အပိုင်း (၉) ရေမှာ ပေါလော စီးမျောနေတဲ့ လူမျိုးစု
ယဉ်ကျေးမှု အခြေခံ အသေးစိတ် အကြောင်းရင်းခံ အချက်အလက်ကပဲ ကြည့်ကြည့် ဒါမှမဟုတ် လူမျိုးနွယ်စုရဲ့ အစဉ်အလာ ဆင်းသက်လာမှုတွေကိုပဲ ကြည့်ကြည့် ဒီနေရာ ဒီဒေသမှာ နေထိုင်ကြတဲ့ လူအများစု အားလုံး နီးနီးလောက်က မိမိကိုယ်ကို ဟန်နွယ်ဘွား တရုတ်များလို့ သတ်မှတ်ကြပါတယ်။ “မိမိဟာ ဘိုးဘေး စဉ်ဆက် အဋ္ဌမမြောက် တရုတ်ပြည် ယူနန်ပြည်နယ်ကနေ လွိုင်မော်တောင် ဆီကို ရောက်ရှိလာတဲ့ ဟန် တရုတ်မျိုးနွယ်စုပါ” လို့ ခွန်ဆာက ပြင်ပကမ္ဘာကို ကြွေးကြော်ခဲ့ဖူးပါတယ်။ ဟန်တရုတ် နွယ်ဖွား သူ့ဖခင်က တိုင် (ရှမ်း) နွယ်ဘွား ရှမ်းပျိုဖြူလေးကို ပေါင်းသင်း လက်ထပ်တာ ဖြစ်တဲ့ အတွက် ခွန်ဆာက ဟန်တရုတ်နဲ့ တိုင်(ရှမ်း) တို့ရဲ့ သွေးနှော မျိုးဆက် ဖြစ်ပါတယ် လို့ ခွန်ဆာကိုယ်တိုင် ပြောပြပါတယ်။ ဒီနယ်မြေဒေသမှာ ပြင်ပအင်အားစုတိုင်းက နယ်မြေဒေသ သဘာဝအလျောက် တည်ရှိနေမှုတွေကို ဟန့်တားလို ဖယ်ရှားလိုကြပါတယ်။ ဒါဟာလည်းပဲ မြန်မာတိုင်းရင်းသားဖြစ်တဲ့ ကိုးကန့်(ဟန်တရုတ်) လူမျိုးစုတို့ နဲ့ မြန်မာလူမျိုးစုတို့ ဘယ်လိုမှ တသားတည်း ပေါင်းစပ်လို့ မရနိုင်သေးတဲ့ အကြောင်းရင်းခံ အချက် ဖြစ်နေပါတယ်။
x x x x x
ရှမ်းပြည်နယ် ကိုးကန့် အထူးဒေသ ၁ က မြန်မာပြည် မြောက်ပိုင်း သံလွင်မြစ် အရှေ့ဘက်ကမ်းမှာ တည်ရှိပါတယ်။ ဧရိယာ အကျယ်အ၀န်း ၅၂၀၀ ကီလိုမီတာ ကျယ်ဝန်းပါတယ်။ တရုတ်ပြည် ယူနန်ပြည်နယ် လိန်ချန်းဒေသ ကျဲန့်ခန်း၊ ချန်းယွမ်၊ ကဲန်မာ ခရိုင်တွေအပြင် ပေါင်စန်းနယ်မြေ နဲ့ လုံလိန်ခရိုင်နဲ့လည်း ဆက်စပ်နေပါတယ်။
တရုတ်မြန်မာ နယ်ခြားမျဉ်းက ကီလိုမီတာ ၅၂၀ ရှည်လျားပါတယ်။ ကိုးကန့် ဆိုတာက နှစ် ရာပေါင်း များစွာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိနေပါတယ်။ အထူးသဖြင့် အနီးကပ်ဆုံး နှစ် ၁၀၀ အတွင်းရဲ့ သမိုင်းကြောင်းဟာ မူးယစ်စေတဲ့ ဘိန်း ကုန်ကူး သယ်ယူပို့ဆောင်ခြင်းကနေ အကျိုးအမြတ် အမြောက်အမြား ရရှိပါတယ်။ အဲဒါကနေ လက်နက် တပ်ဆင်ပြီး တသီးတခြား ပိုင်းခြား ဖြတ်တောက်တဲ့ သမိုင်း တွင်ရစ်လေတယ်။ ၎င်းရဲ့ သမိုင်းကို ခွဲခြမ်း စိတ်ဖြာ စိစစ်ခံနေရပြီး လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ နဲ့ ဘိန်းကုန်ကူး လက်နက် တပ်ဆင်မှုတွေ ပေါ်ပေါက်လာရပါတယ်။ ဒါဟာဖြင့် ဒီဒေသရဲ့ သမိုင်းဖြစ်စဉ် တိုးတက်မှုရဲ့ ပုံရိပ်အကျဉ်းပါပဲ။ နယ်မြေဒေသရဲ့ ၉၅ ရာခိုင်နှုန်းဟာ တရုတ်မျိုးနွယ်စုကနေ ဖွဲ့စည်းထားတဲ့ ကနေ့ မြန်မာလူနည်းစုတိုင်းရင်သား “ကိုးကန့်မျိုးနွယ်စု” ဆိုတာပါပဲ။ ကိုးကန့် တိုင်းရင်းသား ဆိုတာ ယူနန်နယ်ခြား ဒေသမှာ အင်မတန် နက်ရှိုင်းပြီး ရှည်ကြာတဲ့ သမိုင်းဆက်နွယ်မှုတွေ ရှိနေပါတယ်။
ဒီအချက်အလက်ကို အလေးအနက်ထား လေ့လာ သုတေသန ပြုရမယ် ဆိုရင်ဖြင့် တရုတ်ပြည် အနောက်တောင်ပိုင်း (မြန်မာအရှေ့မြောက်ပိုင်း) နယ်စပ်သမိုင်းရဲ့ သုတေသန ဘာသာရပ်တခု ဖြစ်ရုံသာ မကသေးဘဲ ကမ္ဘာသူ ကမ္ဘာသားတွေဟာ ယူနန်နယ်မြေ ပြင်ပက ဘိန်းကုန်ပစ္စည်းရဲ့ အကြောင်းချင်းရာ ပြဿနာ နဲ့ သမိုင်း ဖြစ်စဉ်၊ မျက်မှောက်ရေးရာတွေကိုပါ လေ့လာ သိရှိသွားမှာ ဖြစ်ပါတယ်။ ဒါမှလည်း တရုတ်ပြည် အနောက်တောင်ပိုင်းက ထိုးထွက်နေတဲ့ နယ်ခြားဒေသရဲ့ တည်ငြိမ်မှု နဲ့ ဖွံ့ဖြိုးမှုတွေကို ဆောင်ရွက်တာမှာ အရေးပါ အရာရောက်တဲ့ အနှစ်သာရ ရလဒ်ကို ရရှိလာမှာ ဖြစ်ပါတယ်။
စေ့စေ့ငှငှ လေ့လာလိုက်တော့ ကိုးကန့် တိုင်းရင်းသားတို့ရဲ့ သမိုင်း အစဟာ တရုတ်ပြည် ခွန်မင်းမြို့ရဲ့ ပီးစူပိုး (အတင်းအကျပ် သေစေခြင်းကုန်း) ကနေ သမိုင်းကြောင်း အစချီလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ပြည် မိန်မင်းဆက် ခေတ် (၁၃၆၈-၁၆၄၄) နှောင်းပိုင်း ယုံလိမင်း ဧကရာဇ် နှင့် အတော်လေးကို ဆက်စပ်မှုတွေ ရှိနေပါတယ်။ ကနေ့ ဆိုရင် ကိုးကန့် အများအပြားက မိမိကိုယ်ကို တော်ဝင် ဘုရင့် မျိုးနွယ်စုရဲ့ သား မြေးမြစ်တွေရယ်လို့ သတ်မှတ်ကြပါတယ်။ ဂုဏ်လည်း ယူကြပါတယ်။
ပီစူပိုးကုန်းဟာ ခွန်မင်းမြို့ ၀ူဟွာစန်းတောင် အနောက်ဘက် တောင်ခြေ၊ ဟွာစန်းတောင် အနောက်ဘက်လမ်း မြောက်ဘက်ပိုင်းရဲ့ မတ်စောက်တဲ့ တောင်ကုန်းဖြစ်တယ်။ မိန်မင်းဆက်ခေတ် နဲ့ မန်ချူးမင်းဆက်ခေတ် (၁၆၁၆-၁၉၁၁) ခေတ် နှစ်ခေတ်စလုံး ဒီနေရာမှာ မင်းမှုထမ်း အရာရှိ ရွေးချယ်ရေး စာမေးပွဲ ကျင်းပတဲ့ နေရာ ဖြစ်တယ်။ နောက်ပိုင်း တစတစနဲ့ ရွေးချယ်ရေး စာမေးပွဲဝင်း (ကနေ့ ယူနန်တက္ကသိုလ်) နဲ့ မြောက်ပိုင်း တံခါးအပြင် မြို့ဆင်ခြေဖုံး မြောက်ဘက်ပိုင်းနဲ့ ကားပေါက်တဲ့ တကယ့် အရေးပါတဲ့ ဆက်သွယ်ရေး လမ်းမကြီး ဖြစ်နေပါပြီ။ ဟိုးတုန်းကတော့ ဒီနေရာမှာ ကြက်ဆူဆီ ရောင်းတဲ့ ဆိုင်တွေ ရှိခဲ့ဖူးတယ်ရယ်လို့လည်း ပြောကြပါတယ်။ ဒါကြောင့်လည်း “ကြက်ဆူကုန်း” ရယ်လို့လည်း တွင်ကျယ်ခဲ့ဖူးပါတယ်။
၁၆၅၈ မတ်လ။ သမိုင်းရာဇ၀င်မှာ ကွေ့ဘုရင်ရယ်လို့ နာမည် တွင်တဲ့ ယုံလိမင်း ဧကရာဇ် ကျူးယိုလန် လက်ထက် ထိုစဉ်က မိန်မင်းဆက် ပျက်သုဉ်းလုနီးအချိန်မှာ လယ်သမားသူပုန်ထမှုကြီး ပေါ်ပေါက်လာပါတယ်။ လယ်သမား သူပုန် ခေါင်းဆောင်ပိုင်းက ကျန်းရှဲန့်ကျုံးဟာ အကြွင်းအကျန် ငယ်သား ဗိုလ်လီတင့်ကို ဗိုလ်ပိုင်ဝံရှမ်းတို့ကို ဦးဆောင်ပြီး အနောက်ဘက်ကနေ စုန်ဆင်းလာပါတယ်။ ၎င်းတို့ဟာ မိန်မင်းဆက် ဘုရင်ရဲ့ အလံကို လွှင့်ထူပြီး မန်ချူးတပ်နဲ့ ရင်ဆိုင် စစ်ထိုးးပါတယ်။
၁၆၅၈ အောက်တိုဘာလ။ မိန် (တောင်ပိုင်း) အကြွင်းအကျန် မှူးမတ်ငယ် တို့ဟာ ကိုယ်ရံတော်တပ်သားတို့ရဲ့ အစောင့်အရှောက်ကို ယူပြီး ဆင်းချလာကြတယ်။ သူတို့ဟာ နန်းကင်းလမ်းကြောင်း အတိုင်း သုတ်ခြေတင် ပြေးဆင်းလာပြီး ယူနန်ရဲ့ - - လန်းဆီကို ဆိုက်ရောက်လာကြတယ်။ နောက်ဆုံးတော့ ခွန်မင်းမြို့မှာ မိန် (တောင်ပိုင်း) တည်ထောင်ပြီး တျဲန့်နေပြည်တော် တည်ထောင်လိုက်ပါတယ်။ ဒါ့အပြင် ၀ူဟွာစန်း ပေါ်မှာ ဘုရင့်နန်းတော်ကို တည်ထောက်လိုက်တယ်။ ပီကျူပိုး (ကြက်ဆူကုန်း) ဟာ သိုက်ဝန်းလာပါတယ်။
မန်ချူးမင်းဆက် စွန့်ကျူဘုရင် ၁၆ နှစ်မြောက် (၁၆၅၁) ပထမလဆန်း ၃ ရက်မှာ မန်ချိုး ဗိုလ်ချုပ် ၀ူစန်းကွေ့ဟာ စစ်သည် အင်အား တသိန်းနဲ့ ခွန်မင်းကို စစ်ချီလာကြတယ်။ နန်းမိန် (တောင်ပိုင်းမိန်) နန်းတွင်း အစုလေးဟာ ခွန်မင်းမြို့ကို လက်လွှတ်လိုက်ရပါတယ်။ ခွန်မင်းကို စွန့်ခွာလိုက်ပြီး စန်းထိန်ချုန်းမှာ စစ်ရှုံးပြီး ဆုတ်ခွာလာကြပါတယ်။ ဒီလိုနဲ့ ခုန်ဆင်း ဆုတ်ခွာပြီး မြန်မာပြည်ထဲ ၀င်ရောက်လာကြပါတယ်။
စစ်ရှုံးလာတဲ့ နန်မိန် (မိန်တောင်ပိုင်း) ဘုရင်ရဲ့ မြင်းစီးကျွမ်း စစ်တပ်ကြီးက တရှုံးတည်း ရှုံးနေပေမယ့် အင်မတန် တိုက်ရည်ခိုက်ရည်ရှိပြီး ရဲစွမ်းသတ္တိ ရှိတဲ့ လို ဆွေမျိုးစု တပ်မှူးတယောက် ပေါ်ထွန်းလာတယ်။ (လော် - လော်စစ်ဟန်နဲ့ ဆွေမျိုးစာလုံးတူတယ်။) အဲဒီ တပ်မှူးကြီးရဲ့ မျိုးနွယ်စု ၁၀ ဆက်မြောက်ဟာဖြင့် နောင်တချိန် ရွှေတြိဂံမှာ ဘိန်းရာဇာအဖြစ် ထင်ရှားလာမယ့် လော်စစ်ဟန် (လိုရှင်းဟန့်) ပါပဲ။
(မိန်သမိုင်း) မှတ်တမ်းအရ မိန်တပ်မှူးကြီး ကျူးယိုလန်ဟာ နောက်လိုက် အယောက် ၁၅၀၀ ကျော်ကို ဦးဆောင်ပြီး ထိန်ယဲ့ (ယခု ထိန်ချုန်း) ကို ကျော်ပြီး အနောက်ဘက်ဆီ တိမ်းရှောင် ထွက်ပြေးလာပါတယ်။ မြန်မာနိုင်ငံ မန္တလေး (အင်းဝမြို့ဟောင်း) ဆီ ၀င်ရောက်လာပြန်တယ်။ အခြေအနေကို ကြည့်ပြီး မြန်မာဘုရင်ဟာ ၎င်းတို့ကို မြန်မာပြည် မြောက်ဘက်ဒေသတွေမှာသာ နေထိုင်ခွင့် ပေးလိုက်ပါတယ်။
