါပဲ။ နောက်ဆုံးမှာတော့ ဘိန်းပျိုး ထုတ်လုပ် ရောင်းဝယ် ဖောက်ကားမှုမျိုးကို ဦးဆောင် ညွှန်ပြမှုတွေ ဖြစ်ပြီး နောက်ဆုံးတော့ မထိန်းနိုင် မသိမ်းနိုင် ဖြစ်သွားလေသတည်း။
၁၉၇၆ မတိုင်ခင်နဲ့ အဲဒီ အစောပိုင်းတုန်းက ဗကပ ထိန်းတန်း ခေါင်းဆောင်ပိုင်းတို့ဟာ အသုံးစရိတ်တွေ ခမ်းခြောက်ကုန်တဲ့ အချက်ပြချက်တွေကို သတိထားမိလိုက်တယ်။ ဒီအတွက်နဲ့ တိုတောင်းလှတဲ့ အချိန်ကာပိုင်းကလေးမှာ မြေအောက် သယံဇာတတွေ တအားကို ပေါများ ကြွယ်ဝပြီး မြေပေါ်မှာ အသက်ရှင် ရပ်တည်နိုင်ဖို့ အချက်အလက်တွေ အင်မတန် ဆိုးဝါးနေတဲ့ မြန်မာပြည်မြောက်ပိုင်း လက်တွေ့ အသက်ဝင်မယ့် ဓနလမ်းကြောင်းကို မွေးထုတ်ဖို့ရာ အင်မတန့်ကို မလွယ်တဲ့ကိစ္စ ဖြစ်နေတယ်။ ဒါကို ဗကပ ဗဟို နိုင်ငံရေးဌာနက အကြိမ်ပေါင်း များစွာ ဆွေးနွေးပွဲ ထိုင်ကြတယ်။ တချို့ တင်ပြကြတာကတော့ ဘိန်းကုန်သ်ွမှုနဲ့ အသုံးစရိတ်ကို ဖြေရှင်းဖို့ပါပဲ။ ဒီအချက်ကို အထွေထွေ အတွင်းရေးမှူးချုပ် သခင် ဗသိန်းတင်က အတည်ပြုချက် မပေးဘဲ ပျယ်ချလိုက်ပါတယ်။
x x x x x
ဒီအချိန်မှာ ဗကပ စစ်ဒေသ ၄ ခု၊ ခရိုင်ကော်မတီ ၁၀ ခုလောက်က ခရိုင် အစိုးရရဲ့ အသီးသီး အချက်အလက် သုံးငွေ အားလုံးကို ဗကပ ဗဟိုက တာဝန်ယူ ဖြေရှင်းရပါတယ်။ နှစ်စဉ် ကျပ် သန်း ရာနဲ့ချီ သုံးစွဲပါတယ်။ ဒါပေမယ့် ဗကပဟာ သူ့ပိုင်နက်နယ်မြေတွေက သိမ်းဆည်း ရရှိတဲ့ အခွန်ငွေတွေက အသုံးငွေရဲ့ ဆယ်ပုံတပုံလောက်သာ ရှိပါတယ်။ ဘဏ္ဍာရေး လိုငွေပြမှုဟာ ခေါင်းခဲစရာကြီး ဖြစ်နေပါတယ်။ ရဲဘော်တွေမှာ ပင်ပန်း ဆင်းရဲခြင်း ကြီးစွာနဲ့ နေ့စဉ် ရင်ဆိုင်နေကြရပါတယ်။ ဗကပ အမွဲတေဆုံး အစိတ်အပိုင်းက ကချင် တိုင်းရင်းသား တပ်ဖွဲ့ပါ။ တခါတရံများ ကချင် တိုင်းရင်းသား တပ်သားတွေဟာ ဆားရည် အနည်းငယ် စိမ်ထားတဲ့ ထမင်းကိုစားကြရပါတယ်။ ဒီလိုမျိုး ဆိုးဆိုးရွားရွား အနေအထားကို မျက်မှောက်ပြုနေရပါတယ်။ စစ်ဒေသ အသီးသီး၊ ခရိုင်အသီးသီးတို့က မလွဲမရှောင်သာတော့ဘဲ ကိုယ့်အသုံးစရိတ် ကိုယ် ကြိုပြီး ရှာကြရလေတယ်။ ဒါကြောင့် မြန်မာပြည်မြောက်ဘက် ရိုးရာ ဓလေ့ ထုံးတမ်းစဉ်လာလည်းဖြစ်၊ အရေးပါဆုံး စီးပွားရေး လှုပ်ရှားမှု ဆိုတာဟာ ရာစုခေတ် တခေတ် ရှည်ကြာလာခဲ့တဲ့ ဘိန်းစီးပွားရေး လှုပ်ရှားမှုသာ ကျန်ရှိလေတယ်။ ဘ၀ ရှင်သန် ရပ်တည်နိုင်ရေးဟာ အလိုအပ်ဆုံးပါ။ ဗကပ တပ်ဗိုလ် တပ်သားတွေက မူးယစ်ဆေးဝါးဆီ ချဉ်းနင်းခြေချခြင်းသည်သာ လိုအပ်ချက်ဖြစ်တယ် ဆိုတာကို တွေ့သွားကြပါပြီ။
မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသက လူအများက ယေဘုယျအားဖြင့် ဘိန်းကို “အထူးကုန်ပစ္စည်း” လို့ ခေါ်ဝေါ်ကြပါတယ်။ ဒါမှသာ ဘိန်း ရောင်းဝယ်ရာမှာ စိုးရိမ်ချက်တွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ၇၀ ခုနှစ် ကုန်ဆုံးလုချိန် အရှေ့မြောက် စစ်ဒေသမှာ ရှေးဦးဆုံး “အထူးကုန်ပစ္စည်း ကုန်သွယ်ရေး အဖွဲ့ငယ်” ကို ရှေးဦးဆုံး ဖွဲ့စည်း တည်ထောင်လိုက်ပါတယ်။ ယင်းအဖွဲ့ငယ် တရားဝင် သယ်ယူပို့ဆောင်တဲ့ လုပ်ငန်း လုပ်တဲ့ အချိန်က 1-5-1976 ဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းကာလတွေမှာ အရှေ့မြောက်စစ်ဒေသက “ကုန်သွယ်ရေးအဖွဲ့ငယ်” လို့ မခေါ်တော့ဘဲ “5-1 အဖွဲ့” ဆိုပြီး အစားထိုးလိုက်ပါတယ်။ ထိုစဉ်တုန်းက “5-1 အဖွဲ့” ကို အရှေ့မြောက် ဒေသ ဘဏ္ဍာရေး ၀န်ကြီး ဦးကျော်မြင့်က ဦးစီး အုပ်ချုပ်ပါတယ်။ ဘဏ္ဍာရေး ဒုဝန်ကြီး လျိုကိုရှီးက ဘက်စုံ အပြည့်အ၀ တာဝန်ယူပါတယ်။ “5-1 အဖွဲ့” ဖွဲ့စည်းစက ဒါဟာ ဗကပ အတွင်းပိုင်းရဲ့ လျှို့ဝှက် အဆောက်အအုံ ဖြစ်ပါတယ်။ ပါတီတွင်းက အဆင့်မြင့်ပိုင်း အ၀န်းအ၀ိုင်းလေးကသာ သိရှိပါတယ်။ ဒီ ဗကပ ဖွဲ့စည်းပုံ စနစ် အတွင်းမှာ တားမြစ်ချက်ကို ဖော်ဖျက်တာမျိုး ဖြစ်တဲ့အတွက် “စမ်းတ၀ါးဝါး တီထွင်မှု” ဖြစ်တာကြောင့် ထိုစဉ်က အရှေ့မြောက်စစ်ဒေသက “5-1 အဖွဲ့” ကို စည်းကမ်းချက် ချမှတ်ထားပါတယ်။ “5-1 အဖွဲ့”က ဘိန်းအခွန်အကောက်ကိုသာ ကောက်ယူခွင့် ရှိတယ်။ ဒါကြောင့် ဘိန်းကုန်ကူး သယ်ယူပို့ဆောင်ရေး လုပ်ကိုင်ခွင့် မရှိ ဆိုပြီး စည်းကမ်းချက် ထုတ်ထားပါတယ်။ ဘယ်လိုပဲ အစွမ်းကုန် ပိတ်ပင် ဟန့်တားထားပေမယ့်လည်း ဘိန်း ၀ယ်ယူ သိမ်းဆည်းမှုတွေ ဒီအချိန်မှာပဲ အစပြုခဲ့ပါပြီ။ မြန်မာပြည်မြောက်ပိုင်း ရှမ်းပြည်နယ် ဘိန်းစိုက် တောင်သူတွေဟာ ဘိန်းစိုက်ရာသီရောက်လေတိုင်း “5-1 အဖွဲ့” ဆီက ကုန်ရောင်းကုန်ဝယ်ငွေကို ရပြီးဖြစ်ပါတယ်။ ဘိန်းရိတ်သိမ်းချိန်မှာ ငွေသားနဲ့ ဒါမှမဟုတ် ဘိန်းနဲ့ ချေးငွေကို ဘယ်လိုပြန်ဆပ်ရမယ် ဆိုတာ စဉ်းစားကြပါတယ်။
တချိန်တည်းမှာပဲ မြန်မာပြည် မြောက်ပိုင်း ကိုးကန့်၊ ကွတ်ခိုင်၊ မုန်းရိုး နဲ့ ပန်ဆိုင်းက ထွက်တဲ့ ဘိန်းအားလုံးနီးပါးလောက်ကို အရှေ့မြောက်ပိုင်း စစ်ဒေသက လက်ဝါးကြီးအုပ် ဖြတ်တောက်လိုက်တယ်။ ဒီ “5-1 အဖွဲ့” က အရှေ့မြောက်စစ်ဒေသဆီ ကျပ် ၁၀ သန်းနီးပါး နှစ်စဉ် ပေးသွင်းနိုင်ပါတယ်။ ဗကပ ဘဏ္ဍာရေး ရင်းမြစ် ဖြစ်မှန်းမသိ ဖြစ်သွားလေတယ်။
၁၉၇၈ ခုနှစ် မှာ အရှေ့မြောက်စစ်ဒေသက ပြတ်ပြတ်သားသားပဲ “5-1 အဖွဲ့” ကို တိတ်တိတ်ပုန်းအဖွဲ့ အဖြစ်ကနေ ထင်ထင်ရှားရှားအဖွဲ့အဖြစ် လှည့်ယူ ပြောင်းလဲပစ်လိုက်ပါတယ်။ ဘိန်း သိမ်းဆည်းရေး၊ အခွန်ငွေ ကောက်ယူခွင့် လုပ်ပိုင်ခွင့်ကို လူသိရှင်ကြား အတိအလင်း ခွင့်ပြုလိုက်ပါတယ်။ ဒါ့အပြင် အကုန်အစင် ၀ယ်ခြမ်း၊ အကုန်အစင် ဖြန့်ပြီး ရောင်းတဲ့ ပုံစံမျိုးကို ခွင့်ပြုလိုက်တယ်။ ဒီတော့ လုပ်ပိုင်ခွင့်ကိုပါ ချဲ့ထွင် တိုးမြင့်ပေးပြီး “5-1 အဖွဲ့”က ဘိန်းပမာဏ အမြောက်အမြားကို အဆိပ်အတောက်ရှိ “စိန်ဝါ” တွေ ပြုပြင် ထုတ်လုပ်ခိုင်းပြီး လျှို့ဝှက်လမ်းကြောင်း ထိုင်းမြန်မာ နယ်နိမိတ်ကို ဖြတ်သန်းပြီး သယ်ယူ ရောင်းချလေတယ်။
ဗကပထဲက အလယ်အလတ် အဆင့်ရှိသူ တယောက်က စပ်စပ်စုစု ရှိတဲ့ တရုတ်လူမျိုး တယောက်ကို “ဘာကြောင့် ဘိန်းကို စိန်ဝါ အဖြစ် ထုတ်လုပ်ရပါသလဲ” ဆိုတဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ဖူးပါတယ်။ “အဓိကအချက်ဖြစ်တဲ့ ပြုပြင်လိုက်ပြီး စိန်ဝါ ဖြစ်သွားရေးကို အဘက်ဘက်ကနေ စဉ်းစား ချိန်ဆရပါတယ်။ စိန်ဝါက ဘိန်းထက် အများကြီး သေးငယ်တယ်။ ဘိန်းလို ခါးပြီး စူးရှရှ မရှိဘူးဗျ။ ခိုးရ သယ်ရ သိပ်လွယ်ကူတာ။ နောက်တချက်က တိုက်ရိုက်စားသုံးတာတို့ ရှူတာတို့ လုပ်လို့ မရဘူး။ သူ့အဆိပ်က လွတ်မြောက်နယ်မြေက လူတွေကို ဒုက္ခ မပေးနိုင်ဘူး။ တကယ်လို့ အရပ်သူ အရပ်သားတွေ ရသွားတယ်ပဲ ထားဦး ဒါကို ရောင်းချလို့ရတာကလွဲလို့ ဘာမှ လုပ်လုပ်မရဘူးခင်ဗျ”
သာမန်လူတွေ ဒါကို ရသွားလို့ စားလို့သောက်လို့လည်း မရ၊ ရှူရှိုက်လို့လည်း မရ။ ဟီးရိုးအင်း ဘိန်းဖြူအဖြစ် ပြောင်းလဲပစ်ဖို့ကလည်း မတတ်နိုင်။ ဒါကြောင့် စိန်ဝါ အဆင့်လောက်ပဲ ထုတ်လုပ်ခြင်းပါ။ တကယ်လို့ တဆင့်တက်ပြီး ဘိန်းဖြူ ထုတ်လုပ်ပြီး ရောင်းချမယ် တဲ့။ ဒါဆို ဟောဒီ “လွတ်မြောက်နယ်မြေက ပြည်သူလူထုတွေ” ကို ဘိန်းဒုက္ခ ပေးလိုက်တာ ဖြစ်သွားမှာပေါ့ဗျ။ နောက်ဆက်တွဲ အကျိုးဆက်က တွေးဆလို့ကို မရနိုင်တော့ဘူး။ နောက်ပြီး စိန်ဝါ ထုတ်လုပ်ပြီး ရောင်းချရတဲ့ အမြတ်အစွန်းကို ကျနော်တို့ ချိန်ဆပါတယ်။ ကျနော်တို့ ရိုးရိုး ဘိန်းမည်းကနေပြီး စိန်ဝါ အဖြစ် ပြုပြင် ပြောင်းလဲလိုက်တယ်၊ ဒါကို ထိုင်း မြန်မာ နယ်စပ်က မူးယစ်ဆေးဝါး ဂိုဏ်းဆီကို ရောင်းချပေးလိုက်တယ်။ ရလာတဲ့ အမြတ်ငွေက သာမန် ဘိန်းမည်းကို ရောင်းချလိုက်တာနဲ့ အမြတ်အစွန်းက တအား ကွာတာကိုးဗျ။ တကယ်လို့ ကျနော်တို့ လုပ်နိုင်တယ် ဆိုရင် ထိုင်းမြန်မာ နယ်စပ်မှာ စိန်ဝါကို ဓာတုဗေဒ နည်းနဲ့ ထပ်ဆင့် ပြုပြင် ထုတ်လုပ်လိုက်ရင် ဟီးရိုးအင်း ဘိန်းဖြူ အဖြစ်နဲ့ ထုတ်ရောင်းနိုင်ပြီလေ။
ထိုတုန်းက ထိုင်းမြန်မာ နယ်စပ်လမ်းက ဟီးရိုးအင်း ဘိန်းဖြူရဲ့ မှောင်ခိုလမ်းကြောင်းဖြစ်ပါတယ်။ အဲဒီမှာ ဈေးကောင်း ရပါတယ်။ ဒါဟာ ဂုဏ်ရှိန်ကြီးမြင့်သူတို့ရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုရဲ့ ရွှေငွေတွေပါပဲ။
အထက်က ဖော်ပြခဲ့တဲ့ အကြောင်းရင်းတွေကြောင့် “5-1 အဖွဲ့”က ဘိန်းစိုက် တောင်သူတွေကို အားပေးအားမြောက် ပြုပြီး ဘိန်းကနေ အခွန်တွေ ရရှိပါတယ်။ တဖန် ထွက်သမျှ ဘိန်းအားလုံးကို သိမ်းကြုံး ၀ယ်ယူပြီး မြန်မာအစိုးရ စစ်တပ် တင်းတင်းကြပ်ကြပ် ထိမ်းချုပ်ထားတဲ့ နယ်မြေထဲဆီ ပို့၊ စက်ရုံမှာ ပြုပြင်ပြီး စိန်ဖြူအဖြစ် ထုတ်လုပ်ပြန်တယ်။ တဒင်္ဂ အချိန်လေးမှာပဲ ဘိန်းပြုပြင် မွမ်းမံတဲ့ စက်ရုံ အလုပ်ရုံတွေဟာ အရှေ့မြောက်စစ်ဒေသ အသီးသီးမှာ စုပြုံပြီး ထုတ်လုပ်ကြပါတယ်။ အဲသလိုမျိုး ထုတ်လုပ်တဲ့ လှုပ်ရှားမှုကြီးက လောကတခွင်မှာတော့ ယုတ္တိ ယုတ္တာ ရှိရှိ တရားနည်းလမ်း အလွန်ကျတဲ့ အများအကျိုးအတွက် ဆိုတဲ့ မော်ကွန်းတင် စကားတွေ ဆိုပြီး ရှေ့ဆက် စခန်းသွားကြတာတွေပါပဲ။ ဒီလိုနဲ့ လက်ချည်း ဗလာသာ ရှိတဲ့ အရှေ့မြောက် စစ်ဒေသက တအားကို ချမ်းသာ ကြွယ်ဝလေတော့တယ်။ ကျန် တခြား စစ်ဒေသ နယ်တွေက အသင်းအဖွဲ့တွေကလည်း ထိုစဉ်တုန်းက လင်းချည်တခါ မှိန်ချည်တလှည့် မှောင်မိုက် တလီ နည်းဗျူဟာနဲ့ လူတွေ မသိတ၀က် သိတ၀က် အနေအထားကနေ အရှေ့မြောက် စစ်ဒေသရဲ့ ဓနငွေကြေး ဖွံ့ထွားလာတဲ့ လမ်းစဉ်အတိုင်း တက်တက်ကြွကြွ အားခွန်စိုက် စမ်းသပ်ထုတ်လုပ်ကြဖို့ စိုင်းပြင်းလေတယ်။
x x x x x
ဗကပ ဗဟို နိုင်ငံရေး ဌာနက အရှေ့မြောက်စစ်ဒေသရဲ့ ဘဏ္ဍာရေး လာရာ အရင်းအမြစ်ကို အလျင်အမြန်ပဲ အထင်အရှား သိသွားပါတယ်။ တခြား စစ်ဒေသအသီးသီးက ဒါကို နိုင်ငံရေးအဖြစ် မဆောင်ရွက်သေးခင် 19-8-1980 နေ့မှာ အရှေ့မြောက် စစ်ဒေသ ဘဏ္ဍာရေး ဌာန “5-1 အဖွဲ့” နဲ့ အဖွဲ့သား အားလုံးကို ဗဟိုလက်အောက်ခံအဖြစ် ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီ အဖွဲ့အစည်းကို “8-19” အဖြစ် သတ်မှတ်လိုက်တယ်။ “8-19” တာဝန်ခံကတော့ ဗကပ ဗဟို ဒုဥက္ကဋ္ဌ သခင်ဖေသိန်း ဖြစ်ပါတယ်။ အဓိက အဖွဲ့ဝင်တွေကတော့ ဦးကျော်မြင့်၊ ဦးကျော်နန်း၊ စူးခန်းချဲန် (ပုသိမ်ဇာတိ)၊ ကျန်းတက်ဝံ နဲ့ ရန်းတက်မော တို့ ဖြစ်ကြပါတယ်။ ကျန်းတက်ဝံ၊ ရန်းတက်မော တို့က ကိုးကန့်သားတွေ ဖြစ်ကြတယ်။ “8-19” ဖွဲ့စည်းလိုက်ခြင်းဟာ ဘိန်းကူးသန်း ရောင်းဝယ်မှု နဲ့ မူးယစ်ဆေးဝါး ပြုပြင် ထုတ်လုပ်မှုတို့ကို အများသိ ဗြောင် ဖွင့်ချမှုတရပ် ဖြစ်ကြောင်း ဖွင့်ပြလိုက်တဲ့ အပြင် တချိန်တည်းမှာပဲ ဘိန်းကူးသန်းရောင်းဝယ်မှုရဲ့ အမြတ်အစွန်းဟာ တခြား အသုံးစရိတ် အသီးသီးရဲ့ ရင်းမြစ်ဖြစ်တွေ ဖြစ်သွားရလေတယ်။