၁၆၆၁ ခုနှစ် မြန်မာ ထီးနန်း အပြောင်းအလဲမှာ ဘုရင်သစ် မန်ပိုင်မင်း နန်းတက်တော့ အနေအထားကို ရှုမြင် သုံးသပ်ပြီး လက်ရွေးစင် တပ်သားတွေနဲ့ ညဥ့်နက်ပိုင်းမှာ အလစ် ၀င်တိုက်ပါတယ်။ စစ်ရှုံးပြီး ၀င်ရောက်လာတဲ့ နန်းမိန် (မိန်တောင်ပိုင်း) စစ်သည် တပ်မှူး ၁၀ ကျော်ကို ခုတ်သတ် ရှင်းလင်းလိုက်ပါတယ်။ မိန်မင်း နောက်ဆုံး ယုံလိဘုရင်ကို ဖမ်းဆီး အကျဉ်းချထားလိုက်လေတယ်။ ဒါကို သမိုင်းမှာ ရေကျိန်စာ ဘေး ဒုက္ခ သင့်ခြင်း လို့ ခေါ်တွင်ပါတယ်။
၁၆၆၂ ခုနှစ်။ နန်းမိန် (မိန်တောင်ပိုင်း) ၀ူစန်းကွေ့ဟာ လူသူအင်အား - - သိန်း၊ မြင်းတပ် နဲ့ပါ နုမြစ်ကြီးကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ မန္တလေး ဆင်ခြေဖုံးဆီကို တိုက်ရိုက် ရောက်ရှိလာပါတယ်။ မန်ပိုင်မင်းက ယုလိဘုရင်မင်းမြတ်ရယ်၊ ၎င်းရဲ့ မယ်တော်၊ မိဖုရား၊ မောင်းမ မိဿံတို့ကို ဖမ်းဆီးပြီး မန်ချူးမင်းလက်ထဲ ၀ကွက် အပ်နှင်းလိုက်တယ်။ ဒါဟာ နှစ်နိုင်ငံ ပြဿနာ အေးချမ်းရေးအတွက် မြန်မာဘက်က လုပ်ဆောင်လိုက်တာပဲ ဖြစ်တယ်။ နန်းမိန် (မိန်တောင်ပိုင်း)ဘုရင် ကျူးယိုလန်းကို ခွန်မင်းဆီ ချုပ်နှောင် ခေါ်ခင်သွားပါတယ်။ မြန်မာဘုရင်ဟာ တရုတ် မန်ချူးဘုရင်ရဲ့ အငြိုအငြင် မခံရလေအောင် လုပ်ဆောင်လိုက်ခြင်းပေပဲ။ တရားခံ ကျူးယိုလန်ကို ဖီကျူးပိုးကုန်း ကျန်းချန်ဘုရားကျောင်း (ယနေ့ လီမင်ရှန့်)မှာ ချုပ်နှောင်ထားလိုက်တယ်။ ၁၆၆၂ လေးလပိုင်းမှာ နန်းမိန် (မိန်တောင်ပိုင်း) ဘုရင် ယုံလိဟာ စစ်သူကြီး ၀ူစန်းကွေ့က လေးညှို့ကြိုးနဲ့ ပိစူပိုးကုန်းမှာ အတင်းအကျပ် လည်မြိုညှစ်သတ်လိုက်ပါတယ်။ မိန်မင်းဆက် အပြီးသတ် ဆိတ်သုဉ်းသွားလေတယ်။
ခွန်မင်းမြို့သူ မြို့သားတွေက စစ်သူကြီး ၀ူစန်းကွေ့ သစ္စာဖောက်ပြီး မန်ချူးတို့ဘက်ဆီ ကူးပြောင်းသွားတာကို မခံမရပ်နိုင် ဖြစ်ကြပြီး ယုံလိဘုရင်ကြီး သတ်ဖြတ်ခံရတဲ့ ကြက်ဆူကုန်းကို ပိစူပိုးကုန်း - အတင်းအကျပ် သေစေတဲ့ကုန်း လို့ ပြောင်းလဲ ခေါ်ဝေါ်ကြပါတယ်။ ချင်းယင်ကွေ့ ၀န်ရှင်တော်မင်းကြီးက ဒီ နာမည် ရှေ့ဆက် တွင်ကျယ် ကျန်ရစ်နေမယ် ဆိုရင် မန်ချူးဘုရင်မင်းမြတ်ရဲ့ ဂုဏ်သတင်းကို ထိပါးလာမှာ စိုးရိမ်မိပါတယ်။ တောက်ကွမ်းမင်း ဧကရာဇ်ခေတ်မှာ စိန်းဖိန်ပိုး ငြိမ်းချမ်းရေး ညီမျှမှု တိုးပွားခြင်းကုန်း ရယ်လို့ ပြောင်းလဲ ခေါ်ဝေါ်လိုက်ပါတယ်။ ဒါ့အပြင် နာမည်ပေး ကင်ပွန်းတပ် ကျောက်စာ ကဗ္ဗည်း ဖွင့်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလိုက်လေတယ်။ မင်းစိုးရာဇာ ဘက်က အမည်နာမ ဘယ်လို ပြောင်းပြောင်း အရပ်သူ အရပ်သားတို့ကတော့ ပိစူပိုးကုန်း - အတင်းအကျပ် သေစေတဲ့ကုန်း လို့ပဲ ခေါ်ဝေါ်ကြတယ်။ နောက်ပိုင်းမှာ ယူနန် ၀န်ရှင်တော် ဗိုလ်ချုပ် ချိုက်အဲ့က တပ်အင်အားနဲ့ ပြည်သူ့ အင်အားကို အကြိမ်ကြိမ် ယူပြီး ပိစူပိုးကုန်းထိပ်မှာ “မိ မင်းဆက် ယုံလိမင်းကြီး နိုင်ငံ့အကျိုးအတွက် အသက်ပေး စွန့်လှူသည့် ဌာန” ဆိုတဲ့ ကျောက်စာတိုင်ကြီးကို စိုက်ထူလိုက်တယ်။ သမိုင်း နှစ်ကာလ မြောက်မြားစွာ တိမ်မြှုပ် ပျောက်ကွယ်ခဲ့တဲ့ ကျောက်စာတိုင်ကြီးကို ၁၉၈၃ ခုနှစ်မှာ ပြန်လည် တွေ့ရှိပြီး ကနေ့ ကုန်းထိပ်မှာလည်း အသစ် တဖန် ပြန်တည်ထားလိုက်ပြီးဖြစ်တယ်။
နန်းမိန် (မိန်တောင်ပိုင်း) အကြွင်းအကျန် တပ်သား အရေအတွက် ထောင်ချီ ရှိတဲ့ စစ်ပြေး ဒုက္ခသည် တွေဟာ မာလီပါးဆည် ရှိရာဆီ ပြေးလာကြတယ်။ ဒီနေရာ ဒီဒေသ အမည်နာမရဲ့ မြန်မာလို အဓိပ္ပာယ် ပေါက်တာက “အရိုင်းအစိုင်းနယ်မြေ” ဖြစ်ပါတယ်။ ဒါဟာ ကနေ့ ကိုးကန့်ခရိုင်ရယ်လို့ တွင်ကျယ်နေပါပြီ။ ပိုင်းခြားထားတဲ့ ကိုးကန့် နယ်မြေ ရှည်ဝိုင်းဝိုင်းကြီးဟာ မြင့်မား များပြားလှတဲ့ တောင်ကုန်း တွေက အနှံ့အပြား။ အဓိကကျတဲ့ တမံ တာရိုးကြီး ၃ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီထဲမှာ အကျော်ကြားဆုံးကတော့ ဘိန်းအမြောက်အမြား ထွက်ရှိတယ်လို့ တွင်ကျယ်နေတဲ့ မာလီပါး ဖြစ်ပါတယ်။ ပျမ်းမျှခြင်း ပင်လယ်ရေမျက်နှာပြင် အထက် ၁၂၁၆ မီတာ အမြင့် ရှိပြီး နှစ်စဉ် ပျမ်းမျှ အပူချိန် ၁၆.၈ ဒီဂရီ စင်တီဂရိတ်၊ မိုးရေချိန် ပျမ်းမျှ ၁၆၇၄ မီလီမီတာ ရှိပါတယ်။
ဘ၀ ဇာတိရင်းမြစ်ကို တိမ်မြှုပ် ဖုံးကွယ်ပြီး မထင်မရှား ဇောက်ချ နေထိုင်ကြတဲ့ ကနေ့ ကိုးကန့်နယ်မြေက ဟန် တရုတ် မျိုးနွယ်ဘွားတို့ဟာ တကယ်တော့ မိန် နောက်ဆုံး မင်းဆက်ခေတ်တုန်းက မှူးမတ် တပ်ဗိုလ် တပ်သားတို့ရဲ့ ဆင့်ပွား မျိုးဆက်များကို အချက်အချာ မဏ္ဍိုင်ထားကြခြင်း ဖြစ်ပါတယ်။ အဲဒီအထဲက ကွန်ဖူးသိုင်းပညာ အဆင့် မြင့်မားလှတဲ့ “ရန်း” ဆွေမျိုး မိသားစု တစု ရှိပါသေးတယ်။ သူ့အဘိုး စစ်သူကြီး မုရင်း ဆိုတာက ယူနန်ဒေသကို အခြေချ ၀င်ရောက်စဉ်ကာလက အားထားရတဲ့ သူရသတ္တိ ရဲစွမ်းမှု ရှိတဲ့ စစ်သူကြီး ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာလည်း ယူနန် အနောက်တောင်ပိုင်းမှာ သမိုင်း အစဉ်အဆက် တလျှောက်လုံး ကြံ့ကြံ့ခိုင် စောင့်ကြပ်ခဲ့တဲ့ စစ်သူကြီးလည်း ဖြစ်ပါတယ်။ အနောက်တောင်ပိုင်း နယ်မြေဒေသ ပထ၀ီ အနေအထားရော ပြည်သူပြည်သားတို့ရဲ့ စိတ်နေသဘောထားကိုပါ နှံ့နှံ့စပ်စပ် သိမြင်တဲ့သူလည်း ဖြစ်ပြန်တယ်။ အကြီးအကဲ ရန်းဟ ယင်းနယ်မြေရဲ့ စော်ဘွားအဖြစ် လေးစား အသိအမှတ်ပြုခံရပါတယ်။ နန်းမိန် (မိန်တောင်ပိုင်း) ဘက်တော်သား စစ်ပြေး ဒုက္ခသည် ပြည်သူပြည်သားများကို ဦးစီးဦးဆောင် ကွပ်ကဲ အုပ်ချုပ်ပြီး မန်ချူးတပ်ဖွဲ့ရဲ့ လိုက်လံ သတ်ဖြတ်မှုကို ခုခံ ကာကွယ်ပေးနေရပါတယ်။ မူလ ဌာနေ တိုင်းရင်းသားများနဲ့ အချင်းများ ငြိုးသူရန်ဘက်တွေ ဖြစ်ရချေတယ်။
ရိုးသား ဖြောင့်မတ်ပြီး သဘောထား ကောင်းလှတဲ့ ဌာနေတိုင်းရင်းသားက ကြမ်း ကြမ်း တမ်းတမ်း တရကြမ်း ထိုးနှက် တိုက်ခိုက်လာကြတဲ့ ဧည့်နိုင်ငံသား နဲ့ ဘယ်လိုမှ ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း မရှိချေ။ တွန်းလှန်တိုက်ခိုက်ရင်းက တောနက်ရိုင်းကြီးထဲဆီ ဆုတ်လာကြရလေတယ်။ တရုတ်အမျိုးသား ဘုံကျောင်း အဖွဲ့ တခုက မြန်မာပြည် မြောက်ဘက် ကုန်းပြင်မြင့်မှ အရေအတွက် သိန်းဂဏန်းလောက် များပြားတဲ့ သမိုင်း အထောက်အထားကို တူးယူ ရရှိခဲ့ဖူးပါတယ်။ ဒီနောက်ပိုင်းမှာ ကိုးကန့်စော်ဘွားများနဲ့ လွိုင်မော် စော်ဘွားတို့ဟာ တရုတ် ပဒေသရာဇ် မင်းဧကရာဇ် အုပ်ချုပ်မှု အမွေ အနှစ်ကို ဆက်ခံလိုက်ကြပါတယ်။ တလျှောက်လုံး အုပ်ချုပ်လာခဲ့တာမှာ - - ခုနှစ် ရောက်လေတော့မှ ရန်းမိသားစု နဲ့ ဗိုလ်ချုပ်နေ၀င်းတို့ ညှိနှိုင်း သဘောတူချက် ရရှိသွားပါတယ်။ နယ်ပယ် စော်ဘွား အရိုက်အရာနဲ့ တံဆိပ်တော်ကို ပြန်လည် အပ်နှင်းပြီး နယ်မြေ ကိုယ်ပိုင် အုပ်ချုပ်ရေးကို လက်တွေ့ အကောင်အထည် ဖော် ဆောင်ရွက်တယ်။
ရှေးဦးမဆွ မိန်း မင်းဆက် ခေတ်လယ် လောက်တုန်းက တရုတ်ပြည်ကြီးဟာ အင်အား တောင့်တင်းပြီး အင်မတန် ဖွံ့ဖြိုးခဲ့တယ်။ ဗဟို အချက်အချာ ကျတဲ့ မင်းနေပြည်တော်ကြီးကို အနောက်တောင်ပိုင်း နယ်စပ်က တိုင်းရင်းသား လူမျိုးစု အသီးသီးတို့က လက်ဆောင်ပဏ္ဍာများ တဖွဲဖွဲ ဆက်သခဲ့တယ်။ ယူနန် နဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့ဟာ နယ်မြေချင်း ဆက်စပ်တဲ့ နေရာတွေ ဖြစ်တယ်။ မိန်မင်းဆက်ခေတ်တုန်းက ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ အုပ်ချုပ်မှု စနစ်နဲ့ ဝေးလံခေါင်ဖျားက အရိုင်းအစိုင်း အုပ်ချုပ်ခြင်းဖြင့် စီမံ အုပ်ချုပ်လေတယ်။
မိန်ဘုရင့်ထီးနန်းက နှစ်သိမ့် ဖြေသိမ့်မှု စီမံ ခန့်ခွဲရေး ၀န်ကြီးဌာန (ယနေ့ ဒုက္ခသည်စခန်းနဲ့ ဆင်တူ ယိုးမှားလို့ ယူဆရပါတယ်) တွေ တည်ထောင်လိုက်တယ်။ ဒီထဲက စခန်း ၂ ခုက ကနေ့ မြန်မာ့မြေပုံအရ ဆိုရင် မိုင်းယမ်း နဲ့ မုပန် ဖြစ်နေပါတယ်။
(မိန်ထီးနန်း နှောင်းပိုင်းနှစ် ၁၆၀၂-၁၆၀၆ ခုနှစ် ကာလ အပိုင်းအခြားမှာ မြန်မာ့ ထီးနန်းက တရုတ်ပြည်မှာ မင်းပြောင်းမင်းလွဲ ခေတ်ပြောင်းလဲမှု ပြည်တွင်းရေး မငြိမ်သက်ချိန်ကို အခွင့်ကောင်း ယူပြီး တပ်အင်အား အလုံးအရင်းနဲ့ မြန်မာပြည်မြောက်ပိုင်းဆီ စစ်ချီထိုး တိုက်ခိုက်လေတယ်။)
မိန်ထီးနန်းခေတ် အလယ်ပိုင်းလောက်မှာ မိန်ဧကရာဇ်ရဲ့ နယ်မြေ ပိုင်ဆိုင်မှုက အလွန်ပဲ ကျယ်ပြန့်လှပါတယ်။ သံလွင်မြစ်ရဲ့ အထက်အညာဟာ တရုတ်ပြည်ရဲ့ အတွင်းပိုင်း မြစ်ဝှမ်း ဖြစ်ခဲ့ပါတယ်။ ကနေ့ ဧရာဝတီမြစ်ညာရဲ့ တစိတ်တပိုင်းဟာ မိန်ထီးနန်းရဲ့ အုပ်ချုပ်ရေး နယ်မြေ ထဲမှာပါ။ ဧရာဝတီမြစ်ဘေးက ဗန်းမော်မြို့ဆိုရင် မိန် ထီးနန်းရဲ့ အဝေးရပ် ကင်းစခန်း ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ စင်ကြီး ထိုးပြီးတော့ ဗိုလ်ပုံ လူသူ အလုံးအရင်း ရှေ့မှောက်မှာ သစ္စာ အဓိဋ္ဌာန်ပြုခဲ့ပါတယ်။
၁၅၉၃ ခုနှစ်။ မိန်ဘုရင် ထီးနန်းက စေလွှတ်တဲ့ နယ်လှည့်ကင်းစစ်မှူး ချဲန်ယုန့်ပင်းက တပ်အင်အား သုံးပြီး ဗန်းမော်ကို သိမ်းပိုက်လိုက်တယ်။ ဒါဟာ နယ်ခြားကင်းစခန်းကို အင်အား ဖြည့်ဆည်းလိုက်တာပါ။ ကင်းစစ်မှူးကြီးက ထိန်ယဲ့ (ယနေ့ ထိန်ချုန်း) နယ်မြေတကြောမှာ ဂိတ် ၈ ခု ဖွင့်လိုက်တယ်။ ဒီ ၈ ဂိတ်က -
စဲန်ဟု ဂိတ် (ကနေ့ တောင်ပိုင်း ထိန်ချုန်းခရိုင်ရှိ မုန်းခတောင်)၊
ဝမ်ချဲ့ဂိတ် (ကနေ့ တောင်ပိုင်း ယကျန်းကျန် ခရိုင် မုန်းလုံတောင်)၊
ကျွိစွက်တောင်ဂိတ် (ကနေ့ ယူနန်တောင်ပိုင်း ယင်ကျန်းခရိုင် အနောက်မြောက် စိမာတောင်)၊
ထုန်ပိဂိတ် (ကနေ့ ယင်းကျန်းခရိုင် အနောက်မြောက်)၊
ထျိုင်ပိဂိတ် (ကနေ့ နုန်းနုံချွန်းခရိုင် အနောက်မြောက်)၊
ဝူကျွီးဂိတ် (ဗြိတိသျှကိုလိုနီခေတ် နယ်ခြားမျဉ်း သတ်မှတ်စဉ် ဂိတ် ၃ ဂိတ်ကို မြန်မာပိုင် အဖြစ် သတ်မှတ်ခဲ့ပါတယ်)
ဒီ ၈ ဂိတ်ရဲ့ နယ်မြေနေရာ အကွာအဝေးဟာ ဟိုတုန်းက တရုတ် မြန်မာ နယ်ခြား မိုင်ပေါင်း ဆယ်ဂဏန်းကနေ ရာဂဏန်းတွေထက် မလျော့နည်းပါ။
နန်းမိန် (မိန်တောင်ပိုင်းဒေသ) လက်ထောက်တပ်မှူးကြီး လော် ရဲ့ နောက်ပိုင်း မျိုးဆက်တို့ဟာ ယုံလိမင်း ဧကရာဇ် အညံ့ခံ အရှုံးပေးရတာနဲ့ အတူ လိုက်ပါပြီး တိမ်မြှုပ် ပျောက်ကွယ်သွားရပါတယ်။ ဒါတွေဟာဖြင့် လော် ဆွေစဉ်မျိုးဆက် စတုတ္ထမြောက်အထိ တိမ်မြှုပ်သွားတယ်။ မထင်မရှား ဇာတ်မြှုပ်ခဲ့ရတာဟာဖြင့် ယုံလိ ဧကရာဇ်မင်းရဲ့ လက်ထောက် တပ်မှူးကြီးရဲ့ ရင်နင့်စဖွယ် သမိုင်းကြောင်းပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဆွေမျိုး အစဉ်အဆက် လက်ဆင့်ကမ်းလာတယ် ဆိုပေမယ့်လည်း တိုင်းရင်းသား မျိုးနွယ်စုရဲ့ တင်းကျပ်တဲ့ စည်းကမ်း ဓလေ့ ထုံးတမ်းကို လိုက်နာ စောင့်ထိန်းခဲ့တဲ့ အတွက်ကြောင့် ၎င်းမိသားစုဟာ ကြာလေ ကြာလေ လူသူ အများ ဂရုထား သိမြင်လာကြရလေတယ်။
၂၀ ရာစု အစပိုင်း ယုံလိ ဧကရာဇ် မင်း အပါးမှာ မင်းမှုထမ်း ခစားခဲ့တဲ့ လက်ထောက် တပ်မှူးကြီး လော်ကနေ ဆင်းသက်လာတဲ့ မျိုးဆက် ၈ ဆက်မြောက်ဟာ ၁၉၁၆ ခုနှစ် ဆောင်းရာသီမှာ လော်မိသားစုကနေပြီး သားယောက်ျားလေး တယောက်ကို ဖွားမြင်တယ်။ ဒါဟာဖြင့် နောက်ပိုင်း ကာလတွေမှာ မြန်မာပြည် နောက်ပိုင်း နယ်မြေတွေမှာ ဟိုးဟိုးကျော်မယ့် စတုတ္ထ လော်လောက်ပန် လို့ ခေါ်တဲ့ လော်ချောင်ရှင်း ပါတဲ့ ခင်ဗျာ။ လော်ချောင်ရှင်း ၁၈ နှစ်သား အရွယ်မှာ ထွမ့် မျိုးနွယ်စုက မိန်းကလေးနဲ့ အိမ်ထောင်ပြုပြီး သား ၄ ယောက် သမီး ၁ ယောက် မွေးဖွားပါတယ်။ သားအကြီးကို စိန်းဟန့် (လော်စစ်ဟန်၊ မြန်မာအမည် ဝေမုန်)ကို ၁၉၃၅ ခုနှစ်မှာ မွေးပြီး ဒုတိယသား စစ်ထန်၊ တတိယသား စစ်ချီ၊ စတုတ္ထသား စစ်ကျဲ့၊ သမီး စစ်လွေ တို့ ဖြစ်တယ်။
လက်ထောက်တပ်မှူးချုပ် လော်ရဲ့ ဒဿမမြောက် မျိုးဆက် လော်စစ်ဟန်က နောက်ပိုင်း ရွှေတြိဂံနယ်မြေရဲ့ ကမ္ဘာကျော် ဘိန်းရာဇာရယ်လို့ ထင်ပေါ် ကျော်ကြားလာပါလိမ့်မယ်။
မိန်ထီးနန်းခေတ်၊ မန်ချူးထီးနန်းခေတ်တွေတုန်းက နှစ်သိမ့်မှု စီမံခန့်ခွဲရေး ၀န်ကြီးဌာနရဲ့ လက်အောက်မှာ မျိုးနွယ် ဇာတ်တူစု စော်ဘွားရယ်လို့ ဖွဲ့စည်းခဲ့ပါတယ်။ ကိုးကန့် စော်ဘွား ဆိုတာက မုပန်း ဖြေသိမ့်မှု စီမံ ခန့်ခွဲရေး ၀န်ကြီးဌာန လက်အောက်က ပိုင်းခြား သတ်မှတ်ထားတဲ့ စော်ဘွား ၃၃ ဦးထဲက ၁ ဦး ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်တရာကျော်ကျော်က ကိုးကန့်တကြောမှာ ထင်ပေါ် ကျော်ကြားတဲ့ ရန် အိမ်ထောင်စုကြီးဟာ နှစ်စဉ်နှစ်တိုင်းပဲ ထိုတုန်းက ခေါင်းဆောင်တသိုက် ဖြစ်တဲ့ ချဲန်မျိုးနွယ်စု စော်ဘွားကို ကိုယ်စားပြုပြီး မုပန်မှာ တာဝန် ထမ်းရွက်ပါတယ်။ နှစ်စဉ် ဂိုဏ်းကြေး အခွန်၊ ဘိန်းခွန် တို့ကို ပေးဆောင်ပြီး အပူတပြင်း ပြေးလွှားကာ အထက်ပိုင်း နဲ့ ရင်းနှီးအောင် ကြိုးပမ်းပါတယ်။ နောက်ပိုင်းမှာ ဖြေသိမ့်မှု စီမံခန့်ခွဲရေး ၀န်ကြီးဌာန (ဒုက္ခသည်စခန်း ဟု ယူဆရသည်) က ရန်းမျိုးနွယ်စု လူငယ်ကို ကိုးကန့်စော်ဘွား အဖြစ် အမိန့် ပြန်တမ်း ခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ ချဲန်မျိုးနွယ်စုရဲ့ တာဝန်ပိုင်းဟာ ဘုမသိ၊ ဘမသိနဲ့ အစားထိုး ခန့်အပ်ခံလိုက်ရလေတယ်။
မန်ချူး ထီးနန်းဆက် ကုန်ဆုံးလုနီးတဲ့ ကွမ်းရှီးမင်း အစဦးနှစ် ၁၈၇၅ ခုနှစ် မာလိပါးမှာ စော်ဘွားရာထူး တနေရာကို တရားဝင် ခန့်ပါတယ်။ ဦးဆုံး ခန့်အပ်ခံလိုက်ရသူက ရန်းကိုကျဲန့် ဖြစ်ပါတယ်။ ဗြိတိသျှ ဘုရင့်နန်းတော်ကလည်း မြန်မာပြည်မြောက်ပိုင်း စော်ဘွားစနစ် အပြောင်းအလဲ အားလုံးကို ခန့်အပ်ချက်အတိုင်း ဘွဲ့ထူး ဂုဏ်ထူးများကို ယခင်က ချမှတ်ထားတဲ့ ဥပဒေနဲ့အညီ ဆုံးဖြတ်ချက်များ အတိုင်း အသိအမှတ်ပြုလိုက်ပါတယ်။ လောက်ကိုင်က ဘုရားကျောင်းကြီး၊ အင်္ဂလိပ်အုပ်ချုပ်ရေး (မြန်မာနိုင်ငံ)က ဘွဲ့ထူးဂုဏ်ထူး အပ်နှင်းခဲ့တဲ့ ကိုးကန့်စော်ဘွား ကဗ္ဗည်းကျောက်စာတိုင်ဟာ ကနေ့ လောက်ကိုင်မှာ ရှိနေတာကို တွေ့မြင်ရပါတယ်။
ဟိုးတုန်းကတည်းကပဲ တခြား ဟန်တရုတ်မျိုးနွယ်စု တချို့လည်းပဲ ကိုးကန့်ဒေသဆီ ရောက်ရှိ နေထိုင်ကြပြီး ဖြစ်ပါတယ်။ အဲဒီ ဟန်တရုတ်တို့ဟာ ရှေးခေတ်တွေတုန်းက တောင်ဘက် ပိုးလမ်းကြောင်း အတိုင်း ကုန်စည် စီးဆင်း ရောင်းဝယ် ဖောက်ကားကြတဲ့ မြင်းကုန်တင် ကုန်သည်တွေ ဖြစ်ကြပါတယ်။ ယူနန်၊ ကွေးကျိုး၊ စွတ်ချွမ်း ဒေသသားတွေ အများဆုံး ဖြစ်ပါတယ်။ နောက်ပြီး ဒုတိယ ကမ္ဘာစစ်ပွဲကြီးတုန်းက ကူမင်တန် ခရီးရှည် ချီတက်ပွဲက ဖရိုဖရဲ ပြန့်ကြဲသွားတဲ့ တရုတ် တပ်သားတွေဟာ မြန်မာပြည် မြောက်ဘက်မှာ လူစုကွဲ ပျံ့နှံ့သွားပါတယ်။ အဲဒီ ပြန့်ကျဲသွားတဲ့သူ အများစုက ကိုးကန့် တရုတ်တန်းမှာ အခြေချ နေထိုင်သွားကြပါတယ်။ ဒါကြောင့် မြန်မာပြည်မြောက်ပိုင်း ကိုးကန့်ဒေသ တ၀ိုက် နေထိုင်ကြသူတွေဟာ ယူနန်၊ ကွေ့ကြိုး၊ စွတ်ချွမ်း ကုန်းမြင့်ဒေသသားတွေသာ မကဘဲ ဟူပေ၊ ကျဲ့ကျန်း၊ ကျန်းစူး၊ ကျန်းစီး အစရှိတဲ့ ပြည်နယ်တွေက ဟန်တရုတ်တွေလည်း ပါဝင်ပါတယ်။
မိန်ထီးနန်းဆက် နောက်ဆုံးမင်းဧကရာဇ် ယုလိမင်း အရေးတော်ပုံ ပေါ်ပေါက်ပြီးတဲ့ နောက်ပိုင်း မကြာလှတဲ့ အချိန်ပိုင်းမှာ လားရှိုးမြောက်ဘက်က သိန်းနီမြို့မှာ မန်ချူးမင်း အစိုးရက မိန်ထီးနန်းဆက်ရဲ့ စနစ်ကို အတုယူပြီး မုပန် ဒုက္ခသည်စခန်း ၀န်ကြီးဌာန တခုကို တည်ထောင်လိုက်တယ်။ ဒါပေမယ့် မန်ချူးဆန့်ကျင်ရေး၊ မိန် ထီးမွေနန်းလျာ ပြန်ဖော်ထုတ်ရေး၊ ပြည်တွင်း မတည်ငြိမ်မှု တို့ကို မန်ချူးတို့ ဘယ်လို ကိုင်တွယ် ဆောင်ရွက်ရလောက်အောင် အခက် တွေ့နေကြတယ်။