၁၉၈၅ ခုနှစ် မတိုင်ခင်က ယူနန် မြန်မာ နယ်စပ်မှာ အနုစိတ် ပြန်လည် မွမ်းမံပြုလုပ်တဲ့ ဟီးရိုးအင်း ဘိန်းဖြူ ထုတ်လုပ်မှုမျိုး လုံးဝကို မရှိသလောက် နီးပါးပါပဲ။ နယ်စပ်မြို့ငယ်လေးတွေ ရွာတွေမှာ ၅၀ နှစ်တွေတုန်းက ကြွင်းကျန် ချန်ရစ်ထားခဲ့တဲ့ ဘိန်းစားတွေက ဘိန်းမည်းကို ရှူကြ၊ စားသုံးကြပါတယ်။ ဒါကြောင့် နယ်မြေတွင်းကို ချည်းနင်း ၀င်ရောက်လာတာက မှောင်ခို ဘိန်းစိမ်း (ဘိန်းမည်း)တွေသာ ဖြစ်ပါတယ်။ ဘိန်းမည်းတွေရဲ့ စူးရှရှ အနံ့အသက်ကြောင့် ရှာရဖွေရတာ အင်မတန် လွယ်ကူလှပါတယ်။ နောက်ပြီးတော့လည်း ဘိန်းကို ရှူရှိုက်ဖို့ ဆိုတာမှာ ဟိုဟာ ဒီဟာ ပစ္စည်း ကိရိယာတွေက လိုအပ်နေပြန်ပါသေးတယ်။ တယ်ပြီး ကရိကထ များလှတာကိုး။ ဒါကြောင့် ခေတ်လူငယ်တွေနဲ့က တယ်ပြီး အဆင်မပြေလှဘူး။ ခုခေတ်မှာက လူငယ်တွေဟာ အဆင်သင့် ဖြစ်နေတာကိုပဲ ဦးစားပေးကြတာ များပါတယ်။
၁၉၇၆ နွေနှောင်း ဆောင်းအကူး ရာသီရဲ့ တနေ့တ၌ ယူနန်ပြည်နယ် နယ်စပ်မျဉ်းနံဘေး တနေရာ တက်ဟုန်ကြိုး လက်နက်ငယ် ဆင်ထားတဲ့ ရဲတပ်ဖွဲ့ တဖွဲ့ ချုံခို ပုန်းအောင်းနေကြတယ်။ လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့တွေ အထူး အာရုံစိုက်ပြီး ဒီနယ်တကြောကို စူးစိုက် ကြည့်ရှုနေကြတယ်။ နယ်နိမိတ် အပြင်ဘက်ဆီက ခိုင်လုံ အားထားရတဲ့ သတင်းပေးဆီက ရလာတဲ့ သတင်းကြောင့်ပါ။ လူတစုဟာ စိန်ဝါ လို့ ခေါ်တဲ့ မူးယစ်ဆေး ကုန်ပစ္စည်းကို တရုတ်ပြည် နယ်နိမိတ်ကို ဖြတ်ပြီး မှောင်ခို သယ်သွားကြလိမ့်မယ် တဲ့။ ထိုတုန်းက တရုတ် မြန်မာ နယ်စပ်မျဉ်းဟာ ရှေးရိုးစဉ်လာ ဘိန်းစိမ်းတွေ မှောင်ခိုချပြီး နယ်နိမိတ်ကို ဖြတ်သန်းတာက လွဲပြီး အခုလို ထူးခြား ဆန်းပြားတဲ့ မူးယစ်ဆေးဝါး အမျိုးစုံကို ချုံခိုနေသူတွေ မတွေ့ဖူး မမြင်ဖူးကြပါ။ “စိန်ဝါ ဆိုတာ မည်သို့သော အရာများပါလိမ့်” ဒီအမေး ပုစ္ဆာရဲ့ အဖြေကို အဲဒီတုန်းက တရုတ်ပြည် နယ်စပ် ရဲတပ်ဖွဲ့ အရာရှိ အကြပ် တပ်သားတွေခမြာ အဖြေမသိ တဲ့ ပဟေဠိ ဖြစ်နေကြပါတယ်။ ဒီတနှစ်ဟာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ခေတ်မီ ဆန်းပြားတဲ့ အသွင်နဲ့ တပ်ဆင် ဖွဲ့စည်းထားတဲ့ အခါ သမယ ဖြစ်နေပါတယ်။ မူးယစ်ဆေးဝါးကို ရှာဖွေ ဖမ်းဆီး ၀ရမ်းထုတ်ထားတဲ့ ဒီလို အခါ သမယ မျိုးမှာ အားကောင်းမောင်းသန် နုပျို လန်းဆန်းတဲ့ ရဲအရာရှိ လုလင်ပျိုတို့ အနေနဲ့ ပြောရမယ်ဆို ဒါဟာ သူတို့အတွက် သင်ခန်းစာ အသစ် တခု ဖြစ်လို့ နေပါတယ်။
သူတို့ အသက်မရှူဘဲ ဂရုတစိုက် စူးစိုက် ကြည့်နေတဲ့ ပစ်ကွင်းထဲဆီ ပစ်မှတ်တွေက ကုပ်ချောင်းချောင်းနဲ့ တရွေ့ရွေ့ ချည်းကပ်လို့ လာနေပါတယ်။ လက်စသတ်တော့ လက်နက် တပ်ဆင်ထားတဲ့ လား အကောင်ရေ ဆယ်လီကျော်နဲ့ ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်တဲ့ တပ်ဖွဲ့ ဖြစ်နေပါတယ်။ ပစ်ကွင်းထဲ ၀င်လာကြသူတိုင်း စစ်ယူနီဖောင်းတွေ ၀တ်ဆင်ထားကြတယ်။ တပ်ဖွဲ့ အဆောင်အယောင် အမှတ်တံဆိပ်တွေ တခုမှ တပ်မထားကြပါ။ ကိုင်ဆောင်ထားကြတာက ၅-၆ အမျိုးအစား တော်မီဂန်း၊ ၆၂ အမျိုးအစား မရှင်းဂန်းတွေ ဖြစ်တယ်။ “တိုက်” ဆိုတဲ့ အမိန့် ပေးလိုက်တာနဲ့ မိနစ်ပိုင်း အတွင်းမှာပဲ ဒီအုပ်စုကို အပြင်းအထန် နှိမ်နင်းပစ်လိုက်တယ်။ ချက်ချင်းပဲ စစ်ဆေး မေးမြန်းတော့ အဖြေ ထွက်လာတယ်။ ခု စိန်ဝါ မှောင်ခို သယ်ချလာတဲ့ အဖွဲ့ဟာ ဗကပ ပြည်သူ့တပ်မတော်ရဲ့ “အထူးပစ္စည်း” သယ်ဆောင်ရေး တပ်ဖွဲ့ ဖြစ်နေတယ်။ အထက်အမိန့်နဲ့ တရုတ်ပြည် နယ်နိမိတ်ကို (ငှားရမ်း) ကျော်ဖြတ်ပြီး တောင်ဘက်ပိုင်း ထိုင်းမြန်မာနယ်နိမိတ်ဆီ တိတ်တဆိတ် လျှို့ဝှက် ပို့ဆောင်ပြီး အမြတ်ထုတ်ဖို့ ဖြစ်နေပါတယ်။
ဒါဟာ တရုတ်ပြည်နယ်စပ်စောင့် လက်နက်ကိုင် ရဲတပ်ဖွဲ့က ဗကပ ပြည်သူ့တပ်မတော် ပါဝင် ပတ်သက်နေတဲ့ ဘိန်းကုန်ကူးမှု သာဓက အမှုအခင်း တခု ဖြစ်ပါတယ်။ တကယ့်တကယ်တော့ ဒီအမှု အခင်း မတိုင်ခင် ကတည်းက ဒီလို ခိုးကြောင် ခိုးဝှက်နဲ့ သယ်ယူ ပို့ဆောင်နေတာဟာ ရှေး ယခင်ကတည်းက ရှိနေနှင့်ပြီး ဖြစ်ပါတယ်။ အခု လက်ပူးလက်ကြပ် ဖမ်းဆီးခံရချက်က ရွှေတြိဂံ မြောက်ပိုင်းဆီ ရွှေ့ပြောင်း တိုးချဲ့ဖို့ တင်ကြိုဆောင်ရွက်ချက်ဟာ အတိတ် နိမိတ် မကောင်းတဲ့ အသွင်မျိုးဖြစ်ပါတယ်။ အသက်ရှင် ရပ်တည်ရေး အသုံးစရိတ် ပြေလည်ရေး ပြဿနာအတွက် ဗကပ လက်အောက်ခံ အဖွဲ့ခွဲလေးတွေဟာ အမြန် အဆန် ချမ်းသာ ကြွယ်ဝကိန်းဆိုက်ဖို့ ရှေးရိုးစဉ်လာ “ဘိန်းကူးသန်းရောင်းဝယ်ရေး” လုပ်ငန်းခွင်ထဲ စတင် အခြေချနေလေပြီ။
“8-19” အဖွဲ့ ပေါ်ထွက်လာတဲ့နောက် မြန်မာပြည်မြောက်ပိုင်းမှာ တခနချင်းပဲ မူးယစ်မှိုင်းလုံးတွေ ဝေလေတော့တယ်။ စိန်ဝါ ပြုပြင် ထုတ်လုပ်တဲ့ စက်ရုံတွေလည်းပဲ တဖြိုက်နှစ်ဖြိုက် ရွာသွန်းလိုက်တဲ့ မိုးရဲ့ နောက်က လိုက်ပါ ပေါ်ထွက်လာတဲ့ မျှစ်စို့တွေ အလားပါပဲ။ ရှေးဦးဆုံးတော့ တရုတ်ပြည် ၀မ်တိန်း မျက်နှာချင်းဆိုင်က ပန်ဆိုင်းမှာ “8-19”အဖွဲ့က စိန်ဝါ ပြုပြင် မွမ်းမံ ထုတ်လုပ်တဲ့ စက်ရုံ တည်ဆောက်လိုက်ပါတယ်။ သူတို့ဟာ “ဆရာကြီး” (ကျွမ်းကျင် ထုတ်လုပ်တဲ့ ဆရာသမား) ကို ပင့်လာကြတယ်။ ဆရာကြီးရဲ့ ညွှန်ကြားတဲ့ နည်းပညာအတိုင်း ထုတ်လုပ်တယ်။ “စိန်ဝါ”က ဒီလိုနဲ့ တာထွက် ခရီး နှင်လေတော့တယ်။ ထိုတုန်းက စိန်ဝါ ၁ မီလီဂရမ် ထွက်ရှိဖို့ ဘိန်းစိမ်း 7.5 မီလီဂရမ် လိုအပ်ပါတယ်။ စိန်ဝါ စက်ရုံတရုံက တနေ့ကို ၁၅-၂၀ မီလီဂရမ် ထုတ်လုပ်နိုင်ပါတယ်။
“5-1” အဖွဲ့ သိမ်းဆည်း ၀ယ်ယူတဲ့ ဘိန်းစိမ်းက ဈေးအင်မတန် သက်သာပါတယ်။ ဒီ အဖွဲ့လေးက နှစ်စဉ် ၇.၅-၈ တန်ခန့် ၀ယ်ပါတယ်။ ၀ယ်တဲ့ နှုန်းက ၁ ကီလိုဂရမ်ကို ၁၃ လောင်လျဲ့ ရှိပါတယ်။ လောင်လျဲ့ ဆိုတာက ဗကပ လွတ်မြောက်နယ်မြေ ဒေသသုံး ငွေကြေးစနစ်ပါ။ ၁ လောင်လျဲ့က ၆၀ ခုနှစ်တုန်းက တရုတ်နိုင်ငံ ငွေကြေး ၁၀ ရမ်မီဘီ နဲ့ ညီမျှပါတယ်။ ဘိန်းစိမ်း ၁ ကီလိုဂရမ် ၀ယ်ဈေးက ရမ်မီဘီ ၁၀ ၀န်းကျင် ရှိပါတယ်။ အခု ဈေးနှုန်းနဲ့ နှိုင်းယှဉ်တွက်ချက်လိုက်ရင် မိုးနဲ့မြေလို ကွာခြားပါလိမ့်မယ်။
“8-19” ဖွဲ့ပြီးတဲ့နောက် ဘိန်းစိမ်း ၀ယ်ယူမှု နှစ်စဉ် တိုးလာပါတယ်။ တိုးတာမှ ကြီးကြီးကျယ်ကျယ်ကို တိုးတာပါ။ တနှစ်တနှစ်ကို တန်ချိန် ၄၅-၅၀ ရှိပါတယ်။ အကျိုးအမြတ်က ၁၀၀၀-၁၂၀၀ ယွမ်ငွေ ရှိတယ်။ ဒီကိန်းဂဏန်းဟာ ထိုတုန်းကတော့ အတော့်ကို မျက်လုံးပြူး မျက်ဆံပြူးရတဲ့ ကိန်းဂဏန်းပါ။ ဒီလိုနဲ့ ဗကပ တပ် တနှစ်ကို ဘိန်းစိမ်း ရောင်းဝယ်မှုကနေ အမြတ်အစွန်း ဘယ်လောက် ရရှိနေသလဲ ဆိုတာကို တွက်ယူလို့ ရနေပါတယ်။ ဒီကိန်းဂဏန်း စာရင်း ဇယားတွေထဲမှာ ဗကပ ကေဒါကြီးတွေရဲ့ တဦးချင်း အစိတ်အပိုင်းတွေ မပါဝင်သေးပါ။
အမြတ်အစွန်း သွားရည်ယိုလောက်တဲ့ ထက်သန်တဲ့ လှုံ့ဆော်မှုတွေက နယ်မြေ အသီးသီးက စိန်ဝါ ထုတ်လုပ်တဲ့ စက်ရုံတွေက စတင်ပြီး များများစားစား ထုတ်လုပ်လေတော့မပေါ့။ ဒီလိုနဲ့ပဲ စက်ရုံ ဆိုတာလည်း မူလက စက်ရုံ တလုံး ရှိတာကနေပြီး သုံးလေးငါးလုံး၊ ပြီးတော့ တဟုန်ထိုး တိုးတက်သါားတာ အလုံးပေါင်း ၈၀ ကျော်တွေ ဖြစ်ကုန်တော့တယ်။ ကွတ်ခိုင်၊ မုန်းရိုး၊ ကိုးကန့်၊ ကျင်ပေ (ကျိုင်းတုံမြောက်ဘက်)၊ ပေဟွ (၀ မြောက်ပိုင်း)၊ နန်းဟွ (၀ တောင်ပိုင်း)၊ ဆယ်လန့် အစရှိတဲ့ နေရာတွေ တပ်ခွဲချထားတဲ့ နေရာတိုင်း လိုလိုမှာ ပြုပြင် မွမ်းမံရေး စက်ရုံတွေ အများအပြား ဆောက်လုပ်ကြလေတယ်။
အလွှာအဆင့် အသီးသီးက ဗကပကေဒါတွေ တစစနဲ့ “8-19” တို့ရဲ့ ဓန ကြွယ်ရေး နဲ့ ပိုက်ဆံ ရွှေငွေတို့ရဲ့ သဘောသကန်ကို သိရှိသွားကြလေတယ်။ ဒါနဲ့ပဲ အမျိုးမျိုး အဖုံဖုံသော ပတ်သက်ရာ ပတ်သက်ကြောင်းတွေ၊ ခင်မင်ရာ ခင်မင်ကြောင်းတွေကို အားကိုးအားထား အသုံးချပြီး “8-19” “အထူးကုန်ပစ္စည်း” ကုန်သွယ်ရေးထဲ အတင်း ထိုးဖောက် တိုးဝင်ကြလေတယ်။ တချို့ ကိုယ့်လက်ထဲ လုပ်ပိုင်ခွင့် အာဏာ ဆုပ်ကိုင်ထားကြတဲ့ အဆင့်ဆင့်သော အရာရှိ အရာခံတို့ကလည်း မတူညီကြတဲ့ အဆင့်အလွှာကနေ အကျိုးအမြတ် မြက်မြက်ကလေး ရရှိတဲ့ ဒီ ရေစီးကြောင်းထဲ နှစ်ဝင် နှစ်ဝင်ရင်းက အဆုံးမတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆွဲနှုတ်မယူကြတော့ချေ။
၈၀ ခုနှစ် အလယ်ပိုင်း နဲ့ နောက်ပိုင်းကာလ။ ဗကပ အဆင့်မြင့် ကေဒါကြီးတွေ အနည်းနဲ့အများ ဘိန်းကုန်သွယ်ရေးထဲ စုန်ဆန် ကူးခတ်နေကြချေလေပြီ။ တချို့က မိမိတဦးတည်း ကိုယ်ပိုင်း စက်ရုံ ထောင်ပြီး အကျိုးအမြတ်တွေ သဲ့ယူကြတယ်။ တချို့လည်းပဲ ကိုယ်ပိုင် မထောင်နိုင်တော့ အစုရှယ်ယာ ၀င်တာမျိုး လုပ်ကိုင်ကြတယ်။ “8-19” ယန္တယားထဲက ကေဒါတွေကတော့ “ရေစပ်နဲ့နီးကပ်တဲ့ ပြဿဒ်အဆောင်ကာလကို အရင်ရတယ်” လူအများအပြားက အများ ဘုံပိုင် ဘိန်းစိမ်းတွေ စီးပွားဖြစ် သယ်ပို့တဲ့ ကြားထဲမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် ပြုပြင် မွမ်းမံထားတဲ့ ဘိန်းကိုပါ မလိမ့်တပတ်နဲ့ ရောနှော ပေါင်းထည့်ထားပါတယ်။ အများဘုံပိုင်နဲ့ ပုဂ္ဂလိက တဦးချင်းပိုင်း စာရင်း ဇယားတွေကို မရှင်းမရှင်း လုပ်ထားကြတယ်။ အဲဒီ မလိမ့်တပတ်မျိုး လုပ်ခဲ့ဖူးတဲ့ သာဓကကို အောက်ဘက်မှာ ပြည့်ပြည့်စုံစုံ သရုပ်ဖော် ရေးပြထားပါတယ်။