၁၈၉၇ မှာ ဗြိတိသျှတို့နဲ့ မန်ချူးဘုရင်တို့ ဆွေးနွေးပြီး နယ်မြေပိုင်ဆိုင်မှု သတ်မှတ်ကြတယ်။ ကိုးကန့်ကို အင်္ဂလိပ်ပိုင် မြန်မာနယ်မြေ အဖြစ် သတ်မှတ်လိုက်ပါတယ်။
ကိုးကန့် တောင်ပိုင်း ဆိုတာက ခွန်ဆာ့ကြောင့် ကမ္ဘာကျော်လာတဲ့ လွိုင်လင်တောင်တန်းပါပဲ။ ဒီဒေသဟာ မြေပုံမှာတော့ တန့်ယန်းအပိုင် ဖြစ်တယ်။ ဒါပေမယ့် မာလီပါးနဲ့ တဆက်တည်း ဖြစ်နေပါတယ်။ သမိုင်းတလျှောက်မှာ လွိုင်မော် စော်ဘွား၊ ကိုးကန့်(ကွန်လုံ) စော်ဘွား ဆိုတာက တရုတ်ပြည် မိန်ထီးနန်းမင်းဆက်၊ မန်ချူးမင်းဆက် အဆက်ဆက်က ဘိုးစဉ်ဘောင်ဆက် အရိုက်အရာ ဆက်ခံတဲ့ စနစ် ဖြစ်တယ်။ မတူတဲ့ အချက်ကတော့ လွိုင်မော်တောင် ဆိုတာက မြန်မာနိုင်ငံ ရှမ်းတိုင်းရင်းသားတို့ရဲ့ အခြေချနေထိုင်တဲ့ ဒေသ ဖြစ်ပါတယ်။ ရှမ်း တရုတ် ယဉ်ကျေးမှုတွေ ရောယှက်နေတယ်။ ကိုးကန့်ဟာ ယနေ့တိုင် ဟန်တရုတ် ဓလေ့ ထုံးတမ်း အပြည့်ကိုပဲ ထိန်းသိမ်းထားတုန်းပါပဲ။
ယဉ်ကျေးမှုအခြေခံပိုင်းကပဲ ကြည့်ကြည့် ဒါမှမဟုတ် မျိုးနွယ်စုအပိုင်းကပဲ ကြည့်ကြည့် ဒီနယ်မြေ ဒေသက နေထိုင်ကြတဲ့ လူအများစုက မိမိတို့ ကိုယ်ကို ဟန်တရုတ်မျိုးနွယ်ရယ်လို့ သတ်မှတ်ကြတယ်။ ခွန်ဆာ ကိုယ်နှိုက်ကလည်း သူ့ကိုယ်သူ ဘိုးစဉ်ဘောင်ဆက် အဋ္ဌမမြောက် တရုတ်ပြည် ယူနန်ကနေ လွိုင်မောင်တောင်ဆီ ဆင်းသက် ရောက်ရှိလာတဲ့ ဟန်တရုတ်လူမျိုး ဖြစ်တယ်ရယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ သူ့ဖခင် ဟန်တရုတ်မျိုးနွယ်က ရှမ်းတိုင်းရင်းသူ (တရုတ်ရဲ့တိုင်မျိုးနွယ်စု၊ ထိုင်းနိုင်ငံရဲ့ ထိုင်းမျိုးနွယ်စု၊ မြန်မာနိုင်ငံရဲ့ ရှမ်းမျိုးနွယ်စုတွေဟာ အခေါ်အဝေါ်သာ ကွဲသွားတယ် အားလုံး မျိုးနွယ်စု တစုတည်းပဲ ဖြစ်တယ်) အမျိုးသမီးလေးကို ဇနီးအဖြစ် ယူလိုက်တယ်။ ဟန်တရုတ် ဖခင် နဲ့ ထိုင်းရှမ်းမိခင်တို့ အကြောင်းပါပြီး ရှမ်းတရုတ် သွေးနှောတဲ့ ခွန်ဆာကို မွေးဖွားလာခဲ့ပါတယ်။ ပြင်ပ အင်အားစုက ဘယ်လိုပဲ ဆောင်ရွက်ဆောင်ရွက် အဲသလိုမျိုး သဘာဝရဲ့ ဟန့်တားမှုတွေ တွန်းကန်ဝိုင်းပယ်မှုတွေ အလိုအလျောက် ကြွင်းကျန် တည်ရှိနေပါတယ်။ ဒါဟာ မြန်မာ့ လူနည်းစု တိုင်းရင်းသူနဲ့ ကိုးကန့် ဟန်တရုတ်တို့ တလျှောက်လုံး မြန်မာ (ဗမာ) လူမျိုးတို့နဲ့ အပြည့်အ၀ ရောနှော ပေါင်းစပ်ခြင်း မပြုနိုင်တဲ့ အကြောင်းရင်းတရပ် ဖြစ်ပေတယ်။
၎င်းနယ်မြေ ဒေသမှာ မှီတင်း နေထိုင်ကြတဲ့ ဟန်တရုတ်မျိုးနွယ်စုတို့နဲ့ မြနမာပြည် မြောက်ပိုင်းက လူနည်းစု တိုင်းရင်းသား တို့ဟာ ကိုယ့်ရဲ့ ဓလေ့ ထုံးတမ်း အစဉ်အလာအတိုင်း ရောယှက် နေထိုင်ကြပါတယ်။ ပေါ်ပီပင် စိုက်ခြင်း၊ ဘိန်းထုတ်လုပ်ခြင်း ဆိုတာက ၎င်းဒေသရဲ့ ပင်မ ထုတ်ကုန်လုပ်ငန်းရပ် ဖြစ်တာပါ။ ဘိန်းစီးပွားရေး လုပ်ငန်းက ၎င်းဒေသနေသူတို့ရဲ့ ဘ၀ ရှင်သန်ရေးအတွက် မရှိမဖြစ်တဲ့ အစိတ်အပိုင်းတခု ဖြစ်နေပါတယ်။ ၂၀ ရာစုခေတ် ၄၀-၅၀ ခုနှစ် ကာလတွေမှာ ၎င်းဒေသ လူနည်းစု တိုင်းရင်းသားတို့အတွက် အရေးပါတဲ့ စိုက်ပျိုးရေးလုပ်ငန်း ဖြစ်နေပါတယ်။ ဒါဟာလည်း မြန်မာနိုင်ငံဖွား တရုတ်တို့ရဲ့ ရောင်းဝယ်ဖောက်ကားမှု သယ်ယူပို့ဆောင်မှုရဲ့ အဓိက စနစ်တရပ် ဖြစ်လေတယ်။ တရုတ်နွယ်ဖွားတို့ဟာ ၎င်းလုပ်ငန်းခွင်က ရတဲ့ အကျိုးအမြတ်ကို တခြား တိုင်းရင်းသားတွေထက် ပိုရပါတယ်။
၂၀ ရာစုခေတ် အစဦးပိုင်း ရန်းကိုကျဲန့် အာဏာ ရယူ အုပ်ချုပ်စဉ်တုန်းက ဘိန်း ဈေးကောင်းခဲ့ပါတယ်။ ဘိန်းအထွက်က အထူးကောင်းမွန်ပြီး အရည်အသွေးကလည်း တအားကို ကောင်းလွန်းလှတယ်။ အဲဒီက အစပြုပြီး ကိုးကန့်ရဲ့ ကုန်သွယ်မှု လုပ်ငန်းက တဟုန်ထိုး တိုးတက်သွားတယ်။ လူနေမှု ဘ၀ ဖွံ့ဖြိုး တိုးတက်လာတယ်။ လူဦးရေလည်း အံ့မခန်း တိုးပွားလာပါတယ်။ ဒါ့အပြင် ရွှေတြိဂံ နယ်မြေ တခွင်လုံးမှာ ဘိန်းအသင်းအဖွဲ့ကြီးတွေ အများအပြား ပေါ်ထွက်လာပါတယ်။ မြန်မာပြည် မြောက်ဘက်ပိုင်းမှာ အင်မတန် စည်ကားလှတဲ့ ဘိန်းရောင်းဝယ် ဖောက်ကားမှု ပွဲတော်ကြီး တနှစ်တကြိမ် ကျင်းပခြင်း ဆိုတာမျိုး ပေါ်ပေါက်လာတယ်။ ဒါဟာ နှစ်စဉ်နှစ်တိုင်း ဘိန်းဈေးကွက်တင် ဖောက်ကားကြတဲ့ ဒီလို အခါသမယ ပွဲတော်ကို ရောက်လာတဲ့အခါမှာ ယူနန်အပြင် ခရီးဝေးက ရောက်လာကြတဲ့ မြင်း ကုန်တင် အိန္ဒိယ ထိုင်းက လာကြတဲ့ ကုန်သည်တို့ဟာ ကိုးကန့် လောက်ကိုင်မှာ ရောက်လာကြပြီး ဘိန်းစိမ်းတွေ ရောင်းဝယ်ဖောက်ကား သယ်ယူကြတယ်။ လူမျိုးအလိုက် ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း လှုပ်ရှားမှု ပျော်စရာတွေလည်း တသီတတန်းကြီး စီရင် ကျင်းပကြတယ်။ နှစ်ကာလတွေ ကြာလာတော့ အလိုအလျောက်ပဲ တရုတ်ပြည် အနောက်တောင်ပိုင်း (မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း) နဲ့ ရွှေတြိဂံဒေသရဲ့ ဘိန်းပွဲတော်ကြီးရယ်လို့ ဖြစ်လာတယ်။ ပွဲတော် ကျင်းပတဲ့ ရက်ကာလဟာ ၁၀ ရက်ကနေ လ၀က် ရှိပါတယ်။
တရုတ်ပြည် ရပ်ဝေးမြေက လာတဲ့ လောင်ပန်တွေနဲ့ မြင်းကုန်သည်အဖွဲ့တို့ဟာ ယေဘုယျအားဖြင့် ထုတ်လုပ်မှု ကရိယာ တန်ဆာပလာတွေ ပိုးထည်တွေ နဲ့ တခြား ကုန်ပစ္စည်းတွေကို ကိုးကန့်နယ်မြေဆီ တင်သွင်းလာကြပါတယ်။ ဈေးကွက်မှာ ဘိန်းရိုင်းတွေနဲ့ အလဲအလှယ် လုပ်ကြပြီး ယူနန်ပြည်နယ်ထဲကို သယ်ဆောင်သွားကြပါတယ်။
ထိုင်းနိုင်ငံနဲ့ အိန္ဒိယက ဖလှယ်ကြတဲ့ ကုန်ပစ္စည်းတွေကတော့ ကုန်ပစ္စည်းကို အဓိက ထားပါတယ်။ ဗြိတိန်သားတွေက အနောက်နိုင်ငံထွက်ကုန်တွေကို အဓိကထား ဖလှယ်ကြတယ်။ ဘိန်းရာသီပွဲတော်က တနှစ်ထက်တနှစ် ပိုမိုပြီး ကြီးကျယ် ခမ်းနား စည်ကားလာတယ်။ ကိုးကန့်တို့ နှစ်စဉ် ကျင်းပတဲ့ ပွဲတော်ကြီး ပြီးရင် ဘိန်းပွဲတော်ဟာ အကြီးကျယ်ဆုံးပါပဲ။
ဘိန်းပွဲတော်ကြီးရဲ့ ရေပန်းအစားဆုံး ကုန်စည်ကတော့ ဘိန်းရိုင်း ဖြစ်ပါတယ်။ ၂၀ ရာစု ခေတ် ၄၀ ခုနှစ် မတိုင်ခင်က ဘိန်းပွဲတော်ဟာ အတက်ကြွဆုံး အဓိက သရုပ်ဆောင်ကတော့ အမြဲတမ်းပဲ ယဉ်ကျေးပါတယ်၊ တုတ်ကောက်ကြီး တ၀င့်ထဲ ၀င့်နေကြတဲ့ ဗြိတိသျှသားတွေပါပဲ။ ဗြိတိသျှတို့ ငှားရမ်း အသုံးပြုတဲ့ မြင်းကုန်တင်အဖွဲ့ကို အနောက်တိုင်း ခြေလျင်ခရီးသွားတွေ လို့ ခေါ်တွင်ကြတယ်။ ဒါဟာဖြင့် ထိုစဉ်က မြိုးမြိုးမြက်မြက် အကျိုးရလဒ်တွေ ရရှိခဲ့တဲ့ အကြောင်းအရာတွေပါ။ ဗြိတိသျှတို့ သယ်ယူပို့ဆောင်တဲ့ ခရီးတခေါက်ဟာ သာမန်ခရီးတခေါက်ထက် သုံးလေးငါးဆ မြိုးမြိုးမြက်မြက် ရရှိပါတယ်။
ရန်းစော်ဘွားအုပ်စုကတော့ ဘိန်းပွဲတော်ကြီးကို ဘ၀င် ခိုက်လှပါတယ်။ ဘာကြောင့် ဆိုရင် နှစ်တိုင်း ဒီလိုအချိန်မှာ ၎င်းတို့ရဲ့ မြင်းကုန်တင်အဖွဲ့ကြီး တလုံးတခဲ အမြတ် ရလို့ပါ။ ဒါ့အပြင် ဗြိတိသျှတို့နဲ့ ပေါင်းသင်း ဆက်ဆံရေးကလည်း ရှေ့ခြေတလှမ်း ပိုတိုးပြီး တရင်းတနှီး ဖြစ်သွားပါတယ်။
စော်ဘွားရုံးက ဘိန်းပွဲတော် ကာလ အတွင်းမှာ ကျေနပ်အားရလောက်အောင် ဘိန်းခွန်တော် အများအပြား နှစ်စဉ် ရပါတယ်။ အရေးပါဆုံး ဘဏ္ဍာငွေ ရရှိတဲ့ လမ်းစ ဖြစ်နေပါတယ်။ ၎င်းဒေသ ဘိန်းခွန်တော်ဟာ ကိုးကန့်ဒေသ ရှမ်းပြည်နယ် စော်ဘွား ဘဏ္ဍာငွေ ရရှိမှုရဲ့ ရေသောက်မြစ်လို ဖြစ်နေပါတယ်။