ဥပမာ - “8-19” ဖွဲ့စည်းပြီး မကြာခင်မှာ ဗကပ ဗဟိုနိုင်ငံရေး ကော်မတီဝင် ကောင်းတုံး ရဲ့ ယောက်ဖ ချဲန်ဝှမ့်စိန်းက ဒီအဖွဲ့ထဲ အားဖြည့် ပါဝင်လာတယ်။ လုပ်ပိုင်ခွင့် အာဏာ အတန်အသင့် ရှိတယ်။ နောက်ပိုင်းတွေမှာ ဘုံပိုင်တဲ့ ငွေကြေးတွေနဲ့ တဦးတည်းပိုင် ပုဂ္ဂလိက အရောင်းအ၀ယ်တွေ လုပ်ကိုင်ပါလေရော။ ရလာတဲ့ အမြတ်အစွန်းကို အထက်ကို မပေးအပ်ဘဲ နေပါတယ်။ ချဲန်ဝှမ့်စိန် လုပ်သမျှ ကိုင်သမျှတွေ အားလုံးကို ပြည်သူ့တပ်မတော် တပ်ဖွဲ့ အတွင်းမှာ ကြီးကျယ်တဲ့ မကျေနပ်မှုကြီးတွေ ဖြစ်လာပါတယ်။ ၁၉၈၆ ခုနှစ်မှာ ချဲန်ဝှမ့်စိန် သူ့ရဲ့ ဇာတိရွာ ပြန်ပြီး ဆွေတွေမျိုးတွေနဲ့ တွေ့လေတယ်။ ဗကပ ဗဟိုနိုင်ငံရေး ဌာနက သက်ဆိုင်တဲ့ စာရင်းအင်းတွေ ရှင်းပြုပြီးမှသာ သွားခွင့်ပြုတယ် ဆိုတဲ့ အမိန့်ကို ချလိုက်ပါတယ်။ အများစု သဘောတူ ချမှတ်တဲ့ အမိန့်ကို သခင်ဖေသိန်း ဒုဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ ချဲန်ဝှမ့်စိန်ကို သွားခွင့် ပြုလိုက်ပါတယ်။ ဒါဟာ သူ့ယောက်ဖ (အစ်မရဲ့လင်) ကောင်းတုံ မျက်နှာကို ထောက်ထားပြီး ဒုဥက္ကဋ္ဌ သခင် ဖေသိန်းက အများရဲ့ သဘောတူချက်ကို သွေဖီလိုက်ခြင်းပဲ ဖြစ်တယ်။ ချဲန်ဝှမ့်စိန်လည်း သခင်ဖေသိန်း ခွင့်ပြုချက်ကို အသုံးချပြီး မွေးရပ်မြေ ခရီးက ပြန်ကို မလာတဲ့ အပိုင်ခရီး ဖြစ်သွားလေတယ်။ အတွင်းသိ အစင်းသိတို့ရဲ့ ထုတ်ဖော်ချက်အရ ချဲန်ဝှမ့်စိန်း ထိုစဉ်က သယ်ဆောင်သွားတဲ့ ဓနငွေကြေးတွေက သူ့ဘ၀ တသက်တာ သုံးမကုန် ဖြုန်းမကုန်နိုင်တဲ့ ငွေကြေးတွေ ဖြစ်ပါသတဲ့။
အဲဒီလိုမျိုး အခွင့်အာဏာ လုပ်ပိုင်ခွင့်တွေနဲ့ အရောင်းအ၀ယ်တွေ အပေးအယူတွေ လုပ်ကြတာတွေဟာ နောက်ဆုံးမှာတော့ ထိန်းမနိုင် သိမ်းမရတွေ ဖြစ်ကုန်လေတယ်။ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး အဖွဲ့ရဲ့ လျှို့ဝှက်ချက် ဖော်ထုတ်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် အရ သိရတာကတော့ ဗကပ ပြိုကွဲ ပျက်ပြုန်းသွားတဲ့ အချိန်အထိ သခင် ဗသိန်းတင် အစရှိတဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ရောင်းဝယ်ရေး ရေစီးကြောင်းထဲ ၀င်ရောက်လာမှု မရှိတာက လွဲပြီး ဗကပ အဆင့်မြင့် ကေဒါတွေ အားလုံးနီးပါးဟာ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချတာကနေ အမြတ်အစွန်း အများအပြား ရရှိသွားကြပါတယ်။ ဗကပ လက်နက်ကိုင် တပ်ဖွဲ့ဟာ ဘိန်းကုန်ကူး ရောင်းဝယ်တာ၊ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချတာကနေ ရရှိတဲ့ အသုံးစရိတ်က ကြာလေ ကြာလေ နည်းနည်းလေ ဖြစ်လာပါတယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းကို ဆောင်ရွက်လုပ်ကိုင်ကြသူတွေရဲ့ ခါးမှာ သိုင်းချည်ထားတဲ့ ပိုက်ဆံအိတ်ကတော့ ဖောင်းပြီးတိုင်း ဖောင်းကားလာပါတယ်။ သူတို့တတွေ ဆူဖြိုးပြီးတိုင်း ဆူဖြိုး ၀လင်လာပါတယ်။
“8-19”ကို ၁၉၈၀ က စတင် ဖွဲ့စည်းပြီး ၁၉၈၅ ရောက်တဲ့အထိ အပေါ်ကြောက ကြည့်လိုက်ရင်တော့ အများအကျိုး ဆောင်ပိုးပြီး တရားဥပဒေကို စောင့်ထိန်းတဲ့ ယန္တယားအဖွဲ့ လို့ ထင်မြင်ကြတာပါ။ ဖွဲ့စည်းပုံကလည်း အရမ်းကို တင်းကြပ်တယ်။ အဲဒါနဲ့ စပ်လျဉ်းပြီး အဓိက အကြောင်းအချက် ၂ ချက်ကို ထောက်ပြပါမယ်။
(၁) ဘိန်းစိန်းကနေ ပြုပြင် ပြောင်းလဲခြင်းက အခြေခံအားဖြင့် သယ်ယူပို့ဆောင်ရေးမှာ အဆင်ပြေ လွယ်ကူတယ်။ စားသုံး၊ သောက်သုံး၊ ရှူရှိုက်လို့ မရတဲ့ စိန်ဝါ ဖြစ်နေတယ်။
(၂) လက်ဝါးကြီးအုပ် ထိန်းချုပ် ဖြတ်တောက်တဲ့အဖွဲ့ ဖြစ်တယ်။ မူးယစ်ဆေးဝါး ကုန်ပစ္စည်း အားလုံးနီးပါးက ထိုင်းမြန်မာ နယ်စပ်မှာ အရောင်းအ၀ယ် လုပ်ကြတာပါ။ တရုတ်ပြည်ကို ခေတ္တ ယာယီ အနေနဲ့ ဘေးဒုက္ခ မပေးနိုင်သေးပါ ဆိုတဲ့ နှစ်ချက်ပါပဲ။
အစပိုင်းတုန်းကတော့ မူးယစ်ဆေးဝါးမှောင်ခိုချမှုက တရုတ်ပြည် နယ်နိမိတ် အတွင်းပိုင်းကို အသုံးမပြုသေးပါ။ ထိုင်းနဲ့လောဘက်ဆီကိုသာ အဓိက ဦးတည်ပါတယ်။ ၈၀ ခုနှစ် နောက်ပိုင်း ဗကပ တပ်ဖွဲ့ထဲက တားမြစ်ချက် အမိန့်ကို ချိုးဖောက်လိုက်ပါတယ်။ အလုံးအရင်းနဲ့ တရုတ်ပြည် နယ်နိမိတ် အတွင်းမှာ မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ်လေတယ်။ မျက်နှာစာဟာ ထိုအချိန် ထိုကာလက အစပြုပြီး ထိန်းမနိုင် သိမ်းမရ အချီကြီးတွေ ဖြစ်ပြီးရင်း ဖြစ်သွားလေတယ်။
ထိုတုန်းက ဗကပတို့ စိန်ဝါ ထုတ်လုပ်မှု နဲ့ မှောင်ခိုချတဲ့ လုပ်နည်းလုပ်ဟန်က ဒီလိုပါ- ဗဟိုရဲ့ “8-19”က စစ်နယ်မြေဒေသ အသီးသီးမှာ တချို့အပိုင်းတွေ ခွဲပြီး လုပ်ကိုင်ပါတယ်။ ဒါကို အလွှာအသီးသီးက ဘဏ္ဍာရေးဌာနတွေက တာဝန်ယူကြပါတယ်။ ပါတီ ဒါမှမဟုတ် စစ်တပ်က အရေးပါတဲ့ ခေါင်းဆောင်တွေက ဒီအဖွဲ့အစည်းကို တိုက်ရိုက် ညွှန်ကြားတာတို့ ထိန်းချုပ်တာတို့ ရှိပါတယ်။ စစ်ဒေသ အသီးသီးရဲ့ လုပ်နည်းလုပ်ဟန် မတူကြပါ။ တချို့က သီးခြားစခန်း “အထူးထုတ်ကုန်” ကုန်သွယ်ရေး ကုမ္ပဏီတွေ တည်ထောင်ကြပါတယ်။ ဥပမာ အရှေ့မြောက်စစ်ဒေသမျိုးပေါ့။ တချို့ဆို အခြေခံတပ်ဖွဲ့ အလွှာ အသီးသီးကနေ တာဝန်တွေ ခွဲဝေပေးတဲ့ ပုံစံမျိုးတွေပေါ့။ သာဓက အားဖြင့် “8-19” စစ်ဒေသမျိုး။ အဲဒီ ယန္တယား အဖွဲ့အစည်းတွေက ဘိန်းနဲ့ ပြုပြင် မွမ်းမံထားတဲ့ စိန်ဝါရဲ့ ပြီးပြည့်စုံတဲ့ အစိတ်အပိုင်းတွေ မဟုတ်သေးချေ။ ထိုတုန်းက စည်းကမ်း သတ်မှတ်ထားချက်အရ ဆိုရင် ဒီ လက်အောက်ခံ ယန္တယားအဖွဲ့တွေဟာ သူတို့ရဲ့ အခြေခံကျကျ လုပ်ရမယ့် တာဝန်က ဘိန်း ၀ယ်ယူ သိမ်းဆည်းရေးသာ ဖြစ်တယ်။ စိန်ဝါ ဖြန့်ဖြူး ရောင်းချတဲ့ အခွင့်အာဏာ မရှိပါဘူး။ စိန်ဝါကို အထူး သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ခွဲကသာ စောင့်ကြပ် ပို့ဆောင်ရပါတယ်။ အဲဒီ ပို့ဆောင်ရေး တပ်ဖွဲ့က “8-19” က သတ်မှတ်ထားတဲ့ လျှို့ဝှက် ဆုံချက်ဆီ သယ်ဆောင်သွားရမယ်။ နောက်မှ ထပ်မံပြီး သီးခြား ကျွမ်းကျင်သူက ကြပ်မတ် စစ်ဆေးပြီး ဂိုဒေါင်သွင်းရမယ်။ ခရီးစဉ်အစကနေ ထိုင်းမြန်မာနယ်စပ်ရောက်လို့ ကိစ္စ ပြီးမြောက်သည်အထိ တခြား အဖွဲ့အစုက တာဝန်ယူကြရပါတယ်။ သူတို့ဟာ စိန်ဝါကို ဖြန့်ချိ ရောင်းချမယ့် အထူး သတ်မှတ်ထားတဲ့သူတွေ ဖြစ်ရပါမယ်။ ဒီတော့ ဘိန်း သိမ်းဆည်းဝယ်ယူတာ စိန်ဝါဖြစ်အောင် မွမ်းမံပြုပြင်တာ ဒီနှစ်ခုကို တသီးတခြား တာဝန် ခွဲခြားထားပါတယ်။ လမ်းကြောင်း ၂ ကြောင်းဟာ ဒွေးရောယှက်တင် ပူးသွားလို့ မဖြစ်ပါဘူး။
ဒီအချက်ဟာ “8-19” အတွင်းပိုင်းမှာ တည်ဆောက်ထားတဲ့ ဘဏ္ဍာရေး အ၀င်အထွက် စာရင်းဇယား မှတ်တမ်းတင်ရာမှာ အသေးစိန် ရေးမှတ်ထားပါတယ်။ အဖွဲ့ဝင်အင်အား လုပ်ခငွေကြေး ပြုပြင် မွမ်းမံမှု၊ ကုန်ကျမှု၊ ရင်းနှီးငွေ၊ လက်လီလက်ကားဖြန့်ချိရေးဈေးနှုန်း၊ တသုတ်တသုတ် ကုန်ပစ္စည်းရဲ့ အမြတ်အစွန်း အစရှိတဲ့ စာရင်းအင်းတွေဟာ သေးနုပ်တဲ့ အကြောင်းကိစ္စ မဟုတ်ပါလို့ ပြောနိုင်ပါတယ်။ စာရင်းအင်းထဲ အစွမ်းကုန် ထည့်ရေးထားပါတယ်။ “8-19” က တဒင်္ဂ အချိန်တိုကလေးမှာ အာဏာကို အိတ်သွန်ဖာမှောက် အစွမ်းကုန် သုံးလိုက်ပါတယ်။ အကြိမ်တိုင်း ကြီးမားတဲ့ “အထူးကုန်” သယ်ယူပို့ဆောင်ရေး၊ ရောင်းချရေးတွေမှာ အရေးပါတဲ့ ပုဂ္ဂိုလ်ကို စေလွှတ်ပြီး ကိုတိုင် ကြီးကြပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး အခွင့်အာဏာ၊ အလွန်ကြီးမားတဲ့ အမြတ်အစွန်းရတဲ့ အခွင့်အလမ်းကို “8-19” အဖွဲ့သားကို ပေးအပ်လိုက်ပါတယ်။ နောက်ပိုင်းတွေမှာ ဗကပ ခေါင်းဆောင် အများအပြားရဲ့ ဆွေမျိုး သားချင်းတွေကပါ “8-19” အဖွဲ့သားတွေ အဖြစ် ဖြန့်ကျက် ၀င်လာကြတယ်။ သူတို့တွေ တဦးချင်းရဲ့ ခါးပိုက်ဆောင် ပိုက်ဆံအိတ်ထဲမှာ မူးယစ်ဆေးရောင်းဝယ်မှုက လာတဲ့ ငွေမည်းတွေ ဖောင်းကား ပြည့်လျှံလေတယ်။
အပင်ပန်းဆုံး ဆင်းရဲဒုက္ခ အရောက်ဆုံးသူတွေကို အကြမ်းဖျဉ်း ထောက်ပြရမယ် ဆိုရင် အဲဟို ၀ တွေ၊ ကချင်တွေ၊ လားဟူတွေ ဆိုတဲ့ စစ်သည် ရဲဘော်တွေပါပဲ။ ယခင့်ယခင်ကဆို စစ်ချီ စစ်တက်၊ ခရီးထွက် စစ်တိုက်ကြတဲ့ အချိန် အခါတိုင်း သူတို့ရဲ့ ကျောပေါ် ပုခုံးတွေပေါ်မှာ ရိက္ခာခြောက်တွေ၊ သေနတ်တွေ၊ ကျည်ဆံတွေ ထမ်းထား ပိုးထား လွယ်ထားကြရပါတယ်။ ဟော - မူးယစ်ဆေးဝါး ဆိုတဲ့အရာ ချဉ်းနင်းဝင်ရောက်လာတော့ စစ်ချီတဲ့ ခရီးမှာ စိန်ဝါ ဆိုတာ ပါလာတယ်။ တပ်သားတိုင်း မထမ်းရဘူး ဆိုရင်တောင် အနည်းဆုံး ၁-၂ ကီလိုဂရမ် ထမ်းရတယ်။ များပြီလား ဆိုရင် ၃-၅ ကီလိုဂရမ် ဖြစ်သွားရော။ လူများတော့ ခွန်အား များတာပေါ့။ ဟော - လားတွေ၊ မြင်းတွေ မလုံလောက်တဲ့ သယ်ယူပို့ဆောင်ရေးအား အခက်အခဲကို အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားပါလေရော။
၁၉၈၀ နှစ်ကုန်ပိုင်းကနေ ၁၉၈၁ နှစ်ဆန်းပိုင်းအထိ။ ဗကပ တပ်ဖွဲ့က အမှတ် ၆၈ တပ်မ အသစ် ဖွဲ့လိုက်ပါတယ်။ ထိုင်းမြန်မာ နယ်စပ် အခြေစိုက် နယ်မြေ စခန်းတခု ဖွင့်လှစ်ဖို့ ပြင်ဆင်လိုက်ခြင်းပါပဲ။ အခက်ကြီး ခက်နေတာက စရိတ် မရှိဘူးလေ။ လူသူ အင်အား၊ မြင်း လား အင်အား၊ ဖွဲ့စည်း တည်ဆောက်ရမယ့် အနေအထား အထိ တလျှောက်လုံး ဖြစ်မလာသေးပါဘူး။ ဒါကြောင့်လည်း ခရီးရှည် စစ်ချီလို့ မဖြစ်နိုင်သေးပါ။ နောက်ဆုံးမှာ ဗဟိုက ကြိမ်တို့ပြီး မောင်းနေပြီလေ။ မတတ်သာဘဲ ဆုံးဖြတ်လိုက်ရတယ် “8-19” ရဲ့ ဘိန်းနဲ့ စိန်ဝါကို အတင်း “ဆွဲနှုပ်ယူ”ပြီး တပ်မ ၆၈ တပ်ဗိုလ်တပ်သားတွေဆီ ပေးအပ်လိုက်တယ်။ ဒါတွေကို ထိုင်းမြန်မာနယ်စပ် ကူးသန်းရောင်ဝင်မှု ဆောင်ရွကလိုက်တယ်။ ဒီလိုနဲ့ပဲ တပ်ဖွဲ့ အသုံးစရိတ် ရင်းမြစ် ပြဿနာကို ဖြေရှင်းလိုက်ပါတယ်။ ဒါဟာ ထိုင်းမြန်မာ တောင်စွယ် တောင်တန်းတွေ ကြားက ဘိန်းကုန်သွယ်မှု ခရီးလမ်းပန်းတွေထဲက ဘိန်း လက်နက်ကိုင်တပ်ဖွဲ့ ထပ်မံ တိုးလာတယ်။ ဒီအချိန်မှာပဲ ထိုင်းမြန်မာနယ်စပ်မှာ တက်တက်ကြွကြွ လှုပ်ရှားနေကြတဲ့ ယဲန်ရှောင်စွတ် တပ်ဖွဲ့က ကြည့်ပြီး သွားရည် တမြားမြား ကျလို့ လာလေတယ်။ မြန်မြန်ဆန်ဆန်ပဲ သူတို့နဲ့ သဘောတူညီမှု ရသွားပါတယ်။ ထုတ်လုပ်တဲ့ စိန်ဝါ တစိတ်တပိုင်းကို ကန်ထရိုက်ယူ ဖြန့်ချိဖို့ တာဝန်ယူလိုက်တယ်။