ကိုးကန့် အုပ်ချုပ်ရေး၊ စီးပွားရေး ဗဟိုချက်မ နယ်မြေ လောက်ကိုင် ဆိုတာ လမ်းတလမ်းမျှသာ ရှိတယ် ဆိုပေမယ့်လည်း ဘိန်းပွဲတော်ကြောင့် နှစ်ကာလပေါင်း မြောက်မြားစွာ ရွှန်းရွှန်းဝေလောက်အောင် ထွန်းတောက်ခဲ့ပါတယ်။ နှစ် ၁၀၀ ဆိုတဲ့ ကာလတွေမှာ ကိုးကန့်တခွင် ထွက်ရှိတဲ့ ဘိန်းပမာဏဟာ လောက်ကိုင်မှာ လာရောက် စုစည်းပြီးမှ နေရာအနှံ့ ဖြန့်ကျက်သွားပါတယ်။ မြန်မာနိုင်ငံ ကွန်းလုံကို ဖြတ်သန်းပြီး တရုတ်ပြည်ဆီ သယ်ဆောင်သွားကြတဲ့ ကုန်ပစ္စည်းတွေဟာလည်း လောက်ကိုင်ကို ဗဟို ထားပြီးမှ တဆင့် သယ်ပြောင်းတဲ့ ဂိတ်စခန်း ဖြစ်ပါတယ်။ ၄၀ ခုနှစ် အစဦးပိုင်းတုန်းက လမ်းတလျှောက်လုံး ဆိုင်ခန်းဆိုင်းဘုတ်ကြီးတွေ မှိုလို ပေါက်နေပါတယ်။ အဲဒီ ကုမ္ပဏီ ဆိုင်ခန်းကြီးတွေထဲက ယူနန်ပြည်နယ်ရဲ့ အကြီးဆုံး ကုမ္ပဏီ ဆိုင်ခန်းကြီးတွေကတော့ ယုံချန်းရှန့်၊ ဖုရှဲ့ဟို၊ မောက်မဲန် အစရှိတဲ့ ကုမ္ပဏီကြီးတွေ ပါပဲ။ မြင်းကောက်ရေ ၀င်ထွက်မှုက အကောင်ရေ ထောင်ဂဏန်း ရှိပါတယ်။
ကိုးကန့်စော်ဘွား ရန်းမိသားစုနဲ့ လော်၊ စူး မိသားစုကြီးတို့ဟာ အဲဒီလို အကြောင်းကြောင်းတွေကြောင့် နေ့ချင်း ညချင်း ချမ်းသာ ကြွယ်ဝလာကြတယ်။ စတုတ္ထမြောက် လောင်ပန် လော်ချောင်းရှင်း အိမ်ထောင်ရက်သား ကျပြီးတဲ့နောက် ရှိရှိသမျှ စည်းစိမ် အများစု တလုံးတခဲကြီးကို မြင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းထဲ မြှုပ်နှံပစ်လိုက်တယ်။ ရှေ့ဆင့်နောက်ဆင့်ပဲ လားအကောင်ရေ ၂၀၀ ကျော်နဲ့ လက်နက်ခဲယမ်း မီးကျောက် အပြည့်အစုံ တပ်ဆင်ထားတဲ့ လူအယောက် ၂၀ တပ်ဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်တယ်။ အင်အား တောင့်တောင့်တင်းတင်းနဲ့ လားရှိုးကနေ တန့်ယန်း၊ တောင်ကြီး အစရှိတဲ့ နေရာတွေကနေ ထိုင်းနိုင်ငံ ချင်းမိုင်၊ မယ်ဆိုင် တကြောဆီ ဘိန်းတွေကို သယ်ယူ ပို့ဆောင်ပြီး ရောင်းဝယ် ဖောက်ကားကြတယ်။ တခါတရံလည်း ဒေသထွက် ကုန်ခြောက် အမျိုးအစားကို ပို့ဆောင်တာမျိုးလည်း လုပ်ပါတယ်။
ဂျပန် စစ်ရှုံးပြီးနောက် ဗြိတိသျှတို့ မြန်မာနိုင်ငံကို ပြန်ဝင်လာပြန်တယ်။ ဗြိတိသျှ ကိုလိုနီ လက်အောက်ကနေ ရုန်းထွက်ဖို့ မြန်မာပြည်တွင်းမှာ လွတ်လပ်ရေး တိုက်ပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ပေါ်ပေါက်လာပါတယ်။ အမျိုးသား သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ လွတ်လပ်ရေး မဟာမိတ်အဖွဲ့ကြီး ဖဆပလ က ပြည်သူတွေကို တွန်းထိုး လှုံ့ဆော်ပြီး ဗြိတိသျှ ဆန့်ကျင်ရေး လှိုင်းလုံးကြီး ပြင်းထန်လာလေတယ်။ ရှမ်း၊ ကရင် အစရှိတဲ့ တိုင်းရင်းသားတို့ဟာ ဗြိတိသျှ အုပ်ချုပ်ရေးကနေ အကျိုးအမြတ် ရကြသူတွေ ဖြစ်တယ်။ ဗမာတွေ ဗြိတိသျှ ဆန့်ကျင်ရေး လုပ်ကြတော့ ရှမ်းတိုင်းရင်းသားများ နေထိုင်တဲ့ ရှမ်းပြည်နယ် တခွင်ကလည်း မိမိတို့ရဲ့ ကောင်းကျိုး ရလဒ်အတွက် တက်ကြွတဲ့ လှုပ်ရှားမှုကို ဆင်နွဲကြလေတယ်။
ဖြစ်ပေါ်လာနိုင်ချေ ရှိတဲ့ အပြောင်းအလဲကို ရင်ဆိုင်နိုင်ဖို့အတွက် ကိုးကန့်စော်ဘွား ရန်းကျဲန်ချိုင် အစရှိသူတွေဟာ တပ်ထောင်ကာ ဗိုလ်စု၊ လက်နက် ရိက္ခာ မြင်း အစစ တိုးချဲ့ စုဆောင်းပြီး ကာကွယ်မှု အစုစုကို တက်သုတ်နှင် ကြိုးပမ်းကြလေတယ်။ ကိုးကန့် ဟန်တရုတ်တို့က တလှိုက်တလှဲ ထောက်ခံ အားပေးကြတယ်။ ငွေကြေး အမြောက်အမြား ထည့်ဝင် အားပေးကြပြီး ရန်းကျဲန့်ချိုင်တို့ ကိုးကန့်နယ်မြေမှာ ကာကွယ်ရေး တပ်ဖွဲ့ ဖွဲ့စည်းရေးကို ၀ိုင်းဝန်း အားပေးကြပါတယ်။ ကိုးကန့်လူငယ် အများအပြား ကာကွယ်ရေး တပ်ဖွဲ့ထဲ တဖွဲဖွဲ ၀င်ရောက်လာကြတယ်။
ဒုတိယကမ္ဘာစစ်ပွဲတုန်းက တရုတ်ပြည်ကနေ မြန်မာပြည်ဆီ ခရီးရှည် ချီတက်လာကြတဲ့ တရုတ်တပ်သား တရုတ်ကျောင်းသား လူငယ်များနဲ့ ဖွဲ့စည်းထားတယ်။
(ဘာသာပြန်ဆိုသူ မှတ်ချက် - ဖက်ဆစ် ဂျပန်တို့ကို တိုက်ထုတ်ရန် အတွက် တရုတ်၊ အမေရိကန်၊ ဗြိတိန် ထိပ်သီးတို့ မေမြို့မှာ ဆွေးနွေး ညှိနှိုင်းကြပါတယ်။ မေမြို့ သဘောတူညီချက်အရ တရုတ်ပြည်က တပ်သား အင်အား တသိန်း ခြေလျင်ခရီးဖြင့် မြန်မာနိုင်ငံ ရန်ကုန်အထိ ဆင်းလာပါတယ်။ မူလ ရည်ရွယ်ချက်က ပင်လယ်ကူးသင်္ဘောဖြင့် လက်နက်တွေ သယ်လာမယ်၊ ရန်ကုန်ဆိပ်ကမ်းမှာ ကပ်မယ်၊ ခရီးရှည်ချီ ဆင်းလာတဲ့ တရုတ်တပ်သားတွေကို လက်နက်တပ်မယ်။ ဂျပန်က ဒီ လျှို့ဝှက် သတင်းကို ရသွားတယ်။ လက်ဦးမှု ယူပြီး ရန်ကုန် ဆိပ်ကမ်းကိုလည်း ဗုံးကြဲ ဖျက်ဆီးလိုက်တယ်။ ပင်လယ်ကူး သင်္ဘောကြီးတွေ ရန်ကုန်ကို မလာနိုင်အောင် နှောင့်ယှက် ဟန့်တားလိုက်တယ်။ ခရီးရှည်ချီ ဆင်းလာကြတဲ့ တရုတ်တပ်သားတွေ တောင်ငူမှာတင် တစ်ခံနေရပြီး နောက်ကြောင်း ပြန်လှည့်ရပါတယ်။ အများအပြား မြန်မာပြည်တွင်းမျာ ကျန်ရစ်ခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာပြည် မြောက်ပိုင်း တရုတ်မြန်မာနယ်စပ် ထိုင်းမြန်မာနယ်စပ်တွေမှာ အခြေချ နေထိုင်ကြပါတယ်။)
အဲဒီ နှစ်နိုင်ငံ နယ်စပ်တွေမှာ မှီတင်း နေထိုင်ကြတဲ့ တရုတ် မျိုးနွယ်စုအားနဲ့ တရုတ်စာသင်ကျောင်းတွေ၊ သင်တန်းကျောင်း မျိုးစုံတို့ကို ဖွင့်လှစ်ကြတယ်။ အဲဒီ အခါတုန်းက လော်စစ်ဟန်က ၁၃ နှစ်၊ ဖုန်ကျားရှင်က ၁၄ နှစ်တောင် မပြည့်သေးပါ။ စစ်သင်တန်း အရာရှိက နာမည်ကြီး ၀မ်ဖူ တက္ကသိုလ်ကျောင်းဆင်း ကူမင်တန် တပ်မှူးဟောင်းကြီး ဖြစ်ပါတယ်။ ဒီသင်တန်း ပြီးဆုံးသွားတဲ့အခါ လော်-ဖုန် တို့ စစ်ပညာမှာ ကျွမ်းကျင် နှံ့စပ်သွားပြီ ဖြစ်တယ်။ မြင်းစီးအတတ်၊ သေနတ်ပစ်ခတ်မှု အတတ်၊ ပြောက်ကျား စစ်ဆင်မှု အတတ်တွေမှာ တဖက်ကမ်း တတ်ကျွမ်းကြတယ်။ စစ်ရေးသင်တန်း ပြီးဆုံးသွားတဲ့နောက် ၂၂ ယောက်သော သင်တန်းသား အားလုံးကို လက်ဖတင်နင် စစ်ဗိုလ်ဘွဲ့ထူးကို အပ်နှင်းကြပါတယ်။ လော်စစ်ဟန်က အဲဒီထဲမှာ အငယ်ဆုံးတယောက် ဖြစ်တယ်။ အသက် ၁၄ နှစ်သာသာ ရှိပါသေးတယ်။ သူနဲ့ ဖုန်ကျားရှင်တို့ကို ခွဲထားပြီး ကိုးကန့် ကာကွယ်ရေးတပ် အသီးသီး တပ်ဖွဲ့ခွဲ တပ်ဖွဲ့မှူး ခန့်အပ်ခံရပြီး ရွှေတြိဂံနယ်မြေမှ စတင် လူးလွန့် ရုန်းကန်ကြလေတယ်။ ဒီလိုနဲ့ပဲ ဖုန်ကျားရှင်ဟာ ကိုးကန့်မှာ မြင့်ချီနိမ့်ချီ အလီလီနဲ့ ၄၇ နှစ်တာ သမိုင်း ခရီးကြမ်းကို ဖြတ်သန်းလာခဲ့ပြီး ကိုးကန့် ဘုရင်ရယ်လို့ နိဂုံးမှာ တွင်ကျန်ရစ်ခဲ့တယ်။ ခေတ်ကာလရဲ့ အနီးဆုံး သမိုင်းမှာ ကိုးကန့် နယ်မြေကို နှစ်ကာလ အချိန် အကြာဆုံး ကိုင်တွယ် ထိန်းချုပ်နိုင်သူ တယောက် ဖြစ်လာပါတယ်။ နောက်မှာ ပေါက်တဲ့ ရွှေကြာပင် ခွန်ဆာလည်းပဲ ဒီလို ကျောင်းတော်သားကနေ ကျောင်းဆင်းလာသူ ဖြစ်တယ်။ အဲဒီက ပေးအပ်ခဲ့တဲ့ လုပ်ငန်းခွင်ကပြေီး ဒါ နောက်ပိုင်းမှာ သူတို့ ၃ ယောက်သား ဘုန်းတန်ခိုး အရှိန်အ၀ါ လျှမ်းလျှမ်းတောက်လာတဲ့ ပညာတွေ ရယူ ပိုင်ဆိုင်ခဲ့ပေတယ်။
၁၉၄၂ မတိုင်ခင် ကိုးကန့်စော်ဘွား နယ်မြေ အပိုင်းအခြားကို အယောက် ၂၀၊ ၃၀ နဲ့ ဖွဲ့ထားတဲ့ ခေါင်းပေါင်းနီ တို့က ငြိမ်ဝပ်ပိပြားရေး နဲ့ တရားဥပဒေ စိုးမိုးရေးကို ချုပ်ကိုင်ထားတယ်။ ဒါဟာဖြင့် ယူနီဖောင်းဝတ် တမူထူးခြားတဲ့ ပုလိပ်တပ်ပါပဲ။ ဦးခေါင်းကို ပိတ်စနီကြီးနဲ့ ပေါင်းထားပါတယ်။ ဗြိတိသျှလက်အောက်မှာတုန်းက ကြေးစား အိန္ဒိယသား ပုလိပ် ပြာတာတို့ရဲ့ ခေါင်းဆောင်း အဆင်တန်ဆာ အတိုင်းပါပဲ။ ခန္ဓာကိုယ် ထက်အောက်တို့မှာ ၀တ်ထားတာက ဆွတ်ဆွတ်ဖြူနေတဲ့ ၀တ်စုံ၊ ခါးမှာ ဓားကောက် ချိတ်ထားပါတယ်။ တမျိုးတဖုံ ပြောရရင် မန်ချူး ဧကရာဇ်ခေတ်က နိုင်ငံခြားသားတို့ အခကြေးငွေပေး ငှားယူထားတဲ့ ဒေသတွင်း ပြာတာတို့ရဲ့ ၀တ်စားဆင်ယင်ပုံပါပဲ။ အဲသလို မန်ချူးအသွင် ဗြိတိသျှ ကိုလိုနီ အရောင်အဆင်း ရှိတဲ့ ရယ်စရာ တပ်ဖွဲ့က ကိုးကန့်ဓလေ့ ထုံးတမ်းရဲ့ ဂိုဏ်းအုပ်စု အစဉ်အလာနဲ့ ဘိန်းခွန်တော် အစရှိတဲ့ အခွန်အတုပ် (ဆက်ကြေး) ရှာကြံပြီး ကိုယ့်ဖာသာ ရပ်တည်ခဲ့ရပါတယ်။