ဒီတပ်ဖွဲ့ရဲ့ စစချင်းလုပ်ဆောင်ချက်ကို ဗကပ ချမှတ်ထားတဲ့ စည်းကမ်းချက် အတွင်းက ဘိန်းကူးသန်း ရောင်းဝယ်တဲ့ တပ်ဖွဲ့ စာရင်းထဲ ထည့်သွင်းထားလို့ ရနိုင်ပါသေးတယ်။ ၈၀ ခုနှစ် အလယ်ပိုင်း ကာလကို ရောက်လာတာနဲ့ ခြေလှမ်းတွေ ရှုပ်ထွေးလာတယ်။ အများဘုံပိုင် ဆိုတဲ့ “အထူးကုန်ပစ္စည်း”က ကြာလေကြာလေ လျော့နည်းလေ ဖြစ်လာတယ်။ ပုဂ္ဂလိက တဦးချင်း ကြားညှပ် သယ်ဆောင်လာတယ်။ ကြာလေကြာလေ များလာတယ်။ ဒီအထဲက တဟုန်ထိုး ချမ်းသာ ကြွယ်ဝလာသူတွေထဲက ဆိုရင် - မူလ ယူနန် ပညာတတ် လူငယ် ချဲကျွိ ဟာ အဲဒီထဲက တယောက် ဖြစ်တယ်။ ချဲကျွိဟာ ယူနန်ပြည်နယ် ၀ဲစန်းကြိုးဇာတိ ဖြစ်ပါတယ်။ မိဘတွေ စောစောပိုင်း ကတည်းက အိမ်ထောင် ကွဲသွားကြတယ်။ ချဲကျွိက မိခင်နဲ့ လိုက်ပါပြီ ခွန်မင်းမှာ နေထိုင်ကြတယ်။ ၁၉၆၈ မှာ တရုတ်ပြည်ကြီးက လူငယ်လူရွယ်တွေ ကျေးလက်ဆင်းရေး လှုံ့ဆော်တဲ့ အရေးတော်ပုံကြီးမှာ ချဲကျွိလည်း ခွန်မင်းမြို့ကြီးကနေ နယ်ခြားဒေသဆီ ဆင်းလာပြီး ဆင်းရဲတဲ့ လယ်သမား လူလတ်တန်းစားထဲ ၀င်ပြီး ကိုယ့်ကိုယ်ကို ပြုပြင် ပညာပေးရးမှာ ပါဝင် လုပ်ဆောက်ပါတယ်။ ၁၉၇၀ ရောက်တော့ နယ်စပ်ဖြတ်ကျော်ပြီး ရဲဘော် ချေဂွေဗားရား စိတ်ဓာတ်နဲ့ ဗကပ လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့ထဲ ၀င်လိုက်တယ်။ သူ့ရဲ့ ဒေသခံ ၀တိုင်းရင်းသားတို့ထက် အသိအမြင် ဗဟုသုတ ကြွယ်ဝမှု ဉာဏ်ရည်ထက်မြက်မှု၊ ပင်ပန်းဆင်းရဲ အကြမ်းပတမ်း ခံနိုင်ရည်ရှိမှု ဒါ့အပြင် တိုက်ပွဲမှာ သူရသတ္တိရှိပြီး သေရမှာ မကြောက်တတ်မှု စတဲ့ အရည်အချင်းတွေ၊ တိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့တဲ့ အကျိုးတွေကြောင့် မြန်မြန်ဆန်ဆန်ပဲ ချီးမြှင့် မြောက်စားခံရတယ်။ မကြာခင်မှာပဲ ပြည်သူ့တပ်မတော် အမှတ် ၆ တပ်မဟာရဲ့ နိုင်ငံရေးကော်မတီနေရာကို တင်ပေးလိုက်တယ်။
၁၉၇၈ က စတင်ပြီး အဲဒီ တပ်မဟာက ထိုင်းမြန်မာနယ်စပ်က လက်နက်ကိုင် “အထူးကုန်” စောင့်ကြပ် ပို့ဆောင်တဲ့ တာဝန်ကို ထမ်းဆောင်ရပါတယ်။ စစချင်းတုန်းက ချဲကျွိ အတော့်ကို ကြိုးစားပမ်းစားနဲ့ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်ခဲ့ပါတယ်။ နောက်ပိုင်းတော့ တဖြည်းဖြည်း ပြောင်းလဲသွားတယ်။ ဗကပ အမှတ် ၆ တပ်မဟာ အခြေစိုက်တဲ့ နယ်မြေဒေသ နယ်နိမိတ်က ထိုစဉ်တုန်းက ဗကပ ဗဟိုရုံးစိုက်တဲ့ ပန်ခန်း တောင်ဘက် ခါကျဉ်း မြစ်တောင်ဘက် နယ်မြေဒေသ ဖြစ်ပါတယ်။ ပိုင်းခြားနယ်မြေရဲ့ အင်အား အကျယ်အ၀န်းက ထိုင်း မြန်မာ နယ်နိမိတ်အထိ ရောက်ရှိပါတယ်။ ကာကွယ်စောင့်ကြပ် ပို့ဆောင်ရေး၊ “အထူးကုန်” ရောင်းချရေး ၀တ္တရားတို့ဟာ အလိုအလျောက်ပဲ အမှတ် ၆ တပ်မဟာ အပေါ် သက်ရောက်နေပြီ ဖြစ်တယ်။ ချဲကျွိဟာ “အထူးကုန်” ကိစ္စ ဆောင်ရွက်တာမှာ ပြောင်မြောက်တာကြောင့် ဗကပ ဗဟိုကော်မတီရဲ့ ချီးမွမ်းမှု တလျှောက်လုံး ရခဲ့ပါတယ်။
၁၉၈၅ ခုနှစ်။ ယဲန်ရှောင်စွတ် နဲ့ ခွန်ဆာတပ်ဖွဲ့တို့ ထိုင်းမြန်မာနယ်စပ်မှာ အကြီးအကျယ် တိုက်ကြ ခိုက်ကြပါတယ်။ ယဲန်ရှောင်စွတ် နဲ့ ချဲကျွိတို့ နှစ်ပေါင်းများစွာ အတူ လက်တွဲပြီး စိန်ဝါကို ကန်ထရိုက်ဆွဲ ရောင်းချခဲ့ကြတဲ့ ခင်မင်မှုတွေ ရှိတာကြောင့် ချဲကျွိက သူ့တပ်ဖွဲ့ စေလွှတ်ပြီး ယဲန်ရှောင်စွတ်ဘက်က ၀ိုင်း ကူတိုက်ပေးပါတယ်။ ဒါ့အပြင် ထိုင်းမြန်မာနယ်နိမိတ် ခွန်ဆာရဲ့ ပေ့စန်း အချက်အချာ နေရာတွေကို တိုက်ခိုက် သိမ်းယူလိုက်တယ်။ သိမ်းယူတဲ့ နယ်မြေတွေ အတော်လေး များပါတယ်။ ချဲကျွိ၊ ယဲန်ရှောင်စွတ် တို့ ချဲ-ယဲန် မဟာမိတ် ဖွဲ့လိုက်တယ်။ အဲဒီကတည်းက ချဲကျွိဟာ ထိုင်းမြန်မာ နယ်စပ်မှာ အင်အား ပိုပြီး တည်ငြိမ်သွားတယ်။ အကြောင်းသိသူတွေရဲ့ ဖော်ထုတ်ချက်အရ ၁၉၈၅-၈၉ ခုနှစ် ဗကပ ပြိုကွဲ ပျက်စီးသွားတဲ့ ကာလ အတွင်းမှာပဲ ချဲကျွိတပ်နဲ့ ယဲန်ရှောင်စွတ် တပ် ပုဂ္ဂလိကချင်း “အထူးကုန်ပစ္စည်း” ကုန်သွယ်ရေးမှာ ထိုင်းဘတ် သန်း ၃၀၀ မြင့်မြင့်မားမား ရလိုက်ကြတယ်။ (ခန့်မှန်းခြေ ဒေါ်လာ ၁၂ သန်းနဲ့ ညီမျှတယ်)
၁၉၈၆ မတိုင်ခင်က ဗကပတွေ မူးယစ်ဆေးကို ပြုပြင် မွမ်းမံ ထုတ်လုပ်တယ် ဆိုပေမယ့်လည်း စိန်ဝါ ထုတ်လုပ်မှု နဲ့ သယ်ယူ ပို့ဆောင် ရောင်းချမှုမှာသာ အခြေခံထားပါတယ်။ မူးယစ်ဆေးဝါး မှောင်ခိုချတဲ့ အဓိက ဦးတည်ချက်က ထိုင်း နဲ့ လောဘက်ဆီကိုသာ ဖြစ်တယ်။ ဒါပေမယ့် ကော်မတီ အတွင်းရေးမှူး အသီးသီးက မိမိတို့ရဲ့ နယ်မြေအတွင်း ဘဏ္ဍာရေး အကြပ်အတည်းကို တဖွဲဖွဲ့ တင်ပြကြတယ်။ ဘိန်းစိမ်းကို အခွန်ငွေအဖြစ် ကောက်ခံဖို့ တင်ပြကြပါတယ်။ တင်ပြကြတာကတော့ ပိုက်ဆံကို ကောက်ခံ သိမ်းဆည်းမယ်၊ ဘိန်းကို မသိမ်းပါ၊ ဘာကြောင့် ဆိုရင် ဘိန်းပြဿနာ ၀င်ရောက် စွက်လာလာမယ့် အရေးကို ဗကပတို့ ပါတီတွင်းက ကြိုတင်ပြီး မြင်ထားကြတယ်။ အစည်းအဝေးပွဲမှာတော့ ဆုံးဖြတ်ချက်ကို စာတလုံး ပေတဖွဲ့မှ ရေးမှတ်ထားမှု မရှိချေ။ ဒါကို ခရိုင်မှူး၊ ခရိုင်ကော်မတီ အတွင်းရေးမှူးတွေက ကြိတ်ပြီး သဘောပေါက်သွားပါတယ်။ အသီးသီး ကိုယ့်တွက်ကိန်းနဲ့ကိုယ် ရှိကြပါတယ်။ အောင်နိုင်က အစည်းအဝေး တက်ရောက်ခွင့်ရတဲ့ အလုပ်သမား အနည်းစုထဲက လူတယောက်ပါ။ သိမ်းဆည်းထားတဲ့ ဘိန်း ၁၅၀ ကီလိုဂရမ်နဲ့ နဖူးတွေ့ ဒူးတွေ့ ထိတွေ့နေရတဲ့ အောင်နိုင် ၃ ရက် ၃ ည လုံးလုံး တကိုယ်တည်း အကြိတ်အနယ် စဉ်းစားခန်း တိုက်ပွဲဝင်နေရတယ်။ နောက်ဆုံးတော့ စစ်ရိက္ခာ သိုလှောင်ရုံထဲက ဘိန်းစိမ်း ၁၅၀ ကီလိုဂရမ်ကို ထိုးစင်ဆင် တိုက်ခိုက်လေတယ်။
ဝယ်မယ့်သူကိုေ အာင်နိုင် လျှို့ဝှက် ဆက်သွယ်လိုက်တယ်။ မှောင်မိုက်တဲ့ညတည။ သူနဲ့ အမြဲတမ်း သင့်မြတ်တဲ့ ရဲဘော်လေးတွေကို ငွေပေး ငှားရမ်းလိုက်တယ်။ နှစ်အတန်ကြာ ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ ဘိန်း ၁၅၀ ကီလိုဂရမ်ကို အပိုင်စီးလိုက်တယ်။ လက်ထဲ ငွေ တပုံတခေါင်းကြီး ရောက်လာတာပေါ့။ ဒီအကြောင်း ကိစ္စကို သိသွားတဲ့ ဒုဦးစီးမှူး ဖုန်ကျားရှင် အကြီးအကျယ် ဒေါသအိုး ပေါက်ကွဲသွားတယ်။ အောင်နိုင်ကို ဖမ်းဆီး ထောင်ချလိုက်ဖို့ အမိန့် ချမှတ်လိုက်တယ်။ နောက်ဆုံးတော့ မိတ်ဆွေပါတီက လာတဲ့ ရဲဘော် ဖြစ်နေတဲ့အတွက် ဒီကိစ္စကို ရေငုံ နှုတ်ပိတ်နေလိုက်ကြတယ်။
အောင်နိုင် ဘိန်းခိုးထုတ် ရောင်းချတဲ့အဖြစ်ဟာ ဗကပ ဘိန်းကုန်သွယ်မှု လုပ်ငန်းရဲ့ မြစ်ကြောင်း အစပါပဲ။
x x x x x
၈၀ ခုနှစ်ထဲ ရောက်လာပြီးတဲ့ နောက်ပိုင်းကာလ ကမ္ဘာနေရာ အသီးသီးမှာ ဇောက်ထိုး မိုးမျှော် ပြောင်းလဲမှုကြီးတွေ ပေါ်ပေါက်နေပါတယ်။ ဆိုဗီယက် ရုရှား ပြိုကွဲ ပျက်စီးခြင်း၊ အရှေ့ဥရောပကြီး ပြောင်းလဲသွားခြင်း၊ စစ်အေးတိုက်ပွဲ အလျင်အမြန် ပြီးဆုံးသွားခြင်း၊ ကမ္ဘာတခွင်လုံးက အရှေ့အနောက် ထိပ်တိုက် ရင်ဆိုင်နေကြတဲ့ အင်အားကြီး နှစ်ရပ် တပ်စခန်းကြီးတွေ ထပ်မံ မတည်ရှိကြတော့ပါ။ ထိပ်တိုက်တိုးမှုတွေက ထိပ်တိုက် စကားဆိုကြတဲ့ အဖြစ်ကို ရောက်သွားကြတယ်။ တင်းမာမှုတွေက သိမ်မွေ့မှုတွေ ဖြစ်သွားတယ်။ စီးပွားရေး အကြောင်းရပ်က နိုင်ငံတကာ အရေးအခင်းတွေမှာ ပိုမို များမြောင်တဲ့ နေရာထိုင်ခင်းတွေမှာ ၀င်ယူနေပါပြီ။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတို့ဟာ ကမ္ဘာလောက တခွင်လုံးရဲ့ စည်းချက် ၀ါးချက် လိုက်ပေးတဲ့ သံစဉ်တွေပါပဲ။ တရုတ်ပြည် နဲ့ မြစ်တမြစ်သာ ခြားထားတဲ့ မြန်မာတွေ ဒီလိုမျိုး အပြောင်းအလဲတွေကို တွေ့မြင်နေကြပါပြီ။ နှစ်ဘက် နယ်စပ်ကုန်သွယ်ရေးတွေ အရှိန်အဟုန် မြန်မြန် ဆန်ဆန် ဖွံ့ဖြိုး တိုးတက်လာပါတယ်။ ဗကပဟာ ကြီးမားတဲ့ ဆုံးရှုံးမှုကို ရင်ဝယ် တသိမ့်သိမ့် ခံစားနေရပါတယ်။ ဗဟို အဆင့်ကနေပြီး အောက်ခြေ နယ်မြေလေးတွေအထိ အနာဂတ်ရဲ့ ထွက်ပေါက်လမ်းကို ရှာဖွေနေကြလေပြီ။
ကျင့်ဝတ်၊ စည်းကမ်းချက်တွေ လျော့ရဲမှုကြောင့် ပိုမို များပြားတဲ့ ဘယ်လိုနည်းနဲ့မှ ထိန်းမနိုင် သိမ်းမရတဲ့ အရေးအခင်းတွေ ပေါ်ပေါက်လာလေတယ်။ ဗကပ အဆင့်အမြင့်ဆုံး ခေါင်းဆောင်တွေမှာ ဟီးရိုးအင်း ၅၀ ကီလိုဂရမ် အတိုးနှုန်း ကြီးကြီးနဲ့ ရောင်းချပြီး လူအနည်းငယ်က တကိုယ်ကောင်းဆန်ကြ ဝေစု ခွဲယူကြတဲ့ ကိစ္စရပ်ကြီး ပေါ်ပေါက်ခဲ့ဖူးတယ်။ ဒီအမှုကြီးကို စုံစမ်းလေ အစ ရှာမတွေ့လေ ဖြစ်နေတယ်။ ၁၉၈၆ နောက်ပိုင်း ဗကပ လက်နက်ကိုင် တပ်ဖွဲ့ တခုလုံး မူးယစ်ဆေးဝါးနဲ့ ကင်းရှင်းတဲ့သူ မရှိသလောက် ဖြစ်ကုန်တယ်။ ပါတီရဲ့ အဆင့်မြင့်ကေဒါကနေ သာမန် တပ်သားငယ်လေးအထိ ကိုယ့်အစွမ်းတွေကို ပြကြတယ်။ ဗကပ ဗဟိုက မူးယစ်ဆေးဝါးရေစီးကြောင်း တရုတ်ပြည်ဆီ စီးသွားတာကို ထိန်းချုပ်နိုင်စွမ်း မရှိတာဟာ အကြီးမားဆုံး ပြဿနာဖြစ်နေတယ်။ သံလွင်မြစ် အရှေ့ဘက်ကမ်းခြေ ဒေသတွေဟာ ကနေ့ ရွှေတြိဂံကြီး ပေါ်ပီပင် စိုက်ပျိုးတဲ့ အမတေ ဗဟိုချက်မကြီး ဖြစ်နေပါပြီ။
နောက်ပိုင်းမှာ ကိုးကန့်ဘုရင် ဖုန်ကျားရှင်ဟာ သူ့ကို ပါတီတွင်းကရယ်၊ တပ်တွင်းကရယ် ဗမာလူမျိုးကြီး ၀ါဒသမားကေဒါတွေရဲ့ ဖယ်ထုတ်မှုကြောင့် သူ့ခမြာ တကယ့်ကိုပဲ ဘာတခုမှ လုပ်ကိုင်လို့ မရတော့တဲ့ ဘ၀ကို ဆိုက်ဆရောက်သွားတယ်။ ကန်ထုတ်ခံလိုက်ရတဲ့ ဖုန်ကျားရှင်က ကျင်ပေခရိုင်မှာ ရှိတဲ့ ဇာတိမြေ ဟို့တောင် ဆီကို ပြန်သွားတယ်။ ရွာအပြန်မှာ သက်တော်စောင့် တပ်သား ၁၀ ယောက်လောက်သာ ပါသွားတယ်။ မိမိရဲ့ မထင်မရှား ဘ၀ကို စတင်လိုက်တယ်. နောက်ဆုံး မထူးတော့တာနဲ့ “ဖျားနာလို့” ဆိုပြီး ကာလကြာရှည် ခွင့်ရက်ရှည် ယူပြီး ဘေးထွက်ထိုင်နေလိုက်တယ်။ “ဖျားနာလို့” ဆိုတဲ့ ဖုန်ကျားရှင် တိတ်တိတ် ကြိတ်ပြီး မနားတမ်း ကြိုးပမ်း အားထုတ်နေပါတယ်။
၁၉၈၇ ခုနှစ် ဖုန်ကျားရှင်ရဲ့ သွန်သင် ဆုံးမ နည်းပေးလမ်းညွှန်မှုကြောင့် သူ့ရဲ့ ညီရင်း ဖုန်ကျားဖုဟာ ကိုးကန့်ဒေသမှာ ကိုးကန့်တပ်ဖွဲ့ ညွှန်ကြားရေးတပ်ကို ဖွဲ့စည်းလိုက်တယ်။ သူ့ရဲ့ ဖဲတချပ်ကို ဖွင့်ချလိုက်တယ်။ ဖုန်ကျားဖုဟာ ရှေး စောစောကတည်းက ချပ်ဝတ်တန်ဆာကို ချွတ်၊ လယ်ကွင်းထဲဆင်း၊ သာမန် အရပ်သား ဖြစ်ခဲ့တာ ကြာလေပြီ။ ဗကပ ဗဟိုက သူ့အပေါ် ဘယ်လိုမှ မတတ်နိုင်ရှာ။ ဒီဖဲချပ် ပိုင်ဆိုင်လိုက်တာနဲ့ ဖုန်ကျားရှင်တို့ ကိုးကန့်မှာ အင်အားတွေ မပြတ်တမ်း တိုးချဲ့လိုက်တယ်။ တသီးတခြား ကိုယ်ပိုင် အလံ စိုက်ထူလိုတဲ့ လှုပ်ရှားမှုကြီး ခြိမ့်ခြိမ့်သဲတမျှ အိုးစည် ဗုံမောင်း တီးပြီး တချီတမောင်း ဖုန်ကျားရှင်တို့ ကြိုးပမ်းနေကြခိုက် ဗကပ ဗဟိုက ဒီလိုအချိန်မျိုးမှာ “လမ်းစဉ်တိုက်ပွဲ” ကိုလည်း အုံးအုံး ကြွက်ကြွက် ဆင်နွဲနေခိုက်နဲ့ ကြုံကြိုက်နေပါတယ်။ ဖုန်ကျားရှင် တို့ ဘာတွေ လုပ်ကိုင်နေတယ် ဆိုတာကို ဗကပ ဗဟို အနံ့အသက် နည်းနည်းလေးမှ မရကြ။