၁၉၄၂ မှာ ဖက်ဆစ်ဂျပန်တို့ ဗမာပြည်ကို သိမ်းပိုက်ပြီးတဲ့နောက် ကျူးကျော်တဲ့ ဂျပန်ကို ဆန့်ကျင် တွန်းလှန်ဖို့အတွက် ကိုးကန့် ခေါင်းပေါင်းနီ ပုလိပ်တပ်ဖွဲ့ကို ကာကွယ်ရေးတပ် ဆိုပြီး အမည်ပြောင်းလိုက်တယ်။ ထိုတုန်းက ကိုးကန့် စတုတ္ထဆက် စော်ဘွား ရန်းစံပိက အခက်အခဲ အကျပ်အတည်းကြားကနေ ကြံ့ကြံ့ခံ ဆန့်ကျင် တွန်းလှန်နေပါတယ်။ ပြတ်ပြတ်သားသားပဲ ကိုးကန့်မှာ ဂျပန် တော်လှန်ရေး အလံတော်ကြီးကို မြင့်မြင့်မားမား လွှင့်ထူလိုက်တယ်။ ဒါ့အပြင် ၁၉၄၂ မတ်လမှာ တရုတ်ပြည် ချုံကင်းမြို့ကို သွားရောက်ပြီး ထိုစဉ်တုန်းက တရုတ်ပြည် ဂျပန်တော်လှန်ရေး ခေါင်းဆောင် ချန်ကေရှိတ်ကို သွားရောက်တွေ့ဆုံ ဂါရ၀ပြုပါတယ်။ ချန်ကေရှိတ်နဲ့ တွေ့တော့ ကိုးကန့်စော်ဘွား ရန်းဝံပိန်က သူတို့ ကိုးကန့်ဟာ နှစ်ပေါင်း ၃၀၀ မိန်ဧကရာဇ် မင်းဆက်က ဆင်းသက်လာတဲ့ ဘိုးဘေး အစဉ်အဆက် တဆက်တည်း ဖြစ်တယ်၊ အမျိုးသား သစ္စာဖောက်မှုမျိုးကို ဘယ်တော့မှ မလုပ်ပါ ဆိုပြီး ကတိသစ္စာဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ ရန်းဝံပိန်ဟာ ကိုးကန့်ဒေသ ဂျပန်တော်လှန်ရေး ကာကွယ်ရေးတပ် မေဂျာ ဂျင်နရယ် (ဗိုလ်ချုပ်) အဖြစ် ခန့်ထားခံရပါတယ်။
ဒုတိယကမ္ဘာစစ်ကာလ တရုတ် ခရီးရှည် ချီတပ်ဖွဲ့ဟာ ကိုးကန့်ထဲကို ၀င်လာပြီးတဲ့နောက် အမှတ် ၂၀ တပ်ရင်းကြီး ကိုးကန့်ကာကွယ်ရေးတပ်အဖြစ် ပြုပြင် ဖွဲ့စည်းလိုက်တယ်။ ဒါ့အပြင် လက်နက် ခဲယမ်း မီးကျောက်တွေပါ ဖြည့်ဆည်း တပ်ဆင်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဟာ အင်အား တထောင်ကျော် ထိုးတက်သွားတယ်။ တရုတ်ပြည် ခရီးရှည်ချီ တပ်ဖွဲ့နဲ့ ပူးပေါင်း စစ်ဆင်တဲ့ ကာလတွေမှာ ဂျပန် တပ်ဖွဲ့နဲ့ တိုက်ပွဲ ကြိမ်ပေါင်း ရာချီ တိုက်ခိုက်ရပါတယ်။ တပ်သား ၁၅၀ ကျော် ကျဆုံးသွားရပါတယ်။ ပြောင်မြောက်တဲ့ တိုက်ပွဲ တပွဲက တစွေထန် (ရေကန်ကြီး) ဒေသမှာ ခရီးရှည်ချီတပ်နဲ့ ပူးပေါင်းပြီး ဂျပန်တပ်နဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ပြီး ဂျပန် တပ်သား တထောင်ကျော်ကို သုတ်သင်လိုက်ပါတယ်။ ဒီလိုနဲ့ ကိုးကန့် တော်လှန်ရေးတပ်ဟာ ဂျပန် တော်လှန်ရေးမှာ ပြောင်ပြောင် မြောက်မြောက် ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့တယ်ရယ်လို့ ပြောကြ ဆိုကြပါတယ်။ ဒီလို ပြောင်မြောက်တဲ့ တပ်ဖွဲ့ရဲ့ တိုက်ရည် ခိုက်ရည်ကြောင့် ဟိုးတုန်းကတည်းက မြန်မာပြည်မြောက်ဘက်မှာ တချိန်လုံး ဗြိတိသျှ အလံတော်နဲ့ အလျှံငြီးငြီး တောက်ပတဲ့ နေမင်းကြီး ကောင်းကင်ပြာပြာမှာ ရဲရဲတောက် ထွန်းလင်း တောက်ပနေတယ် (လက်ရှိ ထိုင်ဝမ် တရုတ်ဖြူ အလံတော်)။ အဲဒီ အလံတော်ကြီးဟာ မိုးထိအောင် လွှင့်ထူထားပါတယ်။
၁၉၄၈ ခုနှစ် ဇန်န၀ါရီမှာ မြန်မာနိုင်ငံဟာ တရားဝင် လွတ်လပ်ရေး ရရှိပါတယ်။ စော်ဘွား ရန်ဝံပိန်ဟာ နိုင်ငံတော် တည်ထောင်တဲ့ ပင်လုံ ညီလာခံမှာ ပါဝင် တက်ရောက်ခဲ့တယ်။ ကိုးကန့်တို့ အဲဒီလိုမျိုး သွေးမြေ အကျခံပြီး ကိုယ့်ရေ ကိုယ့်မြေကို ကာကွယ်ခဲ့တဲ့ အကျိုး ကျေးဇူး ရှိတဲ့ အတွက်ကြောင့် အသစ် ပေါက်ဖွားလာတဲ့ မြန်မာအစိုးရရဲ့ အသိအမှတ် ပြုတာကို ခံရပါတယ်။ ကိုးကန့် တိုင်းရင်းသားတို့ကို မြန်မာ့တိုင်းရင်းသား လူမျိုးစု စာရင်းထဲ ထည့်သွင်းလိုက်တယ်။ ကိုးကန့်ဟာ မြန်မာပြည် မြောက်ပိုင်း လူဦးရေ အနည်းဆုံး တိုင်းရင်းသား လူမျိုးစု ဖြစ်လာပါတယ်။
ရန်းကျဲန်ချိုင်တို့ ညီနောင် နှစ်ဖော်ဟာ လွှတ်တော်အမတ်၊ အောက်လွှတ်တော်အမတ် နဲ့ တွဲဖက် နယ်မြေ ဒေသ အရာရှိကြီး အဖြစ် အရွေးခံရပါတယ်။ ရန်းညီနောင် နှစ်ဖော်က မြန်မာပြည် မြောက်ဘက်က ဟန့်တရုတ်တို့ကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု သွတ်သွင်းဖို့ကို အဆို တင်သွင်းပါတယ်။ လွှတ်တော်က ၎င်းတို့ရဲ့ အဆိုတင်သွင်းချက်ကို သဘောတူလိုက်တယ်။ ဒါပေမယ့် ၁၉၅၀ မှာ မြန်မာနိုင်ငံ တိုင်းရင်းသားကတ် ထုတ်ပေးတဲ့အခါ မြန်မာပြည်မြောက်ပိုင်း ကိုးကန့် တ၀ိုက်က သိန်းချီတဲ့ အရေအတွက် ရှိတဲ့ တရုတ်လူမျိုးတွေထဲက တသောင်းကျော်သာ မြန်မာနိုင်ငံသားအဖြစ် ခံယူကြတယ်။ တရုတ်တွေရဲ့ စိတ်နှလုံးက မြောက်ဘက်ပိုင်းက တရုတ်ပြည်မကြီးဆီသာ ကိန်းအောင်နေကြတယ်။ ရန်းကျဲန်ချိုင်ဟာ နောက်ပိုင်းမှာ အရာရှိ အရာခံ အဖြစ် ရှမ်းပြည်နယ် ဘဏ္ဍာရေးရုံးအဖွဲ့မှူး ဖြစ်သွားတယ်။ ဒီလိုနဲ့ ကိုးကန့်ခရိုင်မှူး ရာထူးနဲ့ ရန့်ညီနောင် နှစ်ဖော်တို့ နှစ်ပေါင်းများစွာ အလှည့်ကျ စံမြန်းကြပါတယ်။
ဂျပန်တော်လှန်ရေးမှာ ရွတ်ရွတ်ချွံချွံ အကျိုးရှိရှိ ဆောင်ရွက်ခဲ့တာကြောင့် ဗြိတိန်ဘုရင်က ရန်းဝံပိန်ကို ဗြိတိသျှ မင်းဧကရာဇ်ဆု အပ်နှင်းဖို့ ခွင့်ပြုလိုက်တယ်။ ဒီနောက်မှာ အရေအတွက် ရာချီတဲ့ တပ်သား အင်အားနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ခွင့်ပြုလိုက်တယ်။ ဒီလိုနဲ့ ကာကွယ်ရေးတပ် ဆိုတဲ့ အမည် နာမဟာ ကာလ ရှည်ကြာစွာ ဆက်လက် ဆင်းသက်လာရလေတယ်။ နောက်ပိုင်းတွေမှာ အခြေအနေရဲ့ ဖွံ့ဖြိုး ကြီးထွားလာမှုတွေက ကာကွယ်ရေး တပ်ဖွဲ့ရဲ့ အရည်အသွေးဟာ တစစ အခြေအမြစ်ကနေ ပြောင်းလဲလာပါတယ်။ ဒါမှ မဟုတ် ကိုးကန့်ခေါင်းဆောင် အလွှာပိုင်း အတွင်းမှာ တိုက်ပွဲ ဆင်နွဲရတဲ့ တန်ဆာပလာ ဒါမှမဟုတ်လည်း မြန်မာအစိုးရရဲ့ အသုံးချစရာ ဒါမှမဟုတ်ပြန်လည်း ဘိန်းရာဇာတွေ ဥပမာ လောစစ်ဟန် တပ်အင်အား တိုးချဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အလေးထားရေးတွေ၊ ဘိန်းကို စောင့်ရှောက်ပြီး သယ်ယူပို့ဆောင်ရေး လက်နက်ကိုင်တပ်ဖွဲ့အဖြစ် အသွင်ပြောင်း ဒါမှမဟုတ်လည်း ဖုန်ကျားရှင်လိုမျိုး အစိုးရဘက်က ဖြိုခွင်းနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့အတွက် ရန်းဝံပိန် ပြောင်းလဲပေးရတာများပဲလား။
၁၉၄၁ ခုနှစ် ဗြိတိသျှအရပ်ဘက် အရာရှိက ရန်းဝံပိန်ရဲ့သား ရန်းကျဲန်ချိုင်ကို အရိုက်အရာ ဆက်ခံတဲ့ ရာထူး အပ်နှင်းလိုက်တယ်။
ဗြိတိသျှတို့က တရုတ်တို့ ရာထူးရာခံ ခန့်အပ်မှု ပုံစံမျိုး သုံးလိုက်ပါတယ်။ ဒါနဲ့ပဲ ရန်းမိသားစု နောက်ဆုံး စော်ဘွား မျိုးဆက်ကို အတည်ပြု ခန့်အပ်တယ်။ ရန်းမိသားစုထဲက မမလေး ရန်းအော့အကြောင်း မပြောလို့က မပြည့်စုံနိုင်ပါ။ သူဟာ ရန်းကျဲန်ချိုင်ရဲ့ ညီမ ရန်းကျင်းရှု (ဂျင်မီရန်း) ဖြစ်တယ်။
မမလေး ရန်းအော့မှာ အံ့မခန်းဖွယ် သမိုင်းကြောင်းတွေ ဖြတ်သန်းခဲ့တယ်။ ဒါ့အပြင် လော်စစ်ဟန် အစရှိတဲ့သူတွေနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေပါတယ်။ မွေးကတည်းက အင်မတန် စိတ်ဓာတ် ကြံ့ခိုင်ပါတယ်။ အရွယ် ရောက်လာတဲ့နောက် မြင်း(လား)တပ်ဖွဲ့နဲ့ ဘိန်းရိုင်း သယ်ယူ ပို့ဆောင် ကုန်ကူးတဲ့ အလုပ် လုပ်နေပါပြီ။ ဘ၀တလျှောက်လုံး အိမ်ထောင် မပြုပါ။ အခု ရန်ကုန်မှာ နေထိုင်ပါတယ်။ စာရေးသူ ၂၀၀၂ ဧပြီလတုန်းက ရွှေတြိဂံနယ်မြေကို ရောက်ရှိပြီး သူ့ဆီသွား ဂါရ၀ပြု တွေ့ဆုံပါတယ်။ အသက် ၇၀ ကျော် ဇရာထောင်းနေတဲ့ မမလေး ရန်းအော့က ဆေးရုံ တက်နေရပါတယ်။ သူ့အသက်ဟာ နေ၀င် ဆည်းဆာချိန်ကို ရောက်နေပါပြီ။ သူ့မှာ တပ်ဖွဲ့ အင်အား လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ မြင်း (လား) ကုန်ကူးတပ်ဖွဲ့ဝင် ၂၀၀ ရှိပါတယ်။ အဲဒီ လက်နက်ကိုင် တပ်ဖွဲ့ရဲ့ တပ်မှူးကတော့ လော်စစ်ဟန်ပါပဲ။ လော်စစ်ဟန်ဟာ မမလေးရန်းထက် ၁၀ နှစ်ကျော် ငယ်ပါတယ်။ ဒါပေမယ့် ငယ်ရွယ်တဲ့ လော်စစ်ဟန်ဟာ နယ်ပယ်စား အရှင်သခင်မကြီးရဲ့ ဂုဏ်သတင်း အရှိန်အ၀ါ၊ သူ့ရဲ့ ပင်ကိုယ် အရည်အသွေးကို ပေါင်းစပ်လိုက်တော့ လောစစ်ဟန်ရဲ့ အင်အားဟာ အလျင်အမြန် ရှင်သန် ကြီးထွားလေတယ်။
လော်စစ်ဟန် အစရှိသူတို့က လက်နက် တပ်ဆင်ထားတဲ့ ကာကွယ်ရေး တပ်ဖွဲ့ကို အလေးထား ထောက်ခံပြီး မိမိကိုယ်ကိုယ် တည်ကြည်လေးနက်အောင် ဂရုပြုပါတယ်။ ကိုယ့်အင်အားကို အလေးထားပြီး အမှီအခိုကင်းအောင် ပြုမူ နေထိုင်ပါတယ်။