၁၉၈၈ ခုနှစ် မြန်မာပြည်ကြီးဟာ ကိစ္စများမြောင်တဲ့ မိုးနှောင်းရာသီ ရောက်ချေလေပြီ။ ထိုနှစ် နွေကာလက စပြီး မြန်မာစစ်အစိုးရက အာဏာကို ပြည်သူ ရွေးချယ် တင်မြှောက်တဲ့ အစိုးရကို လွှဲအပ်လိုတဲ့ ဆန္ဒ မရှိတာကြောင့် ရန်ကုန် တက္ကသိုလ်ကျောင်းသား အရေးတော်ပုံ ဒီလှိုင်းလုံးကြီး ကြာလေ ကြီးထွားလာလေ ဖြစ်လာပါတယ်။ ဆောင်းဦးရာသီ ရောက်တော့ အခြေအနေဟာ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားပါတယ်။ နောက်ဆုံးတော့ နေ၀င်း စစ်အစိုးရမှာ ရှိတဲ့သူတွေ စင်ပေါ်က ဆင်းလိုက်ရတယ်။ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်သား စောမောင်က ခက်ထန် ကြမ်းတမ်းတဲ့ လက်ချက်နဲ့ အုပ်ချုပ်ရေး အာဏာကို ထိန်းချုပ်လိုက်တယ်။ နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ဖမ်းဆီးလိုက်တယ်။ နေ၀င်းခေတ် ကာလတုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ရဲ့ ရှုံးနိမ့်မှုကို သင်ခန်းစာ ယူဖို့အတွက် ဗိုလ်ချုပ်ကြီး သန်းရွှေ (လက်ရှိ မြန်မာနိုင်ငံ နံပါတ် ၁ ခေါင်းဆောင်)က စီးပွားရေး ဆောင်ရွက်မှု နဲ့ တိုင်းရင်းသား မငြိမ်မသက်မှုကို လျော့ပါးရေးကို လုပ်ဆောင်ဖို့ ပါတီစုံ စနစ်ရယ်၊ ပြင်ပ တံခါးဖွင့်မှုတွေကို ကျင့်သုံးဖို့ ဆုံးဖြတ်လိုက်လေတယ်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ထုတ်ပြန်လိုက်တယ်။ ပုဂ္ဂလိက စီးပွားရေး ကန့်သတ်ချက်တွေကို ရုတ်သိမ်းလိုက်တယ်။ မြန်မာနိုင်ငံ နိုင်ငံရေး ပါတီတွေ မိုးတဖြိုက်နှစ်ဖြိုက် ရွာချတဲ့ မျှစ်စို့တွေလို ပါတီတွေ ပေါပေါများများ ပေါ်ထွက်လာတယ်။ ၁၉၈၉ ဖေဖော်ဝါရီလအထိ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီပေါင်း ၂၃၃ ပါတီ ရှိသွားတယ်။ မြန်မာစစ်တပ်ရဲ့ အရွှေ့အပြောင်းက ဗကပတို့ရဲ့ နိုင်ငံရေးနှင့် လူထု အင်အား အခြေခံကြီးဟာ ပိုမိုပြီး ကျဆင်း ယုတ်လျော့သွားရလေတယ်။ ကာလရှည်ကြာ ကတည်းက ဆင်းသက်လာတဲ့ လူမျိုးရေး တွန်းတိုက်မှုကြီး ပြီးပြယ်သွားစေရေးအတွက် မြန်မာစစ်အစိုးရရဲ့ စစ်ထောက်လှမ်းရေးဌာနမှူး ဗိုလ်ချုပ်ခင်ညွန့် (ကနေ့ မြန်မာ့ တတိယ ခေါင်းဆောင်) ဟာ ပိုမို ကြီးမားတဲ့ အာဏာနဲ့ အစိုးရဆန့်ကျင်တဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ “စကားဆို ဆွေးနွေးရေး နဲ့ ဆက်သွယ်ရေး” ကို အားပေး လှုံ့ဆော်လိုက်ပါတယ်။
နှစ်များစွာ မလှုပ်မရှားဘဲ ငြိမ်သက်နေတဲ့ တချိန်က ဘိန်းရာဇာ လော်စစ်ဟန် တချီတမောင်း တောင်တန်းတွေမှာ ထွက်ပေါ်လာပြန်ချေပြီ။ သူဟာ အကြိမ်ပေါင်း များစွာ လျှို့လျှို့ဝှက်ဝှက်နဲ့ ကိုးကန့်ကို ပြန်လာလေပြီ။ မြန်မာအစိုးရက ဗကပတို့ကို ပိုက်ကွန် တချက်တည်းနဲ့ သိမ်းကျုံး ဖမ်းမိမယ့် စီမံကိန်း လော်စစ်ဟန် ဆီကနေ တဆင့် လက်ကမ်းလိုက်လေတယ်။ ဗကပ ပြည်သူ့ တပ်မတော် ဖွဲ့စည်း တည်ထောင်မှုမှာ ပါဝင်ခဲ့တဲ့ ဖုန်ကျားရှင်က မြန်မာအစိုးရရဲ့ စီမံကိန်းကို ပယ်ချလိုက်တယ်။ မိမိဖာသာ ဗကပနဲ့ ကင်းကွာရေးကို ချမှတ်လိုက်တယ်။ သွေးချောင်းစီးမယ့် ထိပ်တိုက်ရင်ဆိုင်တိုးတဲ့ လှုပ်ရှားမှုမျိုးကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းကို ချမှတ်လိုက်တယ်။ လော်စစ်ဟန် နဲ့ ဖုန်ကျားရှင် ညီနောင်တို့ ၁၉၈၉ မတ်လဆန်းပိုင်းမှာ နောက်ဆုံး ဆွေးနွေးကြတယ်။ လော်စစ်ဟန် ညတွင်းချင်း ရန်ကုန် ပြန်သွားတယ်။ ဗိုလ်ချုပ်နေ၀င်းဆီ အစီရင်ခံလိုက်ပါတယ်။
ဖုန်ကျားရှင်တို့ ညီနောင်တွေ ရောဂါ ဝေဒနာ အကြောင်းပြပြီး ပါတီနဲ့ ကင်းရှင်းအောင် နေပြီး ကူးသန်းရောင်းဝယ်ရေးတွေ လုပ်လေတယ်။ ဒါကို ဗကပ အတွင်းမှာဂယက်က ရိုက်ခတ်လာပါတယ်။ ဗကပ ဗဟိုက သူ့ကို သတိတရား ပြန်လည် ရလာစေလိုတယ်။ ဘယ်လိုမှ ပြုပြင်လို့ မရတဲ့ သူ့ရဲ့ အကျင့်ဆိုးကိုး ထပ်တဖန် ကုသမှု ပြုချင်ပါသေးတယ်။ ၁၀-၃-၁၉၈၉ ပန်စန်း ဌာနချုပ်က ကိုးကန့်ခရိုင် ကော်မတီ အတွင်းရေးမှူး ဟွမ်ဝံလန်ကို အမြန်ဆုံး လာရောက် အစည်းအဝေး တက်ဖို့ အကြောင်းကြားခိုင်းလိုက်တယ်။ ဒီတချက်က ဖုန်းကျားရှင်တို့ ညီအစ်ကိုတွေကို အထူး သတိရှိဖို့ တပ်လှန့်လိုက်သလို ဖြစ်သွားတယ်။
လော်-ဖုန် တို့ နှစ်ယောက်သား ဒါဟာ ဗကပ ဗဟိုက ၎င်းတို့ကို ရှင်းလင်းခိုင်းလိုက်တာမှန်း သိလိုက်ပါတယ်။ ကြိုတင်ပြီး ကိုယ်ပိုင် လွတ်လပ်မှု အလံကို လွှင့်ထူလိုက်တယ်။ တော်လှန်ရေးကို ဘယ်လိုနည်းနဲ့မှ ဆက်လက် မဆင်နွဲနိုင်တော့တဲ့ ဗကပ အ၀န်းထဲက ခွဲထွက်လိုက်လေတယ်။
၁၁-၃-၁၉၈၉။ ဖုန်ကျားရှင်ဟာ ကိုးကန့်မှာ တပ်ပုန်ကန်မှုကြီးကို ဆင်နွဲလိုက်တယ်။ ဗကပ ထဲက ခွဲထွက်လိုက်ကြောင်း အတိအလင်း ကြေညာလိုက်တယ်။ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် ညွန့်ပေါင်း (မဟာမိတ်) ပါတီ နဲ့ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် ညွန့်ပေါင်း (မဟာမိတ်) တပ် တည်ထောင်လိုက်ကြောင်း ကြေညာတယ်။ တချိန်တည်းမှာပဲ ယာယီ စစ်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ပြန်တယ်။ ဖုန်ကျားရှင်က ဥက္ကဋ္ဌ၊ ညွန့်ပေါင်းတပ်ရဲ့ ဦးစီး သေနာပတိချုပ် ဖြစ်လာတယ်။ ဖုန်ကျားရှင်ရဲ့ တပ်ဖွဲ့ အလျင်အမြန်ပဲ ကိုးကန့်ခရိုင် တပ်ဖွဲ့ကြီးကို လွှဲပြောင်းယူလိုက်တယ်။ ဗကပ ကိုးကန့်ကော်မတီရယ် ယန္တယား အဖွဲ့အစည်းအသီးသီးရယ် ကုန်လှောင်ရုံ ဂိုဒေါင်တွေကို လွှဲပြောင်းယူလိုက်တယ်။
၁၂-၃-၁၉၈၉။ ဖုန်ကျားရှင်ဟာ ဗကပ မြောက်ပိုင်း ဌာနခွဲ မုန်းရိုးကို သိမ်းလိုက်ပြန်တယ်။
၁၃-၃-၁၉၈၉။ ဖုန်ကျားရှင်တပ် မုန်ရိုီး စစ်ချီတယ်။ ဗကပ အရှေ့မြောက် စစ်ဒေသ အမှတ် ၁ တပ်မဟာက တပ်ရင်း ၄ ခု တပ်သားအားလုံး ဖုန်ကျားရှင်တပ်နဲ့ ပူးပေါင်းတယ်။
၁၄-၃-၁၉၈၉။ သေနတ်ကျည် တချက်တောင် မပစ်ဖောက်ရဘဲ ဗကပ မြောက်ပိုင်း ဌာနခွဲ နဲ့ အရှေ့မြောက် စစ်ဒေသကြီး လုံးဝ ပြိုကွဲသွားပါတယ်။ အမှတ် ၂ တပ်မဟာ နိုင်ငံရေးမှူး ကောင်းလျှံ ထွက်ပြေး လွတ်မြောက်ပါတယ်။ ကျန် လူသူ အများအပြား လက်နက်ချ အညံ့ခံလိုက်ပြီး ဖုန် နဲ့ ပူးပေါင်းလိုက်တယ်။ ဖုန်ကျားရှင်က အမှတ် ၁၊ ၂ တပ်မဟာကို တပ်မ ၈၃၉ အဖြစ် ပြောင်းလဲ ဖွဲ့စည်းတယ်။ အင်အား ၃၅၀၀ ရှိပါတယ်။ မူလ တပ်မဟာမှူး ဝေ့ချောင်းရင် ကို ဦးစီး ခန့်အပ်လိုက်တယ်။ ဖုန်ကျားရှင်က တချိန်တည်းမှာပဲ “ကိုးကန့်ပြည်သူသွေးချင်းသို့ကြေညာချက်” ကို ထုတ်ပြန်တယ်။ ဗကပ ထိပ်တန်းခေါင်းဆောင်ပိုင်းရဲ့ ဗမာလူမျိုးကြီး ၀ါဒ နဲ့ ဂိုဏ်းဂဏစွဲ အကျိုးစီးပွား အုပ်စုတွေကို ကြေညာချက်ထဲ ပြစ်တင် ရှုတ်ချထားပါတယ်။
၁၆-၃-၁၉၈၉။ မူလက ဗကပ အရှေ့မြောက် စစ်ဒေသရဲ့ ၈၀ ရာခိုင်နှုန်း နယ်မြေကို ဖုန်ကျားရှင် ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်တယ်။ သူ့နောက်လိုက်လိုတဲ့ ဆန္ဒ မရှိသူတွေကို အိမ်ပြန်စရိတ် အနည်းငယ် ထုတ်ပေးခြင်းဖြင့် ပြည်သူ့နှလုံးသည်းပွတ်ကို ဆုပ်ယူနိုင်လိုက်လေတယ်။
ဖုန်ကျားရှင်တပ်ဖွဲ့က ဗကပထဲက အစောဆုံး ခွဲထွက်လိုက်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ကြီး ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့ကြီးက မြန်မာနိုင်ငံမှာ “ပြည်တွင်းစစ်ရပ်စဲရေး၊ အမျိုးသား ကိုယ်ပိုင် အုပ်ချုပ်ခွင့် အကောင်အထည်ဖော်ရေး၊ ငြိမ်းချမ်းရေး ဒီမိုကရေစီရေး လွတ်လပ်ရေး တန်းတူညီမျှရေးရှိတဲ့ ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော် တည်ဆောက်ရေး” ကို အရင်ဆုံး ကြွေးကြော် တောင်းဆိုခဲ့တဲ့ တပ်ဖွဲ့ကြီး ဖြစ်ပါတယ်။ မူလက ဗကပ လက်နက်ကိုင် တပ်ဖွဲ့ အသက်ရော ၀ါရော ကြီးမြင့်တဲ့ ခေါင်းဆောင် ဖုန်ကျားရှင်ရဲ့ သဘောထား ကြေညာချက်က ဗကပကို ရန်သူအဖြစ် သဘောမထားပါ လို့ ပါရှိပါတယ်။ ဒါပေမယ့် ၁၇-၅-၁၉၈၉ အသစ်ဖွဲ့လိုက်တဲ့ ညွန့်ပေါင်းစစ်တပ်က “ဗကပ အပေါ် သဘောထားချက်နဲ့ စည်းမျဉ်းစည်းကမ်း ကန့်သတ်ချက်” ကို ချမှတ်လိုက်ပြန်တယ်။ ဒါကတော့ စစ်တပ်တွင်း ဗကပ အစည်းအရုံးတွေကို ဖျက်သိမ်းလိုက်ခြင်း၊ ပါတီ၊ အဖွဲ့အစည်း လှုပ်ရှားမှု အားလုံး ရပ်ဆိုင်းလိုက်ခြင်း၊ တချိန်တည်းမှာပဲ လက်အောက်ခံ တပ်ဖွဲ့ အားလုံးအပြင်း ၎င်းပိုင်းခြားထားတဲ့ နယ်ပယ်အတွင်းက ပြည်သူပြည်သား အားလုံးကို အသိပေး ကြေညာချက် ထုတ်ပြန်လိုက်တယ်။ လက်အောက်ခံအသင်းအဖွဲ့ အားလုံး ပြည်သူပြည်သား အားလုံး ဗကပနှင့် အဆက်အဆံ အသွားအလာ လုံးဝ မပြုလုပ်ရ ဆိုတာကို ထုတ်ပြန် ကြေညာလိုက်တယ်။
ဒါနဲ့ တချိန်တည်းမှာပဲ ဖုန်ကျားရှင်ဟာ အရင်ဆုံး မြန်မာ အစိုးရဆီက ဆုချတာတွေ ဖက်လှဲတကင်း ဆက်ဆံတာတွေကို ရလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင် ကိုယ်တိုင် မြန်မာပြည် မြောက်ပိုင်း ကွတ်ခိုင်ကို ရောက်လာပါတယ်။ ဖုန်ကျားရှင် နဲ့ တွေ့ဆုံကြပါတယ်။ လော်စစ်ဟန်ရဲ့ ကြားဝင် ဆောင်ရွက်ပေးချက်ကြောင့် ၁၉၈၉ ခုနှစ် မေလကုန်ပိုင်းလောက်မှာ ဖုန်ကျားရှင် လေယာဉ်နဲ့ ရန်ကုန်ကို ဆိုက်ရောက်သွားတယ်။ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းစွာ ပြေလည်သွားကြပြီး ကိစ္စရပ်တွေကို ဆွေးနွေးတိုင်ပင်ကြတယ်။ နှစ်ဦးနှစ်ဘက် အကြိမ်ကြိမ် ဆွေးနွေး ညှိနှိုင်းကြပြီး လက်နက် တပ်ဆင်၊ အပြန်အလှန် တိုက်ခိုက်မှုကို ရပ်ဆိုင်းရေး၊ တိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ရေး၊ စီးပွားရေး မူဝါဒ၊ စစ်တပ် ဖွဲ့ ခြွင်းချန်ထားရေး ဆိုတဲ့ ပြဿနာတွေမှာ တိုးတက်မှုတွေ ရရှိပါတယ်။ ဆွေးနွေး ညှိနှိုင်းမှု ထမြောက် အောင်မြင်သွားပါတယ်။
“သဘောတူညီချက်” မှာ သတ်မှတ်ထားတာက မြန်မာအစိုးရက အမျိုးသား ဒီမိုကရက်တစ် ညွန့်ပေါင်းတပ်ဖွဲ့ကို အသိအမှတ် ပြုတယ်။ ဖုန်ကျားရှင်က ၎င်းစီရင်စု နယ်မြေဒေသ အတွင်းမှာ “အာဏာချုပ်ကိုင်မှု” အကောင်အထည် ဖော်ဆောင်ခြင်းကို အသိအမှတ် ပြုပါတယ်။ စီးပွား ဖွံ့ဖြိုးရေး အသွင်သဏ္ဍာန်မှာ သွက်လက် ရှင်သန်တဲ့ နည်းနဲ့ ဖုန်ကျားရှင်ရဲ့ ဆောင်ရွက်မှုကို ခွင့်ပြုထားပါတယ်။