ကိုးကန့်မှာ အဓိက အရေးပါတဲ့ အင်အားစုကြီး ၃စု ဆိုတဲ့ အနေအထား ရှိလာတယ်။ ပထမ အင်အားက ရန်းကျဲန့်စိန်းရဲ့ ဗမာလူမျိုး ဆန့်ကျင်ရေး လက်နက်ကိုင် အင်အား။ ဒီအထဲက တစိတ်တပိုင်းက ထိုင်းနိုင်ငံကနေ ရန်းကျဲန့်ယဲ့က ဦးဆောင်ပါတယ်။ ဒုတိယ အင်အားက လော်စစ်ဟန်က ဦးဆောင်ပြီး မြန်မာ စစ်အစိုးရ ကျောထောက်နောက်ခံတဲ့ ကာကွယ်ရေး လက်နက်ကိုင် တပ်ဖွဲ့။ မြန်မာအစိုးရက ကိုးကန့်ကို တင်းတင်း ချုပ်ကိုင်ထားပါတယ်။ ၁၉၅၈ ခုနှစ် မြန်မာ တပ်ခွဲ တခွဲဟာ ကိုးကန့် တစွေစန့် ရေကန်မှာ တပ်စခန်း ချထားလိုက်တယ်။ ၁၉၆၃ သြဂုတ်လ ၁၇ ရက်နေ့။ မြန်မာစစ်တပ် ထောက်လှမ်းရေး ဌာနက အရှေ့မြောက်ဘက် စစ်နယ်မြေမှာ တပြိုင်တည်း လှုပ်ရှားလာပါတယ်။ ကိုးကန့်နယ်မြေက မျက်နှာကြီးပိုင်း လူတွေရော သူတို့ပိုင် ပစ္စည်းတွေကိုပါ ရှာဖွေဖမ်းဆီးတယ်။ ရန်းဝံချန့်က ရန်ကုန်မှာ ရောက်နေတယ်။ ရန်းကျဲန်ချိုင်က လားရှိုးမှာ။ မမလေး ရန်းအော့က ရန်ကုန်မှာ။ အားလုံး တပြိုင်တည်း တချိန်တည်း ဖမ်းလိုက်တယ်။ မြန်မာပြည် အရှေ့ဘက် ရောက်နေတဲ့ လော်စစ်ဟန် တောင် အဖမ်းခံရတော့မလို ဖြစ်သွားပါသေးတယ်။ မြန်မာ့တပ်မတော် တပ်မ ၇၇ က အလုံးအရင်းနဲ့ အပြီးအစီး ကိုင်တွယ်လိုက်တယ်။ ကိုးကန့်ဒေသကို အလျင်အမြန် ထိုးစစ်ဆင်မှုကြီး စတင်လိုက်ချေပြီ။
၁၉၆၅ မေလ။ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ဖုန်ကျားရှင်း ကိုးကန့်တော်လှန်ရေးတပ်ကို လျှို့ဝှက် ဖွဲ့စည်းလိုက်တယ်။ သူတို့ကို ကိုးကန့် အရပ်သူ အရပ်သားတို့က အားပေး ထောက်ခံကြတယ်။ ဒါ့အပြင် အစိုးရကို ဆန့်ကျင်ပါကြောင်း ဗြောင် ကြေညာလိုက်တယ်။
စစချင်းမှာ ဖုန်ကျားရှင်ဟာ သူ့ညီ ဖုန်ကျားဖု တို့ ခေါင်းဆောင်ပြီး လူ ၁၅၀ လောက်ကို လက်နက် တပ်ဆင်ပေးလိုက်တယ်။ ဒီလိုနဲ့ ၁-၁-၁၉၆၈ မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တော်လှန်ရေး တပ်မတော် ဆိုတဲ့ အလံတော်ကို လွှင့်ထူပြီး ကိုးကန့် မြေပေါ်မှာ တဖန် ခြေချလိုက်ပြန်တယ်။ ထိုအချိန်က အစပြုပြီး ကိုးကန့်မြေပေါ်မှာ ဗမာပြည် ကွန်မြူနစ် ပါတီက နှစ်ပေါင်း ၂၀ ကျော် စိုးမိုး အုပ်ချုပ်လေတယ်။
၁၉၆၈ ခုနှစ် ဗကပတို့ ကိုးကန့်ဒေသကို တိုက်ခိုက် သိမ်းပိုက်လိုက်တယ်။ ၁၉၇၂ ခုနှစ် ရောက်လာတော့ ကိုးကန့်ဟာ လုံးဝ လွတ်မြောက်သွားပြီး ခြေစိုက်ဒေသ ဖြစ်သွားပါပြီ။ ကိုးကန့်ခရိုင်ရယ်လို့ တည်ထောင်မှု စနစ်ဟာ ၂၀ ရာစုနှစ် ၇၀ ပြည့်နှစ် ခေတ်ကာလဟာ ဗကပရဲ့ နယ်မြေ အုပ်ချုပ်မှု ပုံရိပ်ငယ်ပဲ ဖြစ်ပါတယ်။
စာရေးသူ (သတင်းထောက်)ဟာ ကိုးကန့်မှာ အသက် ၃၀ အရွယ် ကိုးကန့်တကျူချင်းရွာသား လော်စစ်ဝေ နဲ့ တွေ့ခဲ့ပါတယ်။ သူဟာ လောက်ကိုင်မှာ အကိုနဲ့ တွဲပြီး ကုန်စုံဆိုင် တဆိုင်ဖွင့် အသက်မွေးပါတယ်။ အရင်က သူတို့ တနယူချန်းမှာ နေထိုင်ကြတယ်။ ပြောင်းဆန်၊ လက်ဖက်၊ စပါး နဲ့ ပေါ်ပီပင် စိုက်ပြီး နေထိုင်ကြတယ်။ သူ့မိသားစုနဲ့ လော်စစ်ဟန် မိသားစုတို့ဟာ မျိုးနွယ်စု တခုတည်း ဖြစ်တယ်။ မျိုးရိုး ၀ါစဉ် ကြီးငယ်အရ ဆိုရင် သူက လော်စစ်ဟန်ကို အကို လို့ ခေါ်ရပါတယ်။ ကွာခြားတာကတော့ လော်စစ်ဟန်က ဘိန်းနဲ့ အထင်ကရ ကျော်ကြားတာကြောင့် သူ့ကို အဖက်လုပ်ပြီး အသွားအလာ မလုပ်ချေ။ လော်စစ်ဝေဟာ စစ်မှုသက်တမ်း ရှည်ကြာစွာ ထမ်းဆောင်ပြီး တိုက်ပွဲတွေမှာ ပါဝင် တိုက်ခိုက်ခဲ့ပါတယ်။ သာမန်အချိန်တွေမှာ သူဟာ အေးဆေး ငြိမ်သက်ပြီး စကား အလွန် နည်းပါတယ်။ ဒါပေမယ့် မြေပုံ ဖတ်တာမှာတော့ အရမ်းကို နှံ့စပ် ကျွမ်းကျင်လှပါတယ်။ ပညာဗဟုသုတ ပြည့်ဝသူလည်း ဖြစ်တယ်။
လော်စစ်ဝေ ရှေးဖြစ်ဟောင်း အတိတ်အကြောင်းကို ပြန်လည် ပြောပြချက်အရ မူလက ဒီနေရာဟာ ကမ္ဘာဦးခေတ် သစ်တောနက်ကြီး ဖြစ်ပါတယ် တဲ့။ တရုတ်ပြည် မိန် ဧကရာဇ်မင်း ပျက်ပြုန်းလုနီးရဲ့ အစပိုင်း ဧကရာဇ်မင်းကြီး ယုံလိ အဖမ်းခံရပြီးတဲ့နောက် အရေအတွက် ထောင်ချီတဲ့ နောက်လိုက်နောကပ်ပါ မှူးကြီးမတ်ရာတွေဟာ မန်ချူးမင်း ဧကရာဇ်ထံ အညံ့ခံ ခိုလှုံကြပါတယ်။ တချို့ကတော့ ထွက်ပြေး တိမ်းရှောင်ပြီး ဇာတ်မြှုပ်နေလိုက်ကြတယ်။ ဒါပေမယ့် အများစုက သုတ်သင် ချေမှုန်းရေးကို အသက်လု ရှောင်တိမ်းရင်းက ကိုးကန့်နယ်မြေထဲ ရောက်ရှိလာကြပြီး အခြေစိုက် နေလိုက်ကြတယ်။
မိန်ဧကရာဇ်မင်းရဲ့ မင်းရာဇသွေး မှူးကြီး မတ်ရာ မင်းမှုထမ်းတို့ရဲ့ မျိုးဆက် အနွယ်ဖွားတို့ဟာ မိမိတို့ရဲ့ ဇာတိကို ဖုံးအုပ် တိမ်မြှုပ်လိုက်ကြပြီး မထင်မရှားနဲ့ နေထိုင်ခဲ့ကြတယ်။ လော်စစ်ဟန်ရဲ့ ဘိုးဘေးတို့ဟာ မိန်ဧကရာဇ်မင်း ယုံလိရဲ့ အနီးကပ် အချစ်ဆုံး မင်းမှုထမ်း၊ နန်ကင်းမင်း နေပြည်တော်က ထင်ရှားတဲ့ မင်းခစား တပ်မှူးကြီး ဖြစ်ပါတယ်။ မိသားစု မျိုးဆက် ၈ ဆက်မြောက်က လော်စစ်ဟန်ရဲ့ မွေးသဖခင် လော်ချောင်ရှင်း ဖြစ်တယ်။ ကနေ့ ကိုးကန့်တို့ ဘိုးဘေးစဉ်ဆက် ကဗ္ဗည်း မှတ်တိုင် အမှတ် လေးလေးစားစား စိုက်ထူထားပါတယ်။
လော်စစ်ဝေ ရှင်းပြချက်အရ “ကိုးကန့်” ဆိုတာ ရှမ်းဘာသာသာစကား ဖြစ်တယ်။ “ကိုး”က ၉ ဆိုတဲ့ ကိန်းဂဏန်း လို့ ယူဆလည်း ရတယ်။ “ကန့်” ရဲ့ အဓိပ္ပာယ်က လူနေအိမ်၊ တွဲဘက် အဓိပ္ပာယ် ကောက်လိုက်တော့ လူနေအိမ် ၉ အိမ် ဖြစ်တယ်။ အင်တာနက်မှာ ဖွင့်ဆိုချက်က - မြန်မာနိုင်ငံ ရွှေတြိဂံမှာ နေထိုင်ကြတဲ့ တရုတ်ပြည်ကလာတဲ့တိုင်းရင်းသား လူနည်းစု တဲ့။ ကိုးကန့်တွေ ကိုယ့်ကိုယ်ကိုယ် ဖွင့်ဆိုတဲ့ ရှင်းလင်းချက်က ကိုး ဆိုတာ ပြတ်သားခြင်း၊ ကန့်က ရဲရင့်ခြင်း ဒီတော့ ရဲရင့်ပြတ်သားခြင်း။ ဒါဟာ ကနေ့ ကိုးကန့်တွေ ကိုယ့်တိုင်းသားတို့ရဲ့ သဘောထား ကြေညာချက်လည်း ဖြစ်တယ်။
x x x x x
Monday, May 24, 2010
part 8
အပိုင်း (၈) ပေါ်ပီပင် တိုးချဲ့ စိုက်ပျိုးရခြင်းအကြောင်း ၀ တို့ရဲ့ စကား
အနောက်တိုင်းသားတို့၊ ယန်းကီးတို့။ အလကားနေ ခင်ဗျားတို့ လေပဲ လယ်နေကြတာကိုးဗျ။ ၀ ပြည်နယ် အစိုးရနဲ့ စစ်သေနာပတိချုပ် ပေါင့်ယို့ရှန်တို့က တကမ္ဘာလုံးကို စောစောကတည်းက ကတိစကား ပြောခဲ့ပြီလေဗျာ။ ၂၀၀၅ ခုနှစ် နောက်ပိုင်း ၀ ပြည်နယ် အတွင်းမှာ မူးယစ်ဆေး နည်းနည်းလေးလောက်ကို တွေ့ရှိမယ်၊ မျိုးစေ့လေး တစေ့လောက်ကို တွေ့တာနဲ့ စစ်ဦးစီးချုပ် ပေါင့်ရဲ့ ဦးခေါင်းကို ဖြတ်ပြီး မြန်မာအစိုးရကို သွားပြလိုက်ပါ။ အခု ၂၀၀၅ ခုနှစ် ရောက်ဖို့ ၂ နှစ် လိုပါသေးတယ်။ ဘိန်းစိုက်တောင်သူတွေ တွေးနေကြတာက နောက် ၂ နှစ် ဆိုရင် ဘိန်းကို လုံးဝ စိုက်လို့ရမှာ မဟုတ်တော့တဲ့အတွက် အခုအချိန်မှာ စိုက်တာက ဆန့်ကျင်တာမျိုး မဟုတ်ဘဲ ပုံမှန် အနေအထား လို့ပဲ သဘောထားကြပါတယ်။
x x x x x
ဝပြည်နယ် နံပါတ် ၄ ခေါင်းဆောင် ဗိုလ်ချုပ် ကျောက်ဝံကွမ်းက သတင်းထောက်အဖွဲ့နဲ့ လက်ခံတွေ့ဆုံဖို့ကို သဘောတူ လက်ခံလိုက်ပါတယ်။ ကျောက်ဝံကွမ်းအသက်က အခု ၅၄ နှစ်ပါ။ တရုတ်ပြည်က ပညာတတ်လူငယ်။ ကမ္ဘာ့တော်လှန်ရေးကို အထောက်အကူပေးမယ် ဆိုတဲ့ ရဲဘော်ချေဂွေဗားရားရဲ့ အနီရောင်လျှမ်းတဲ့ အတွေးအခေါ်ကို ရင်မှာ ပိုက်ပြီး ၁၉၆၉ ခုနှစ် အသက် ၂၀ မှာ မြန်မာပြည် မြောက်ပိုင်းဆီ ရောက်လာပြီး ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်ဒေသ လက်နက်ကိုင် အဖွဲ့ထဲ ၀င်လိုက်ပါတယ်။ တပ်စိတ်မှူး၊ တပ်စုမှူး တောက်လျှောက် ဖြစ်ပြီး တပ်မဟာမှူး က တဖန် အမှတ် ၂၁၄ တပ်မမှူး တက်ဖြစ်ပါတယ်။ သူဟာ ၁၉၉၀-၁၉၉၆ ၀ပြည်နယ် ညွန့်ပေါင်းတပ်ဖွဲ့ထဲကနေ ခွန်ဆာနဲ့တိုက်ကြခိုက်ကြတဲ့ နောက်ပိုင်းမှာ ရှေ့တန်းတပ်ခွဲ နိုင်ငံရေးမှူး ဖြစ်နေပါတယ်။