ဒါ့အပြင် ဦးစားပေးမှု တခုအနေနဲ့ စစ်စရိတ် ပြင်ဆင် စုစည်းခွင့်ကို ပေးထားပါတယ်။ ဒီနောက်ပိုင်း သင့်တော်တဲ့ အချိန်ကာလတွေမှာ ကိုးကန့်ဒေသရဲ့ ကျန်းမာရေး၊ ပညာရေး၊ စာပို့တိုက် အစရှိတဲ့ ရေးရာလုပ်ငန်းတွေကို အခြေခံက အစပြုပြီး ပါဝင် ဆောင်ရွက်ခွင့် ပေးမယ် ဆိုတာကို အစိုးရက ကတိပေးထားပါတယ်။ နှစ်ဘက် သဘောတူညီချက်တွေထဲမှာ အရေးအကြီးဆုံးကတော့ နှစ်ဘက် စစ်ဘက်ရေးရာ လူသူတွေရဲ့ အသွားအလာကို ရှင်းလင်းပြတ်သားတဲ့ သတ်မှတ်ချက်တွေ ပြုလုပ်ထားရပါမယ်။ ဖုန်ကျားရှင် တပ်ဖွဲ့ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ထဲမှာ ထည့်သွင်းထားပါတယ်။ အဖွဲ့သားတွေကို လအလိုက် လစာပေးရပါ့မယ်။ စစ်တပ်ဘွဲ့ အဆောင်အယောင် အပ်နှင်းရပါမယ်။ ဖုန်ကျားရှင်ရဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အင်အားကို လူပေါင်း ၁၂၀၀ ဖြင့် အစိုးရက သတ်မှတ် ဖွဲ့စည်းပေးပါတယ်။ လက်နက် ခဲယမ်း မီးကျောက် ကိုယ့်ဖာသာ ဖြေရှင်းရပါတယ်။ စစ်ယူနီဖောင်းကို ကိုယ့်ဖာသာ ဒီဇိုင်း ဆွဲရပါမယ်။ ဒါပေမယ့် ကာကွယ်ရေး ဌာနရဲ့ ခွင့်ပြုမိန့်နဲ့ ဆိုင်ရာဌာနရဲ့ အသိအမှတ်ပြု မှတ်တမ်း စာရင်းပြုရပါမယ်။ သဘောတူညီချက်ထဲမှာ တပြိုင်တည်း မှတ်သားထားတာက ဖုန်ကျားရှင်တပ်ဖွဲ့ စစ်ဘက်ရေးရာ ပုဂ္ဂိုလ်တွေ အစိုးရ စစ်ဘက် ထိန်းချုပ်မှု နယ်မြေတွေထဲ ၀င်ရောက်လာရေးမှာ ကြိုတင်ပြီး ရန်ကုန်ရဲ့ ခွင့်ပြုမိန့်ကို တောင်းခံထားရပါမယ်။ မြန်မာအစိုးရ လူတွေ ဖုန်ကျားရှင်တို့ နယ်မြေ ပိုင်နက်ထဲ ၀င်ရောက်ရင်လည်း ကြိုတင် အသိပေးထားရပါမယ်။
ဖုန်ကျားရှင်နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရနေတယ် ဆိုပေမယ့်လည်း အခြေခံပြဿနာပိုင်းကတော့ ဘယ်သူကမှ အလျှော့မပေးကြသေးပါ။ မြန်မာအစိုးရဘက်ကနေ ဗကပ ပြိုကွဲမှုရဲ့ ၀မ်းမြောက်မှုထဲမှာ ယစ်မူးမှုကိုတော့ ရလိုက်ပါတယ်။ ဗကပ အင်အားစု ပြိုကွဲ ပျက်စီးစေခဲ့တဲ့ အဓိက အချက်အတွက် ဖုန်ကျားရှင်ကို မျက်နှာသာပေးရလေတယ်။ မကြာခင်မှာပဲ မြန်မာအစိုးရက ဖုန်ကျားရှင်ကို မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ ၁ အစိုးရ တည်ထောင်မှုကို ခွင့်ပြုလိုက်ပါတယ်။
x x x x x
ဗကပ ဗဟို ဥက္ကဋ္ဌ သခင် ဗသိန်းတင်က “3-11”အရေးအခင်း ဖြစ်ပေါ်ပြီးတဲ့နောက် ၃ ရက်လောက်ကျမှ ဒီသတင်းကို ရပါတယ်။ စစခင်းတုန်းက ဗကပ ဗဟိုရဲ့ သုံးသပ်ချက်က ဖုန်ညီနောင်တို့ရဲ့ သွေးကွဲမှု ဆိုပြီး ထင်မှတ်ထားတယ်။ ဒါဟာ သူတို့ညီအစ်ကိုချင်းရဲ့ အရေး ဆိုပြီး ထင်မှတ်ထားတယ်။ ဒါပေမယ့် မြန်မြန်ဆန်ဆန်ပါပဲ သူတို့ရဲ့ ထင်မြင်ချက်တွေ မှားနေမှန်း သိလိုက်တယ်။ ချက်ချင်းပဲ ဗကပ ဗဟို နိုင်ငံရေး ဌာန အမြဲတမ်းကော်မတီ အစည်းအဝေးကို ခေါ်လိုက်တယ်။ အစည်းအဝေးမှာ ဖုန်ကျားရှင်ရဲ့ “အလံပြောင်းတင်မှု”ကို “ရန်ငါပဋိပက္ခ” လို့ သတ်မှတ်လိုက်တယ်။ “ဒါဟာ အသေးစိတ် ကြိုတင် ပြင်ဆင်ထားတဲ့ မြန်မာအစိုးရ ကျောထောက်နောက်ခံထားတဲ့ ဖွဲ့စည်းမှုရှိတဲ့ ရည်ရွယ်ချက် ရှိတဲ့ ကြိုတင် အကောက်ဉာဏ်ရှိတဲ့ တန်ပြန် တော်လှန်ရေး ပုန်ကန်မှုဖြစ်တယ်၊ မြန်မာ ဖောက်ပြန်ရေး အစိုးရက တော်လှန်ရေး အင်အားစုကို နောက်ထပ်တကြိမ် စိမ်ခေါ်မှုကြီးပဲ ဖြစ်တယ်” ဆိုပြီး အစည်းအဝေးမှာ ချမှတ်လိုက်တယ်။ ၁၈-၃-၁၉၈၉ နေ့မှာ တပ်ခွဲ နှစ်ခွဲ စေလွှတ်လိုက်တယ်။ ဖုန်ကျားရှင်ရဲ့ နေရာဟောင်း ဟို့တောင်ကို သိမ်းပိုက်ပြီး မွှေနှောက် ရှာဖွေတယ်။ ဒါပေမယ့် ဘာအကျိုးအကြောင်းမှ မထုတ်ပြန်ပါ။ ဗကပဟာ ကိုယ့်အတွင်း အကွဲအပြဲကို ဘယ်လိုမှ ဖြေရှင်းနိုင်စွမ်း မရှိတော့ပါ။
လှိုင်းတလုံးထန်လို့ ငြိမ်ဆင်းမသွားသေးခင် နောက်လှိုင်းတလုံးက ထန်လာပြန်တယ်။
၁၁-၄-၁၉၈၉။ ဗကပ အရံ ဗဟိုကော်မတီဝင် မြောက်ပိုင်း ၀ ခရိုင်မှူး ကျောက်နီလိုင် နဲ့ ဗကပ အလယ်ပိုင်း စစ်ဒေသ ဦးစီးမှူး ပေါက်ယိုရှန် တို့က အလယ်ပိုင်း စစ်ဒေသ အမှတ် ၅၊ ၁၂ တပ်မဟာ တပ်မှူး တပ်သား အားလုံး “တော်လှန်ပုန်ကန်”ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
၁၇-၄-၁၉၈၉။ ပေါင်-ကျောက်တို့ နှစ်ယောက် ဗကပ ဗဟို ကိုယ်ရံတော် တပ်မဟာ နိုင်ငံရေးမှူး လိုချန်ပေါင် အစရှိတဲ့ သူတွေရဲ့ အတွင်းလက်ထောက်ချမှုကြောင့် တပ်မဟာ နှစ်တပ် အင်အား အကုန်အစင်နဲ့ ဗကပ ဗဟို ဌာနချုပ် ပန်စန်ကို ၀ိုင်းထားလိုက်ကြတယ်။ ဗကပ ဗဟို ဥက္ကဋ္ဌ သခင် ဗသိန်းတင် အပြင် တခြား ဗဟို ခေါင်းဆောင်တွေကို ထိန်းသိမ်းလိုက်ကြတယ်။ အထိန်းသိမ်းခံ လူတွေထဲမှာ အရှေ့မြောက်ပိုင်း စစ်ဒေသ တပ်မှူး ရန်ကွမ်း၊ လင်ထျိုင်း စသည်တို့ ဖြစ်တယ်။ ပေါင်-ကျောက် တို့ နှစ်ဦးဟာ ဒီခေါင်းဆောင်တွေကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး အားလုံးကို နယ်မြေ အပြင်ဘက်အထိ လိုက်ပါ ပို့ဆောင်ပါတယ်။
၂၂-၄-၁၉၈၉။ မူလ အရှေ့မြောက် စစ်ဒေသ စီရင်စုနယ်မြေမှာ မြန်မာနိုင်ငံ အမျိုးသား မဟာမိတ် ပါတီ တည်ထောင်လိုက်ပါတယ်။ ကျောက်နီလိုင်က အထွေထွေ အတွင်းရေးမှူးချုပ်။ ပေါင့်ယိုရှန်က မြန်မာနိုင်ငံ အမျိုးသား မဟာမိတ်တပ် (အခု ၀ မဟာမိတ်တပ်ဖွဲ့) စစ်ဦးစီးချုပ် တာဝန် ယူလိုက်တယ်။ ဌာနချုပ်ကို တရုတ်ပြည် နောက်ဘက် ၀ မဟာမိတ် ကိုယ်ပိုင်အုပ်ချုပ်မှု ခရိုင်နဲ့ မြစ်သာခြားတဲ့ ခွန်မာရှောင်လန်ရွာမှာ တည်ထားပါတယ်။ မဟာမိတ်တပ် စီရင် အုပ်ချုပ်တဲ့ တပ်တွေကတော့ အရင် ၂၁၄၊ ၄၁၇၊ ၄၁၈၊ ၄၂၀၊ ၅၂၅ တပ်မတွေရယ်၊ သီးခြား လွတ်လပ်မှု တပ်ရင်းကြီး ၂ ခု နဲ့ ဗဟို ကိုယ်ရံတော်တပ်ဖွဲ့ တပ်ရင်းတွေ ဖြစ်ကြတယ်။ တပ်အင်အား တသောင်းခွဲ ရှိတယ်။
မြန်မာအစိုးရက ထိုနှစ် မေလ၊ ဇွန်လတွေမှာ ၀ အဖွဲ့နဲ့ ဆွေးနွေး ညှိနှိုင်းတဲ့ တချိန်တည်းမှာပဲ ကွတ်ခိုင်၊ ကျိုင်းတုံ အစရှိတဲ့ နေရာတွေမှာ တပ်စခန်း ၁၅ ကို မြန်မြန်ဆန်ဆန် ချထားလိုက်တယ်။ ၀ အဖွဲ့အစည်းအတွက် အင်မတန် ကြီးမားတဲ့ စစ်ရေး ဖိအားကြီး ဖြစ်နေပါတယ်။ ဆွေးနွေးမှု ၂ ကြိမ်လုပ်တဲ့ထဲမှာ စစဦးပိုင်း ညှိနှိုင်းချက်တွေလည်းပဲ အစစ အရာရာ စစ်ရေး ပြင်ဆင်မှု ရှိနှင့်ပြီး ဖြစ်နေတဲ့ မြန်မာအစိုးရက အဲဒီနှစ် ဇူလိုင်လလယ်ပိုင်းမှာပဲ ပယ်ဖျက်လိုက်တယ် ကြေညာလိုက်ပါတယ်။
ဆိုးရွာတဲ့ အနေအထားကို မျက်မှောက်ပြုနေရတဲ့ အဖွဲ့အစည်းထဲက တိုက်ပွဲ အတွေ့အကြုံ ရင့်ကျက်နေပြီ ဖြစ်တဲ့၊ စမ်းသပ်မှုမျိုးစုံ ရင်ဆိုင် ကြုံတွေ့ခဲ့ရဖူးတဲ့ ၀ ခေါင်းဆောင်တွေ၊ ဥပမာအားဖြင့် ၀ ညွန့်ပေါင်း ပါတီ အထွေထွေ အတွင်းရေးမှူး ကျောက်နီလိုင်၊ စစ်ဦးစီးချုပ် ပေါင့်ယိုရှန် တို့ဟာ မူလက ဗကပ အလယ်ပိုင်း စစ်ဒေသ တပ်မှူး လီကျုလူ ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ၁၉၈၉ ဇွန်လမှာ ဖုန်ကျားရှင်တပ်ဖွဲ့၊ လင်ဖိန်စင့် တပ်ဖွဲ့၊ စခုန်တိန့်ယိမ်း တပ်ဖွဲ့၊ - - လွတ်လပ်ရေး တပ်ဖွဲ့ တို့နဲ့ ငြိမ်းချမ်းရေး အမျိုးသား တပ်ဦး ဖွဲ့စည်းလိုက်ခြင်း ဆိုပြီး ကြွေးကြော်လိုက်တယ်။ ကျောက်နီလိုင်က ၀ မဟာမိတ် ပါတီ ကိုယ်စားလှယ် အစည်းအဝေးမှာ တင်ပြလိုက်ပါတယ်။ “မြေတလက်မမှ လက်မလွှတ်၊ သေနတ် တလက်မှ မပေးအပ်” ဆိုတဲ့ ဦးတည်ချက်ကို ချပြလိုက်တယ်။ တင်းထားတဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ချပြလိုက်ပါတယ်။
ဝ အဖွဲ့အစည်းရဲ့ ဦးတည်ချက် မူဝဒ အလျင်အမြန် အကျိုးသက်ရောက်လာပါတယ်။ တိုက်ပွဲ စွမ်းရည် ဘယ်တုန်းကမှ မတောင့်တင်း မထက်မြက်တဲ့ မြန်မာစစ်အစိုးရ သဘောပေါက် နားလည်လိုက်ပါတယ်။ ၀ တိုင်းရင်းသား စစ်တပ်ဟာ ဗကပ ကာလတုန်းက တိုက်ရည်ခိုက်ရည် အစွမ်းထက်တဲ့ တပ်ဖွဲ့ ဖြစ်တယ်။ ဒါ့အပြင် လီကျုလူ အစရှိတဲ့ ညွန့်ပေါင်း မဟာမိတ် တပ်ဖွဲ့တွေကလည်း မူလ ၀ တိုင်းရင်းသား လူမျိုးရေး တပ်ကို အခြေခံထားတာက ဖြစ်နေပြန်တယ်။ ဒါ့အပြင် အစဉ်တစိုက် တလျှောက်လုံး ထိုင်းမြန်မာ နယ်စပ် တကြော ၀ တိုင်းရင်းသား အစိုးရ ဆန့်ကျင်ရေး လက်နက်ကို ယိန်ရှောင်စွတ်တပ်၊ ဝေ့ရွှေလုန်တပ် အင်အားက ၁၀၀၀ လောက်ကလည်း ၀ မဟာမိတ် ညွန့်ပေါင်းတပ်နဲ့ ပူးပေါင်းနေကြပြီး အမှတ် ၅၂၅ တပ်မ ဆိုပြီး ဖွဲ့စည်းလိုက်တယ်။ ၀ တပ်ဖွဲ့ အင်အားက အတိုးသာ ရှိပြီး အလျော့က မရှိ။ ဒီတော့ နှစ်ဘက် ဆွေးနွေးပွဲကို တဖန် ပြန်ကျင်းပရပြန်တယ်။
ဆွေးနွေးပွဲမှာ ၀ အဖွဲ့က မြန်မာအစိုးရ ခေါင်းဆောင်မှုကို သဘောတူ လက်ခံတယ်။ မြန်မာအစိုးရ သတ်မှတ်ချက်က ၀ အဖွဲ့က နယ်စပ်ကို တူးဖော် လုပ်ကိုင်ခွင့် ရှိတယ်။ နယ်ခြား နယ်နိမိမတ် နယ်မြေကို ကာကွယ် စောင့်ရှောက်ခွင့်၊ တည်ငြိမ်အေးချမ်းအောင် လုပ်ခွင့်လည်း ရှိတယ်။ မြန်မာအစိုးရက ဖုန်ကျားရှင်တပ်ကို ပေးတဲ့ မူဝါဒ အတိုင်း တပြိုင်တည်းမှာပဲ ၀ အဖွဲ့ကလည်း ထိုနည်းအတိုင်း အသုံးပြုနိုင်ပါတယ်။ ၀ တပ်ဖွဲ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အင်အား ၁၅၀၀ ကျော်နဲ့ ဖွဲ့စည်းထားနိုင်ပါတယ်။ စီရင်စုနယ်ကို ရှမ်ပြည်နယ် အမှတ် ၂ အထူးဒေသ အဖြစ် သတ်မှတ်ပါမယ်။ ပေါင့်ယိုရှန် နဲ့ ကျောက်နီလိုင်တို့က ၀ အဖွဲ့ စစ်တပ်အဖွဲ့နဲ့ အစိုးရခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။
အစိုးရရဲ့ အသိအမှတ်ပြု ကတိ သစ္စာကြောင့် သင့်တင့် လျော်ညီတဲ့ နေရာကို ရရှိသွားတဲ့ ၀ အဖွဲ့ကြီးဟာ ဒီအခွင့်အခါကို အပြည့်အ၀ အသုံးချလိုက်တာကြောင့် ဖွံ့ဖြိုးပြီး ခိုင်မာတောင့်တင်းလာပါတယ်။ ၂ နှစ်ကာလ မပြည့်ခင်မှာပဲ ၀ အဖွဲ့အစည်းဟာ မြန်မာပြည် မြောက်ပိုင်းမှာ အင်အား အကြီးဆုံး အမျိုးသား ကိုယ်ပိုင် အုပ်ချုပ်ရေး လက်နက်ကိုင် တပ်ဖွဲ့ကြီး ဖြစ်သွားတယ်။ ကနေ့အထိ ဆိုရင် အမြဲတမ်းတပ်ဖွဲ့ အင်အားဟာ သုံးသောင်း အထိ ရှိသွားပါပြီ။ ဒါ့အပြင် အင်အား ၇ သောင်း၊ ၈ သောင်း ပြည်သူ့တပ်အဖွဲ့တွေလည်း ရှိနေပါပြီ။ နှစ်ကာလ ရှည်ကြာစွာ တပ်အငအား ၂ သိန်းသာ ပိုင်ဆိုင်တဲ့ မြန်မာအစိုးရ တပ်က သူတို့ထက် အစု ငယ်ရွယ်တဲ့ ၀တပ်ဖွဲ့ကို အထင်မြင် မသေးဝံ့ချေ။ နှစ်ဘက် အင်အား အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေတဲ့ ကာလမှာ အသီးသီးဟာ ကိုယ့်အကျိုးအတွက်ကိုယ် ကြိုးပမ်းဆောင်ရွက်ရင်း ရှေ့တလှမ်းတက်ပြီး တိုးတက်လိုကြလေတယ်။
ပေါင့်-ကျောက် နှစ်ယောက်သား ၀ အဖွဲ့ အစည်း ထကြွတဲ့ အခိုက်အတန့်မှာပဲ ဗကပ အတွင်းထဲမှာ တချိန်တခါက အရမ်းကို နီခဲ့ဖူးတဲ့ “8-15” စစ်ဒေသမှာလည်း ဧပြီလ ၁၉ ရက်မှာ ဗကပ ဦးဆောင်မှု အောက်က ရုန်းထွက်လိုက်တယ်ရယ်လို့ ကြေညာလိုက်ကြတယ်။ တပ်ကို ဦးဆောင်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် နိုင်ငံရေး ကော်မတီကို ဖွဲ့စည်း တည်ထောင်လိုက်ပါတယ်။ ကော်မတီလက်အောက်မှာ စစ်ရေးကော်မတီ နဲ့ နယ်မြေအုပ်ချုပ်ရေးကော်မတီ တို့ကို တဖန် ဖွဲ့စည်းထားပြန်တယ်။
“8-15” စစ်ဒေသတပ်မှူး၊ ကိုးကန့် ဖုန်ကျားရှင် နဲ့ သားမက် လင်မိန့်စင်က ဥက္ကဋ္ဌ နဲ့ ရှမ်းအရှေ့ပိုင်း မဟာမိတ် တပ်မှူး နေရာကို ယူထားလိုက်ပါတယ်။ မူလ “8-15” စီရင်စုလက်အောက်က အမှတ် ၆၈၃၊ ၇၆၈ တပ်မဟာတို့ကို အမှတ် ၃၆၉၊ ၉၁၁ တပ်မ အဖြစ် ပြောင်းလဲ ဖွဲ့လိုက်ပါတယ်။ တပ်အင်အားက ၃၀၀၀ ကျော် ရှိပါတယ်။ ကိုးကန့်၊ ကချင်တို့အပြင် ၀ အဖွဲ့တို့နဲ့ နှိုင်းယှဉ်လိုက်ရင် အကြီးမားဆုံး မတူညီတဲ့ အျက်က သူတို့ရဲ့ ခေါင်းဆောင် အများစုက ပညာတတ် လူငယ်တွေ၊ ဖုကျဲန့်၊ ကွမ်တုန်း၊ ဟိုင်နန်ဇာတိသား တရုတ်များနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ လင်း တပ်ဖွဲ့ထက အများစု ခေါင်းဆောင်တွေက တရုတ်ပြည်က ထွက်လာတဲ့ ပညာတတ် လူငယ်တွေရယ်၊ ဇာတိချက်မြှုပ်ရွာဆီ ပြန်လာကြတဲ့ လူငယ် လူရွယ်တွေက အများစု ဖြစ်နေပါတယ်။ လင်းမိန်စင် ကိုယ်တိုင်ကိုက ဟိုင်နန်ကျွန်းက လာတဲ့ ပညာတတ်လူငယ်ပါ။ မူလက အရှေ့မြောက်ပိုင်း စစ်ဒေသ စစ်ဦးစီးမှူး ကျန်ကျုမိန် (ယူနန် ၀မ်တိန်သား၊ သံတမန်ရေးမှာ ကျွမ်းကျင် ထင်မြက်သူ) က မဟာမိတ် တပ် အတွင်းရေးမှူး တာဝန်ကို ယူပါတယ်။ မူလ ဗကပ ဗဟို ကိုယ်ရံတော်တပ်ဖွဲ့ တပ်မဟာ နိုင်ငံရေးမှူး လိုချန်ပေါင်( - - ၊ ပညာတတ်လူငယ်) က စစ်ဦးစီး နဲ့ တွဲဘက် အထူးဒေသ နိုင်ငံရေး နည်းပညာရေးရာ ဌာန အကြီးအကဲ ကိုပါ ပူးတွဲ တာဝန်ယူထားပါတယ်။
ပြေလည်အောင် မဆောင်ရွက်နိုင်တဲ့ ဗကပ ဗဟိုက ၁၆-၆-၁၉၈၉ မှာ လျှို့ဝှက် ညီလာခံ တရပ်ကို ကျင်းပပါတယ်။ သခင် ဗသိန်းတင်၊ နိုင်ငံရေးဌာန ကော်မတီဝင် ဦး - မြင့်၊ ရဲဘော်ထွန်း၊ ခင်မောင်ကြီး၊ မြောက်ပိုင်းဌာနခွဲ အတွင်းရေးမှူး ဦးသန့် ဖွဲ့စည်းတဲ့ ယာယီ ဗဟိုခေါင်းဆောင်မှု ယန္တယားကို ဖွဲ့စည်းလိုက်ပါတယ်။
၂၆-၆-၁၉၈၉။ ဗဟိုကို ၁၀၁ စစ်ဒေသ တည်ရှိတဲ့ ပန်ဝ ဆီကို ရွှေ့ပြောင်းလိုက်တယ်။ ယာယီ အနေနဲ့ အစွမ်းကုန် လက်ခံလိုက်တယ် ဆိုပေမယ့် ၁၀၁ စစ်ဒေသ ဦးစီးမှူး စခုန်တိန့်ယိမ်း နဲ့က အတွင်းပိုင်းမှာ သဘောထား မတိုက်ဆိုင်ကြတာကြောင့် ယာယီ အနေနဲ့ ဗဟို ဦးဆောင်မှုကို လက်သင့်ခံလို့ မရပါ လို့ အသံ ထုတ်လွှင့်တယ်။
၁၉၁ စစ်ဒေသ ဆိုတာ ဗကပ ဖွဲ့စည်းလိုက်တဲ့ နောက်အကျဆုံး စစ်ဒေသ ဖြစ်တယ်။ အဖွဲ့ဝင်တွေ ဆိုတာ အခြေခံအားဖြင့် ကချင်တိုင်းရင်းသားတွေပါ။ လက်အောက်ခံ တပ်ရင်း ၃ ရင်း နဲ့ သင်တန်း ညွှန်ကြားရေး တပ်ဖွဲ့ကြီး တဖွဲ့ ရှိတယ်။ အမြဲတမ်း တပ်သား အင်အား ၆၀၀ သာ ရှိပါတယ်။ ဌာနချုပ်ကို တရုတ်ပြည် ထိန်ချုန်းနဲ့ ကပ်နေတဲ့ ပန်ဝ မှာပါ။ စစ်ဦးစီး စခုန်တိန့်ယိမ်း နဲ့ ဒုဦးစီး ကျဲ့လုံ တို့ဟာ ကချင်လွတ်လပ်ရေးတပ်က တပ်ခွဲမှူးတွေ ဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ရှေ့ဆင့်နောက်ဆင့် ဗကပထဲ ရောက်လာကြသူတွေပါ။ သီးခြား ဖွဲ့စည်းထားတဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ပါပဲ။ ၇၀ ပြည့်နှစ် အစဦးပိုင်းမှာ ကချင်တိုင်းရင်းသား ၁၀၁ စစ်ဒေသကို ဖွဲ့စည်းတည်ထောက်လိုက်ပြီး စခုန်တိန့်ယိမ်း နဲ့ ကျဲ့လုံတို့ တာဝန်ယူ ခေါင်းဆောင်ပါတယ်။
မြန်မာပြည် မြောက်ဘက်မှာ အစိုးရကို ဆန့်ကျင်တဲ့ တခြား ကချင် လွတ်လပ်ရေး တပ် တတပ် ရှိနေပြန်ပါသေးတယ်။ စခုန်တိန့်ယိမ်းဟာ ကချင်တိုင်းရင်းသားတို့ရဲ့ အမျိုးသားသစ္စာဖောက် ဖြစ်တယ်ဆိုပြီး အဲဒီတပ်က သူ့ကို ၁၉၆၉ ခုနှစ် ကတည်းက - - ဒဏ်ပေးထားတယ်။ ဒီ ကချင်တိုင်းရင်းသား တပ်၂တပ်ဟာ တိုက်ပွဲလေးတွေ တိုက်နေကြတယ်။ အချိန်ကာလရဲ့ ရွေ့လျား ပြောင်းလဲမှုတွေ - - တောင်ထိပ်က ညှိုးသူရန်ဘက်တွေ တစတစနဲ့ ပျောက်ပျောက်သွားတြယ်။ ၁၉၈၈ မှာ ကချင် လွတ်လပ်ရေး ကော်မတီက ၁၉၆၉ ခုနှစ် စီရင်ချက်ကို ဖျက်သိမ်းလိုက်တယ်။ တချိန်တည်းမှာပဲ ကချင်တို့ရဲ့ ရိုးရာဓလေ့အတိုင်း ခင်းကျင်းလိုက်ကြတယ်။ စခုန်တိန့်ယိမ်းကို ငွေဓားတလက် နဲ့ ပုဆိုးတထည် လက်ဆောင်ပေးပါတယ်။ ၁၉၈၉ ခုနှစ် ဇွန်လကုန်ပိုင်း နှစ်ဘက် ဆက်သွယ်ရေး တိုးမြှင့်လိုက်တယ်။ ကချင်တပ်က တပ်ရင်း ၂ ရင်းကို ဆဲထုတ် ရွှေ့ပြောင်းလိုက်တယ်။ တပ်အင်အားက ၁၀၁ စစ်ဒေသက အရေးပေါ် အသုံးပြုတပ်ကို ဖွဲ့စည်းလိုက်တယ်။ ဒါ့အပြင် စာရေးသား ဆက်သွယ်မှု၊ သတင်းပေးမှုဘက်မှာ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူကြပါတယ်။
၁၉၈၉ စက်တင်ဘာ။ ၁၀၁ စစ်ဒေသ ကျဲ့လုံ အစရှိတဲ့ တပ်ရင်းသုံးရင်းက တပ်ရင်းမှူးတွေက အတူတကွ စုပေါင်းပြီး တပ်မှူး စခုန်တိန့်ယိမ်းကို ပြင်းထန်တဲ့ ဖိအားတွေ ပေးကြတယ်။ အတူတကွ စုပေါင်းပြီး ဗကပထဲက ခွဲထွက်ကြမယ် ဒါမှမဟုတ်လည်း ဗကပ အနည်းစု ခေါင်းဆောင်တွေရဲ့ နောက်တော်ပါးက ထပ်ချပ်မကွာ လိုက်ပါပြီး ပန်ဝ ကနေ ထွက်ကြမယ်။ အတွင်းပိုင်းဆီက ကြီးမားလှတဲ့ ဖိအားကို စခုန်တိန့်ယိမ်း ရင်ဆိုင်ရလေပြီ။ သူ့ရဲ့ အခွင့်အာဏာကို အထပ်ထပ် အခါခါ ပြန်လည် သုံးသပ်ကြည့်တယ်။ ဗကပ အင်အား ပြိုပျက်နေတယ်။ အခြေက တယ်ပြီး မလှ။ နှစ်ကာလ အတန်ကြာ ဗကပ ထဲမှာ အတန်းစား ခွဲခံရတဲ့ အတိတ်က အကြောင်းအရာတွေကို ပြန်လည် တွေးတောကြည့်လိုက်ပါတယ်။ လက်ရှိ အခြေအနေဟာ ကျဲ့လုံ အစရှိသူတွေနဲ့ ပူးပေါင်းပြီး အတူတကွ ဗကပ ထဲကနေ ခွဲထွက်လိုက်ဖို့ ရွေးချယ်လိုက်တယ်။
၁၀၁ စစ်ဒေသက သခင်ဗသိန်းတင်တို့နဲ့ ခွဲထွက်လိုက်ဖို့ကို ဆုံးဖြတ်ချက် ချလိုက်တဲ့ တချိန်တည်းမှာပဲ ဗကပ နဲ့ လုံးဝ ကင်းရှင်းကြောင်း ကချင် ဒီမိုကရေစီသစ် လွတ်လပ်ရေးတပ် တည်ထောင်လိုက်ကြောင်း၊ စခုန်တိန့်ယိမ်းက တပ်မှူး နဲ့ အမြင်ဆုံး စီမံ ခန့်ခွဲရေး အကြီးအကဲကိုပါ တွဲဘက် ဆောင်ရွက်ပါတယ်။ ကျဲ့လုံက သူ့လက်ထောက်အဖြစ် တာဝန်ယူထားကြောင်း ပြင်ပကို တရားဝင် ထုတ်ပြန်ကြေညာလိုက်လေတယ်။
စခုန်တိန့်ယိမ်းက သူတို့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဥက္ကဋ္ဌ သခင် ဗသိန်းတင်ထံ အသိပေး အကြောင်းကြားလိုက်တဲ့အခါ ဘ၀ တလျှောက်လုံး စစ်သည်ဘ၀နဲ့ နေလာခဲ့တဲ့ ခေါင်းဆောင်လုပ်သူဟာ မျက်ရည်တွေ စီးကျလာပါတယ်။ ဗကပ ရာစုနှစ် တ၀က် ကြိုးပမ်း အားထုတ်ခဲ့ရတာတွေဟာ အခုတော့ သမိုင်းရဲ့ ကန့်လန့်ကာနောက်ကွယ်ဘက်ဆီ ရောက်ရတော့မှာလား။ သခင်ဗသိန်းတင် အစရှိတဲ့ ခေါင်းဆောင်တွေ ၁၀၁ စစ်ဒေသ ကနေ ထွက်ခွာလာကြရတယ်။ မြန်မာနိုင်ငံကလည်းပဲ ထွက်ခွာကြရလေတယ်။
၁၉၉၃ ခုနှစ်။ ကချင် လွတ်လပ်ရေးတပ် အစိုးရနှင့် စတင် ဆွေးနွေးကြပါတယ်။ နှစ်ဘက်စလုံးက လိုက်လျောမှုတွေ ရှိကြပါတယ်။ နောက်ဆုံးမှာ ကချင် လွတ်လပ်ရေးတပ်က လက်တွေ့ပိုင်းမှာ ကချင်ပြည်နယ်ရဲ့ သုံးပုံ တပုံ နယ်မြေကို ကချင် လွတ်လပ်ရေး နယ်မြေ အဖြစ် ရသွားပါတယ်။ ဒီ ကချင် လွတ်လပ်ရေး နယ်မြေ ဆိုတာက အပိုင်း ၃ ပိုင်း ပိုင်းထားပါတယ်။
၁။ မြန်မာ အိန္ဒိယ နယ်စပ်က တမူး နေရာက စတီးဝပ် လမ်းမကြီးရဲ့ အစပြုတဲ့ အနီးအနားမှာ ဖြစ်တယ်။ ကျောက်စိမ်းနဲ့သစ်တွေ တအား ထွက်ပါတယ်။
၂။ မြန်မာပြည် မြောက်ဘက်ပိုင်း။ ကျောက်စိမ်းအဓိကထွက်တဲ့ နယ်မြေ ဖြစ်တယ်။
၃။ လွတ်လပ်ရေးတပ်ဖွဲ့ တည်ရှိတဲ့မြေ။ တရုတ်ပြည် ထိန်ချုန်း၊ ရင်ကျန်း၊ လိန်ချွမ်းတို့နဲ့ ဆက်စပ်နေတယ်။ ကချင်လွတ်လပ်ရေးတပ် ဌာနချုပ်က အမည်နာမအားဖြင့် တရုတ်ပြည် တက်ဟုန်ရင်ကျန်းခရိုင် နယ်နိမိတ် အပြင်ရဲ့ ပါကျောင်မြစ် တ၀ိုက် အနီးအနားမှာ တည်ထားပါတယ်လို့ ဆိုပေမယ့် လက်တွေ့မှာတော့ တရုတ်ပြည် လုံချွမ်းခရိုင် နယ်နိမိတ် အပြင်ဘက် တက်အိုးမှာ ဖြစ်ပါတယ်။ ဒီနေရာဟာ တချိန်က အင်္ဂလိပ်တို့ရဲ့ စစ်စခန်းတခုပါ။ ခံတပ်စခန်း တည်ဆောက်ထားပါတယ်။ ၁၉၈၈ မြန်မာအစိုးရတပ် တက်အိုးကို တိုက်ခိုက် သိမ်းပိုက်လိုက်တယ်။ ကချင်လွတ်လပ်ရေး တပ်ဖွဲ့ကြီးက တရုတ်ပြည် ရင်ကျန်းခရိုင် စီးဖာ ဆိပ်ကမ်း နဲ့ ၁၂ ကီလိုမီတာသာ အလှမ်းကွာတဲ့ တစွတ်အို ဖြစ်ပါတယ်။ မြန်မာ အိန္ဒိယ နယ်စပ် တမူးဒေသက လက်ရှိအချိန်မှာ ကချင် လွတ်လပ်ရေး တပ်က စခန်း ချထားပါတယ်။
ကချင်ပြည်နယ် ဘိန်းစိုက်ပျိုးလို့ သိပ် မကောင်းလှပါ။ အကြောင်းရင်းက လတ္တီတွတ်မျဉ်းက အနောက်ယွန်းယွန်းဘက်ဆီကို ဆိုက်ရောက်လို့ နေပါတယ်။ ပထ၀ီမြေမျက်နှာပြင်က မြင့်မားတယ်။ ရာသီဥတုက အတော်လေး အေးတယ်။ မသေချာ မရေရာတဲ့ ဟိုတပိုင်း ဒီတစ မှတ်တမ်းမှတ်ရာ အချက်အလက်အရ လွတ်လပ်ရေး တပ်ဖွဲ့ စီရင်စု နယ်ဟာ ၂၀ ရာစု ၈၀ ပြည့်နှစ်ကာလတုန်းက ဘိန်းစိုက် တောင်သူတို့ ဆီက ကောက်ခံ ရရှိတဲ့ ဘိန်းအခွန်တော် ဘိန်း ၅ ကီလိုဂရမ်/ခုနှစ်/အိမ်ခြေ အခွန်ဆောင်ပြီး နောက်မှ ဘောက်ချာ ဖြတ်ပိုင်း ပေးပါတယ်။ ဒီလို ဘိန်းခွန် ဆောင်မှ လွတ်လွတ်လပ်လပ် သယ်ဆောင်ခွင့် ပြုပါတယ်။
နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က ဒီမိုကရေစီ တပ်ဖွဲ့ရဲ့ စီရင်စုမှာ ဘိန်းဖြူ မွမ်းမံ ထုတ်လုပ်တဲ့စက်ကို မတွေ့ရှိပါလို့ ဆိုပါတယ်။ ၁၉၉၁ ခုနှစ်။ ကချင်လွတ်လပ်ရေးတပ်က ဘိန်းတားဆီးရေး အမိန့် ထုတ်ပြန်လိုက်ပါတယ်။ ၁၉၉၆ ခုနှစ် စီရင်စုနယ်မြေအတွက် ဟိုတစု ဒီတစုလောက် ဘိန်း စိုက်ကြတယ်။ ကချင်ဟာ မူလ ကတည်းက ဘိန်းထွက်နှုန်း မမြင့်လှပါ။ သဘာဝ အကြောင်းရင်းအပြင် တခြား အရေးပါတဲ့ အကြောင်းရင်းတွေလည်း ရှိနေပါသေးတယ်။
(၁) က ကချင်ဒေသရဲ့ ရင်းမြစ်တွေ ဖြစ်တဲ့ သစ်နဲ့ကျောက်စိမ်းက ကမ္ဘာမှာ တုနှိုင်းယှဉ်မရ ပြိုင်စံရှားပါ။ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းထွက်တဲ့ နေရာက ကချင်ပြည်နယ်ထဲမှာပါ။ ကချင် အင်အားစု နှစ်ခုဟာ ရှေးအစဉ်အဆက်ကတည်းက ကျောက်တူးတဲ့ အရှင်သခင် ပိုင်ရှင်တွေပါ။ စစ်မဖြစ်မီက ကမ္ဘာ့ကျောက်စိမ်းမြို့တော် လို့ မည်တွင်တဲ့ ထိန်ချုန်းဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့ နောက်မှာ ပြန်လည် နာလန်မထူနိုင်တော့ပါ။ မြန်မာ့ ပြည်တွင်းစစ် အရှုပ်အထွေးကလည်း ပြင်ပလူတွေ ကချင် ကျောက်စိမ်းနယ်မြေအတွင်းကို ၀င်ရောက်ခွင့် မရတော့ပါ။ အားလုံး ကချင်လူမျိုးတွေ ထိန်းချုပ်လိုက်တယ်။ အစိုးရ ဆန့်ကျင်တဲ့ အင်အားတွေ နယ်မြေ စိုးမိုးပြီးတဲ့ နောက် အထူးသဖြင့် တရုတ်ပြည် တံခါး ဖွင့်ပြီးတဲ့နောက် သစ်လိုအပ်မှု ပမာဏ များပြားလာတာရယ် တရုတ်ပြည်အတွင်း သစ်ထုတ်လုပ်မှု ကန့်သတ်လိုက်တာကြောင့် ကချင်တွေ အခွင့်ထူး ကြုံရလေတယ်။
ကချင် လွတ်လပ်ရေးတပ် နဲ့ နှိုင်းယှဉ်လိုက်ရင် ဒီမိုကရေစီသစ်တပ်ဖွဲ့ (မူလက ဗကပ ၁၀၁ စစ်ဒေသ) ရဲ့ အင်အားက တအား ငယ်ပါတယ်။ သူတို့ စိုးမိုးထားတာက တရုတ်ပြည် ထိန်ချုန်း အပြင်ဘက်ကျတဲ့ မြောက်ဘက် ရှည်မြောမြော နယ်စပ်ဒေသသာ ဖြစ်တယ်။ ဌာနချုပ်က ကန်ပိုက်တီး ဖြစ်တယ်။ တည်နေရာက မြစ်ကြီးနား ထိန်ချုန်း ကားလမ်းမကြီးပေါ်က တရုတ် မြန်မာ နယ်စပ် မြန်မာဘက်ကမ်းမှာ ရှိနေပါတယ်။ ဗကပ ခေတ်ကတည်းက တိုက်ခိုက်စွမ်းအား အတန်အသင့် ရှိတဲ့ ကချင်တပ်မှာ အခု အယောက် ၆၀၀ ကျော်လောက် ရှိပါတော့တယ်။ အတော့်ကို လျော့သွားပါတယ်။ စခုန်တိန့်ယိမ်း လွတ်လပ်မှု ရပြီးတဲ့နောက် ဘိန်းထုတ်လုပ်မှု လျော့ပါးသွားတယ်။ စီရင်စု နယ်မြေမှာ စိုက်ပျိုးတာ ဧက တသောင်း ရှိပါတယ်။ ဘိန်းတန်ချိန် ၁၅ တန် ထွက်ပါတယ်။
စခုန်တိန့်ယိမ်းက မူလက ဗကပ ဖြစ်တာအပြင် အင်္ဂလိပ်တွေနဲ့ ကောင်းကောင်း အဆက်အသွယ် ရှိတဲ့ ကချင် လွတ်လပ်ရေးတပ်က စစ်ဗိုလ်တယောက် ဖြစ်တယ်။ တခြား မူလ ဗကပ တယောက်ထက် အနောက်ဘက် ပိုယိမ်းလွယ်သူတယောက် ဖြစ်တယ်။ ဒါ့အပြင် သူဟာ မြန်မာအစိုးရရဲ့ အထူး လေးစားချစ်ခင်မှုကိုလည်း ရရှိပါတယ်။ သူဟာ ရာခိုင်နှုန်း တရာတိတိ ရှိတဲ့ ကချင် တိုင်းရင်းသား စစ်စစ်ပါ။ ဒါကတော့ ဗကပထဲက ခွဲထွက်ခဲ့ကြတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာ ရထားတဲ့ ရှိရှိသမျှ ခေါင်းဆောင်တွေ အားလုံးထက် တမူ ထူးခြားချက်ပါ။ (သူတို့ အနည်းနဲ့အများ တရုတ်သွေး ပါကြပါတယ်) စခုန်တိန့်ယိမ်းဟာ မူလ ဗကပ ထဲက ခွဲထွက်လာတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာပိုင် ခေါင်းဆောင်တွေထဲက တဦးတည်းသာ ရှိတဲ့ နိုင်ငံ့ ကိုယ်စားလှယ်တယောက်ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အစိုးရက ကချင် အခွင့်အာဏာကို ကိုင်တွယ် ဆောင်ရွက်မယ့် ခေါင် အဖြစ် သူ့ကို ရွေးပြီး အပ်နှင်းလိုက်တယ်။ ဒါဟာ လွတ်လပ်ရေးတပ်ခေါင်းဆောင် အပ်နှင်းခြင်းမဟုတ်ချေ။ မြန်မာစစ်အစိုးရဟာ မူလကတည်းက လွတ်လပ်ရေးတပ်နဲ့ ဒီမိုကရေစီသစ်တပ်တို့ ပေါင်းစည်းခြင်းကို အထူး အာရုံစိုက်လျက်ရှိပါတယ်။ သူ့ကို ကချင်ပြည်နယ် စီမံ အုပ်ချုပ်ရေးကိုသာ အဓိကထား ဆောင်ရွက်စေချင်တာပါ။ ဒါပေမယ့် စခုန်တိန့်ယိမ်းခမြာ သူ့ထက် အင်အား တောင့်တင်းတဲ့ လွတ်လပ်ရေးတပ်ရဲ့ ပြတ်သားတဲ့ ကန့်ကွက်မှုကို ဆိုးဆိုးရွားရွား တွေ့နေရပါတယ်။
သူတို့ နယ်မြေက မြန်မာနိုင်ငံ အဓိက အရေးပါတဲ့ နိုင်ငံရေး ရှုပ်ထွေးတဲ့ ဗဟိုချက်မနဲ့ အလှမ်း ကွာဝေးနေပါတယ်။ ဒါ့အပြင် ဒုတိယကမ္ဘာစစ် ကုလားအုပ်လေကြောင်းလိုင်း၊ စတီးဝဲလ်လမ်းမကြီး၊ မဟာမိတ်တပ်နဲ့ဂျပန် အမှတ် ၁၈ တပ်မတို့တို့ အပြင်းအထန် လှုပ်ရှားခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ ဒါကလွဲပြီး အပြင်လူတွေ အလေးထားခံရတဲ့ နေရာ မဟုတ်ပါ။ စစ်ပြီးခေတ် မြန်မာနိုင်ငံရဲ့ အရှုပ်တော်ပုံ နေရာလည်း မဟုတ်၊ ဘိန်းရဲ့ အချက်အချာ နယ်မြေလည်း မဟုတ်ချေ။ ဗကပ ပျောက်ကွယ်မှု မတိုင်ခင် ရှည်လျားတဲ့ ကာလတွေမှာ ၀ တပ်ဖွဲ့ နဲ့ ခွန်ဆာတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲ ခြိမ့်ခြိမ့်သဲနေ၊ ကိုးကန့်အတွင်းပိုင်း အာဏာလု အိမ်ကြက်ချင်း ခွပ်နေ၊ မြန်မာအစိုးရဲ့ဖိအား မူလ ဗကပ “8-15” စစ်ဒေသကို အပြင်းအထန် ရှိနေချိန်မှာ စခုန်တိန့်ယိမ်းနဲ့ စစ်အစိုးရတို့ မိတ်ဖြစ်ဆွေဖြစ် ပေါင်းသင်းဆက်ဆံမှုက တအားကို ကောင်းနေပါတယ်။ သူတို့ ဗကပနဲ့ ကင်းကွာပြီးတဲ့နောက် ဖွံ့ဖြိုးတိုးတက်မှုတွေရယ်၊ ပြောင်းလဲမှု အသွင် သဏ္ဌာန်တွေဟာ အဘိုးတန်တဲ့ အချက်အလက်တွေ ဖြစ်လာပါတယ်။
ဒီမိုကရေစီသစ် တပ်ဖွဲ့ စိုးမိုးရတဲ့ မြေနေရာက မကျယ်ဝန်းပေမယ့်လည်း သယံဇာတ ထွက်ကုန်တွေက ပေါကြွယ်ဝတယ်။ ကမ္ဘာမှာ အင်မတန် အဘိုးတန် ရှားပါးလွန်းတဲ့ ကျွန်းသစ်ထွက်တဲ့ သစ်တောနက်ကြီး ရှိတယ်။ ကမ္ဘာမှာ တန်ဘိုး အင်မတန် ကြီးမားလွန်းတဲ့ ကျောက်မျက်ရတနာတွေ ထွက်တယ်။ ၎င်းနေရာဟာ ဒုတိယကမ္ဘာစစ် မဖြစ်ခင်က ကမ္ဘာ့ကျောက်စိမ်းမြို့တော်လို့ ထင်ရှားခဲ့တဲ့ ထိန်ချုန်းမြို့ နဲ့ အလွန် နီးတယ်။ (ထိန်ချုန်းဟာ ဟိုးအရင် မူလက တရုတ်ပြည် အနောက်တောင်က ယဉ်ကျေးမှု အချက်အချာနဲ့ အရှေ့တောင်အာရှ ကုန်သွယ်ရေးရဲ့ ဗဟိုချက်မတခု ဖြစ်တယ်) ခုလိုခေတ်အခါမှာ ထိန်ချုန်းရဲ့ ပြန်လည်ဖွံ့ဖြိုးရေး လုပ်ဆောင်နေခိုက်မှာ စခုန်တိန့်ယိမ်းက သူကြီးထွားလာရေးအတွက် အင်မတန်ကြီးမားတဲ့အထောက်အကူ ဖြစ်နေပါတယ်။ ကချင် အမှတ် ၃ အထူးဒေသဟာ ဒီနှစ်ပိုင်းတွေမှာ စီးပွားရေးဘက်မှာ အရှိန်အဟုန် ပြင်းစွာ ပုန်ကန် ထကြွနေချေပြီ။ မျက်မှောက်ကာလတွေမှာ နှစ်စဉ် ဘဏ္ဍာရေး ၀င်ငွေက ရန်မီဘီ သန်းတရာ အထက်မှာ ရှိနေပါတယ်။ ကိုးကန့်ထက် ငါးဆ သာတယ်။ ကိုးကန့်အစိုးရ နှစ်စဉ် ၀င်ငွေက ယွမ် သန်း ၂၀ ကျော်လေးသာ ရှိတယ်။ ကချင် အမှတ် ၃ ဒေသက ၁၉၉၀ က အစပြုပြီး မူးယစ်ဆေးဝါး ဟန့်တား တိုက်ဖျက်ရေးကို ပြုလုပ်ပါတယ်။ လက်ရှိ အချိန်မှာ မြန်မာနိုင်ငံ မြောက်ပိုင်း မူးယစ်ဆေးဟန့်တားတိုက်ဖျက်ရေး အနေအထားက အကောင်းဆုံးဒေသတခု ဖြစ်ပေတယ်။
x x x x x
ဗမာပြည်ကွန်မြူနစ် ပါတီဟာ တိုးတက်တဲ့ ကျောင်းသားပါတီ သခင်ပါတီကနေ ပြောင်းလဲလာတာ ဖြစ်တယ်။ ကိုလိုနီအုပ်ချုပ်ရေး နဲ့ ပဒေသရာဇ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ အရေးပါတဲ့ နိုင်ငံရေး အင်အားစုကြီး ဖြစ်ပါတယ်။ နိုင်ငံရေး အတွေးအခေါ် အယူအဆပိုင်းမှာ တိုက်ခိုက်မှုတွေ ပေါ်ပေါက်ပြီး ပါတီတွင်း ကွဲပြဲမှုတွေ ပေါ်ပေါက်လာရာကနေ မြန်မာနိုင်ငံအတွင်း အင်အား အကြီးဆုံး၊ အစိုးရကို ဆန့်ကျင်တဲ့လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်လာတယ်။ ဒါပေမယ့် မတူညီကြတဲ့ ဒီတစုမှာ တူညီတဲ့ နိုင်ငံရေး အတွေးအခေါ် အယူအဆတွေ ရှိနေကြတုန်းပါပဲ။
“အနီရောင်လွှမ်းတဲ့တပ်သား”က ဘာကြောင့်များ ကနေ့ “အဖြူရောင်တစ္ဆေတပ်သား” အဖြစ် ယုတ်လျော့ကျဆင်းသွားရတာပါလိမ့်။ တကယ့်ကို အလေးအနက်ထားပြီး စူးစမ်းလေ့လာ သုတေသန ပြုရလေတော့တယ်။
ဒါပေမယ့်လည်း ဗကပ တည်ရှိခဲ့တဲ့ သမိုင်း၊ ဒါ့အပြင် ဗကပ ပြိုကွဲပျက်သုဉ်းပြီးတဲ့နောက် ဒီအပိုင်းမှာ ရွှေတြိဂံမြောက်ပိုင်းဆီ ရွေ့လျား ပြန့်ကားပြီး မူးယစ်ဆေးဝါး အဆပေါင်း များစွာ တိုးပွား များပြားလာတဲ့ သမိုင်းတွေ၊ ရွှေတြိဂံကို လူတွေပိုအာရုံစိုက်ရလောက်အောင် ပြောင်းလဲမှုကြီးတွေ၊ ၎င်းအကြောင်းချင်းရာတွေကနေ အနောက်တိုင်းက တလျှောက်လုံး ဂရုစိုက်နေကြတဲ့ ကမ္ဘာ့အဆင့်လွန် ဘိန်းရာဇာကြီး လော်စစ်ဟန်၊ ခွန်ဆာ အစရှိတဲ့သူတွေရဲ့ ပုံရိပ်တွေ ဒါတွေဟာ ကနေ့ ကမ္ဘာသားတွေရဲ့နှုတ်ဖျားမှာ ပြောဆိုနေကြပါတယ်။
ဒါတွေရဲ့ သမိုင်းကြောင်းပြောင်းလဲမှုဖြစ်စဉ်တွေကို ဖော်ထုတ် ဖြေရှင်းရမယ် ဆိုရင် ကနေ့ လူတွေ ရှုမြင်သုံးသပ်နေကြတဲ့ ရွှေတြိဂံကြီး တခုလုံးရဲ့ မေးခွန်းပုစ္ဆာတွေဟာ အဲဒါတွေထဲကနေ ရရှိပြီး အသိဉာဏ်တွေ ပွင့်လင်းလာမှာ ဖြစ်ပါတယ်။ ဒါတွေဟာ ရွှေတြိဂံရဲ့ နိုင်ငံရေး၊ အမျိုးသားရေး၊ စီးပွားရေး ဆိုတဲ့ ဒေါင့်စွန်းလေးတွေထဲကဟာတွေပါ။ ဘိန်းနဲ့ မူးယစ်ဆေးက ဘာကြောင့် အရေးပါတဲ့ ဇာတ်သရုပ်ကို ကပြနေရတယ် ဆိုတဲ့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။
ကနေ့အချိန်ကို ရောက်လာပါပြီ။ ခေတ်အဆက်ဆက်က ပေါ်ထွန်းခဲ့တဲ့ ဘိန်းရာဇာကြီးတွေရယ် နောက်ပိုင်းကာလ ဗကပတို့ ပြိုကွဲပြီးမှ ပေါ်ပေါက်လာတဲ့ ပုံစံတွေထဲက ဘိန်းရှိရာရင်းမြစ်ဒေသနဲ့ အနေအထားတွေရယ် အဲဒီကနေ ဖောက်လုပ်လိုက်တဲ့ ဘိန်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေရယ်။
ဗြိတိသျှတွေ အစပျိုးလိုက်တဲ့ ဘိန်းဝဲဂယက်ကနေ တဆင့်ပြီးတဆင့် လက်ဆင့်ကမ်း ဖြတ်သန်း လာခဲ့တာမှာ နောက်ဆုံး အဖြူရောင် ဘိန်းတစ္ဆေကနေ အဖြူရောင် စုန်းကဝေ။ အဖြူရောင် မှော်ပညာရှင်တွေ ပေါ်ထွက်လာကုန်ပါပြီ။
ရှေ့နဲ့နောက် နှစ်ပေါင်း ၁၅၀ ကျော်ကြာလာခဲ့တယ်။ “သူ” ဘယ်လောက်ကြာရှည် ဆက်လက် တည်ချေလေဦးမလဲ။ ဒီမေးခွန်းဟာ ကနေ့ ကမ္ဘာသူကမ္ဘာသားတွေကို စူးစိုက်မေးမြန်းလို့ နေချေပြီ။ လူသားအားလုံး ကောင်းကောင်းကြီး သိသင့် သိထိုက်တဲ့ ပြဿနာဖြစ်ပါတယ်။
ရွှေတြိဂံပြဿနာ နိဂုံးချုပ်ဖို့ ဝေးကါာနေပါသေးတယ်။ ဗကပ ပြိုကွဲသွားပြီးနောက် လွတ်လွတ်လပ်လပ် အသစ် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တပ်ဖွဲ့ အသီးသီး၊ ဂိုဏ်းအုပ်စု အသီးသီးက လက်နက်ကိုင် မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားကြမယ့် ရွှေတြိဂံ ဖြစ်လာစေမယ့် ကာလသစ်ကို ရောက်လာလိမ့်မယ်။ ၎င်းတို့က မတူညီတဲ့ နိုင်ငံရေး အသိအမြင် တွေကနေ အတင်း လိုက်ပါကြပြီး မတူညီတဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ ဒီဒေသ စီးပွားရေးကို ဖွံ့ဖြိုး တိုးတက်စေလိုကြပါတယ်။ သူတို့က နိုင်ငံရေးထုထည်သစ်တခု တရုတ် မြန်မာ နယ်စပ်မှာ ပေါ်ထွက်လာစေလိုကြပါတယ်။ အဲဒီထုထည်သစ်က မြောက်ဘက်ဆီက တရုတ်နယ်နိမိတ်ကို အတင်း ပူးကပ်ထားပြီး ရှည်မျောမျော ရစ်ပတ်ထားလိုကြတယ်။
၁၉၈၉ ခုနှစ်။ ဗကပ ပြိုကွဲပြီးနောက် ဒေသကြီး ၄ ခု ရှေ့ဆင့်နောက်ဆင့် ပေါ်ပေါက်လာပါတယ်။ ဒီ မြန်မာအစိုးရ ဖော်ထုတ်လိုက်တဲ့ ဒေသကြီး ၄ ခု ဆိုတာကတော့ အမှတ် (၁) ကိုးကန့်၊ အမှတ် (၂) ၀၊ အမှတ် (၃) ကချင်၊ အမှတ် (၄) ရှမ်း အထူးဒေသ ၄ ခုပါ။ ဒီအထူးဒေသကြီး ၄ ခုစလုံး တရုတ်ပြည် နယ်နိမိတ် မျဉ်းနဲ့က ၃ ကီလိုမီတာသာ ကွာဝေးပါတယ်။ ဒီနယ်မြေ ဒေသတွေမှာ ကိုယ့်ရဲ့ ရုံးစိုက်ရာမြို့တွေ ဗဟိုရုံးချုပ်တွေကို ကိုယ့်ဖာသာ ရွေးချယ် စိုက်ထူကြပါတယ်။ ဒီအချိန် ဒီကာလက အစပြုပြီး သူတို့ဟာ ဗကပ နဲ့ ဗကပ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ လက်အောင်ခံ မဟုတ်ကြတော့ပါ။ တသီးတခြား ပေါ်ထွက်လာတဲ့ အမျိုးသား ကိုယ်ပိုင် အုပ်ချုပ်ရေး နိုင်ငံရေးလမ်းညွှန်မှု အခြေခံမှု တည်ရှိတဲ့ မြန်မာနိုင်ငံအထူးဒေသ ဖြစ်ပါတယ်။ သူတို့ဟာ လက်တွေ့ပိုင်းမှာ မြန်မာနိုင်ငံ ဒေသခံ အမျိုးသားရေး ၀ါဒ နိုင်ငံရေးပါတီ နဲ့ ဒေသခံ ကိုယ်ပိုင်အုပ်ချုပ်ရေး အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ကြပါတယ်။
ဒါတွေဟာ လက်ရှိ ဖြစ်နေတုန်း၊ ဖြစ်နေဆဲ သမိုင်း အပိုင်းတပိုင်းပါ။
သမိုင်းရဲ့ သင်ခန်းစာတွေကို မှတ်ယူသင့်ကြပါတယ်။ ဒါဟာ လူသားတွေရဲ့ အလိုအပ်ဆုံး အချက်ဖြစ်ပါတယ်။ ။
No comments:
Post a Comment