ကျောက်ဝံကွမ်းက ၀ပြည်နယ် အဖွဲ့အစည်းအကြောင်း ပြောပြပါတယ်။ ၀ ပြည်နယ်ရဲ့ အဖွဲ့အစည်းပေါင်းစုံထဲမှာ အများစုက တရုတ်ပြည် သွားပြီး ရေးရာ အသီးသီးကို တက်ရောက် သင်ကြားပါတယ်။ ဥပမာ ပြည်သူ့လုံခြုံရေးစခန်း၊ ပြည်သူ့ရဲတပ်ဖွဲ့၊ စစ်ရေး နိုင်ငံရေး အတွေးအခေါ်ပိုင်း အားလုံးက တရုတ်ပြည်ပုံစံပါ။ ပါတီက တပ်ကို ညွှန်ကြားရမယ်လို့ ချမှတ်ပြီး ဗကပ ကနေ ထွက်လာတာပါပဲ။ ထွက်လာတာနဲ့ ၀ပြည်နယ် ညွန့်ပေါင်းတပ်ကို ဖွဲ့စည်း တည်ထောင်လိုက်တယ်။ ကျောက်ဝံကွမ်းက အုပ်ချုပ်ရေး အာဏာကို ကိုင်ထားပါတယ်။ သူ ဒီအာဏာကို ကိုင်တွယ်ထားပေမယ့်လည်း တရုတ်က စီမံကိန်းနဲ့ ကလေးမွေးဖွားရမယ့် စနစ်ကို လက်မခံပါ။ လက်မခံတဲ့အကြောင်းရင်းက ဘာလဲ ဆိုရင် နှစ်ကာလ ရှည်ကြာလာတဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ တအားကို လျော့ပါးသွားတယ်။ ကနေ့ ၀ပြည်နယ် ၅၈ ရာခိုင်နှုန်းရဲ့ နယ်မြေဒေသမှာ ပေါ်ပီပင် စိုက်ပျိုးမှုကို လုံးဝ ပိတ်ပင် တားမြစ်ထးတယ်။ ၀ပြည်နယ်အစိုးရက နိုင်ငံတကာကို ကတိပေးဖူးတယ် “၂၀၀၅ မှာ ၀ နယ်နိမိတ်အတွင်း မူးယစ်ဆေး လုံးဝ ကင်းရှင်းစေရမယ် (အမြစ်ပြတ်စေရမယ်)” ကျောက်ဝံကွမ်းက ၀ပြည်နယ်အစိုးရ ကိုယ်စားလှယ် အနေနဲ့ တရုတ် သတင်းထောက်အဖွဲ့ကို ကြိုဆို ဧည့်ခံပါတယ်။ ဒါ့အပြင် သူက ၀ပြည်နယ်မှာ မူးယစ်ဆေး ပြဿနာ ရှိနေသေးတယ် ဆိုတာကို မငြင်းပါဘူး။ ဒါပေမယ့် သတင်းထောက်တွေကတဆင့် ကမ္ဘာကို ၀ပြည်သူရဲ့နှလုံးသားအသံကို ပြန့်စေလိုပါတယ် - “ကျနော်တို့ ခု တကယ့်ကို မူးယစ်ဆေးကို တိုက်ဖျက် နှိမ်နင်းလိုတဲ့ ဆန္ဒတွေ ရှိပါတယ်။ တကယ့် စစ်မှန်တဲ့ ၀ပြည်နယ်သားတယောက်ရဲ့ သဏ္ဌာန်ကို ကမ္ဘာသူကမ္ဘာသားတွေ သိမြင်စေချင်ပါတယ်ဗျာ”
သတင်းထောက်မေး - မူလဇစ်မြစ်က ခင်ဗျားဟာ ယူနန်ပြည်နယ်သား ပညာတတ် လူငယ်ရယ်လို့ ကြားသိရပါတယ်။ ဘယ်ကနေ ရောက်လာတာလဲခင်ဗျာ။ ဗကပရဲ့ မူလက အဆင့်မြင့် လက်နက်ကိုင် ခေါင်းဆောင်လည်း ဖြစ်ခဲ့တယ်။ ခင်ဗျားတို့ အဲ ဟိုတုန်းက ဗကပ နဲ့ ဘယ့်နှယ်ကြောင့် ကွဲပြဲကြတာလဲ။ ခင်ဗျားတို့ ဘာကြောင့် ခွန်ဆာကို တိုက်ကြတာလဲ။
ကျောက်ဝံကွမ်း တိုတိုပဲ ဖြေပါတယ် - “ကျနော် ယူနန် လိန်ချန်းဒေသ ချွန်း-ခရိုင်သားပါ။ ၁၉၆၉ ခုနှစ်က ဒီကို ရောက်လာတာပါ။ အဲဒီတုန်းက အထက်တန်း (မြန်မာပြည်ပညာရေးစနစ် ၁၀ တန်း) ကျောင်းပြီးခါစ အချိန် ပေါ့ဗျာ။ အလုပ် ဆိုလို့ ဘာကို လုပ်ရကိုင်ရမှန်း ရှာမတွေ့ဘူးလေ။ နောက်ပြီး ကျနော်တို့ တရုတ်ပြည်တွင်းက ကြာလေ ဆိုးရွားလေ လေပြင်းထန်လေ ဖြစ်နေတဲ့ နိုင်ငံရေး အရေးတော်ပုံကိုလည်း စက်ဆုပ် ရွံရှာလွန်းတယ်ဗျာ။ နောက်ပြီး ခန္ဓာကိုယ် တခုလုံးကို တကမ္ဘာလုံးက အနီရောင် တော်လှန်ရေးထဲ နှစ်မြှုပ်ပစ်ချင်တဲ့ စိတ်ဆန္ဒတွေက ပြင်းထန်နေတယ်လေဗျ။ ဒီတော့ မြန်မာပြည်မြောက်ပိုင်းဆီ ထွက်လာပြီး ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်ပိုင်းနယ်ရဲ့ ပြောက်ကျားတပ်ဖွဲ့ထဲ ၀င်လိုက်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ၀ ညွန့်ပေါင်းတပ်ဖွဲ့က ဗကပ ကနေ ခွဲထွက်လိုက်တယ်။ ကျနော်က ၂၁၄ တပ်မရဲ့ တပ်မမှူးပေါ့ဗျာ။ ဗကပ ပြိုကွဲပျက်စီးသွားရတဲ့ အကြောင်းကို ပြန်သုံးသပ်ရမယ် ဆိုရင် နိုင်ငံရေးပိုင်းမှာ လက်ဝဲ အစွန်းရောက်လွန်းတယ်။ စစ်ရေးမှာ စွန့်စားမှုကို ကျင့်သုံးတယ်။ ဖွဲ့စည်းမှုမှာ ဂိုဏ်းဂဏ၀ါဒ ဖြစ်နေတယ်။ နောက်ဆုံးတော့ တစိတ်တ၀မ်းတည်း ဖြစ်မနေကြတော့ဘူး။ ဒါကြောင့် ကျနော်တို့ ခွဲထွက်လိုက်တယ်”
“ခွန်ဆာ့ရဲ့ တပ်ဖွဲ့စည်းမှုက အင်မတန် ကောင်းတာဗျ။ သေနတ်ကလည်း အမေရိကန်လုပ် M16တွေဗျ။ သူတို့ တောင်ထိပ်မှာ စောင့်နေတယ်။ ကျနော်တို့ အတင်း တက်တိုက်တယ်. တိုက်ရ သိပ်ခက်တာဗျ။ စစ်တိုက်တာကို ကျနော်တို့ မကြောက်ဘူးနော်။ ၀ တိုင်းရင်းသား တပ်ဖွဲ့က သေမှာ ကြောက်တာ မဟုတ်ဘူး။ ကျနော်တို့ အရွံမုန်းဆုံးကတော့ဗျာ ထိုင်းမြန်မာ နယ်နိမိတ်မှာ မြေမြှုပ်မိုင်းတွေက တယ်လည်း ပေါတာကိုး။ အဲ - ဟိုနေရာတွေဟာ ကမ္ဘာမှာ မိုင်းအများဆုံး မြှုပ်ထားတဲ့ နေရာဖြစ်လိမ့်မယ်။ ဒါပေမယ့် ကျနော်တို့မှာ အမြောက်တွေက အများကြီး ရှိနေတာ။ အချိုးအရ ဆိုရင် ရှစ်ချိုးတချိုးပေါ့ဗျာ။ ခုခေတ် စစ်ဖြစ်တာမှာ အမြောက်က နံပါတ် ၁ နေရာမှာဗျနော်။ ဒါကြောင့် ကျနော်တို့ကို ဘယ် ယှဉ်သားမလဲဗျာ။ ခွန်ဆာကို တိုက်တုန်းက လီကျုလူက ဒုတိယ တပ်မှူးချုပ်။ ကျနော်က စစ်ဦးစီးမှူး။ နောက်ပိုင်းတွေမှာ ကျနော်က ရှေ့တန်း ညွှန်ကြားရေးမှူးချုပ် ဖြစ်တယ်”
“ခွန်ဆာ လက်နက်ချရတဲ့ အကြောင်းရင်းတွေထဲက တခုက သူ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေရဲ့ ဖိအားကို အတော် ခံနေရတာ။ မြန်မာအစိုးရရဲ့ ဖိအားလည်းပဲ လူးလှိမ့် ခံနေရတယ်။ ၀ ညွန့်ပေါင်းတပ်ဖွဲ့ကပါ ထိုးစစ်ဆင်နေတယ်ဗျာ။ ၀ တပ်ဖွဲ့ တပ်သားပေါင်း တထောင်ကျော် သေကြေ အနာတရ အဖြစ်ခံပြီး ခွန်ဆာ့ပိုင်နက်ကို အရ တိုက်ရတာဖြစ်တယ်။ ဒီတိုက်ပွဲကနေ နယ်မြေဒေသ ၇၀ ရာခိုင်နှုန်းကျော် ပိုင်နက်နယ်မြေ တိုးလာရတယ်။ ကျနော်တို့ ခွန်ဆာ့လက်ထဲက အပိုင် သိမ်းပိုက်လိုက်တဲ့ နယ်မြေက ထိုင်းနဲ့မြန်မာ ဆက်စပ်နေတဲ့ နယ်စပ်ဒေသ ဖြစ်တယ်။ မုန်းယွမ်၊ ၀မ့်ဟုန်၊ မုန်းဟိုပန်၊ မုန်းထားလန် အစရှိတဲ့ နယ်မြေတွေ ဖြစ်တယ်”
ကျောက်ဝံကွမ်းရဲ့ မိတ်ဖွဲ့စကားအရ သိလိုက်ရတာက - ၁၉၉၉-၂၀၀၀ ခုနှစ်တွေမှာ ၀ အဖွဲ့က မြောက်ဘက် တောင်တန်းကနေ ၀ တောင်တန်းသား လေးသောင်းဟာ ခွန်ဆာ့လက်ထဲကနေ တိုက်ယူလာတဲ့ တောင်ပိုင်း နယ်မြေဒေသဆီကို ရွှေ့ပြောင်းလာကြပါတယ်။ ခုတကြိမ် ရွှေ့ပြောင်းတာက ရှေးဦးဆုံး ရည်ရွယ်ချက်က စစ်ရေး မဟာဗျူဟာအရ ဖြစ်ပါတယ်။ ကျောက်ဝံကွမ်းက ပြောပါတယ် “တောင်ပိုင်းနယ်မြေဒေသက လူနည်းစု တိုင်းရင်းသားတွေ ဥပမာ လားဟူ တိုင်းရင်းသား အစရှိသူတွေက တယ်ပြီး မကြေမချမ်း ဖြစ်နေကြတာ။ တလျှောက်လုံး လက်နက်ကိုင်ပြီး ပြန်တွန်းလှန်ကြတယ်။ တောင်ပိုင်းနယ်က ၀ပြည် မူလ ထိန်းချုပ်ထားတာနဲ့ တဆက်တည်း ဖြစ်နေတယ်။ ဒါတွေဟာ ကြားမှာ ကီလိုမီတာ ရာချီတဲ့ မြန်မာအစိုးရတပ် စိုးမိုးတဲ့နယ်မြေက ခြားထားနေတယ်လေ။ လူတွေ အရွှေ့အပြောင်း မလုပ်ရင် ရေရှည် ထိန်းချုပ်ထားနိုင်မှာ မဟုတ်ပါ။ နောက် ရည်ရွယ်ချက်တခုကလည်း ရှိနေပြန်ပါသေးတယ်။ ဒါကတော့ တောင်တန်းကြီးတွေပေါ်က ဘိန်းစိုက်တောင်သူတွေ မြေပြန့်တွေဆီ ရွှေ့ပြောင်းခိုင်းလိုက်တာကြောင့် ဘိန်းစိုက်တောင်သူဘ၀ကနေပြီး တကယ့် စိုက်ပျိုးမွေးမြူရေး လုပ်တတ်တဲ့ တောင်သူလယ်သမားတွေ ဖြစ်လို့သွားရောဗျ”
ကျောက်ဝံကွမ်းက ပြောပြန်တယ် - “တောင်ပိုင်း ရွှေ့ပြောင်းတဲ့ အလုပ်ကို ကျနော်တို့ တာဝန်ယူရပါတယ်။ ဒါက အတင်းအဓမ္မ လုပ်ရတဲ့ အလုပ်မျိုးနော်။ တလမ်းလုံး ခုန်ဆင်းတာ၊ ထွက်ပြေးတာ၊ ဖျားနာ သေတာ၊ ကားမှောက်တာ၊ ရေမြေကျင့်သား မရသေးတာ - - - - - - တောင်သူတွေ တကယ့်ကို သေကြပါတယ်။ လူ လေးသောင်းကျော် ပြောင်းတာမှာ တထောင်လောက် လျော့ပါးသွားတယ်။ ဒါပေမယ့် အခုတော့ ကောင်းသွားပြီ။ သူတို့ စိုက်ပျိုးရလာတဲ့ ကောက်ပဲသီးနှံတွေ စာလို့ မကုန်ကြပါဘူး။ မွေးမြူရေး ၀က်၊ နွား၊ ဆိတ်တို့လည်း တိုးလာလိုက်တာ အများကြီးပါပဲ။ အရင်ကဆို ဘိန်းစိုက်လို့ မကြီးပွားနိုင်ပါခင်ဗျာ။ တအိမ်ထောင်လုံး ၀ိုင်းဝန်း စိုက်ပျိုးကြမှ ဘိန်းပိဿာ နည်းနည်းလေးပဲ ရမယ်။ ဒီဘိန်းနဲ့ တနှစ်ပတ်လုံး စားသုံးမယ့် စားနပ်ရိက္ခာရဖို့ ငွေကလေး နည်းနည်းနဲ့ပဲ အလဲအလှယ် လုပ်လိုက်ရတယ်”
ကျောက်ဝံကွမ်းက စိတ်ပါလက်ပါနဲ့ ပြောလိုက်ပြန်တယ် - “၀အဖွဲ့အစည်းက တောင်တန်း အမြင့်မှာ နေကြသူတွေပါ။ လယ်ယာ သီးနှံ စိုက်ပျိုးပြီး နေတတ်သူ မဟုတ်ပါ။ နှစ်ကာလ တရာကျော်လုံး ပေါ်ပီ စိုက်ပျိုးပြီး အသက်မွေးခဲ့ရတဲ့သူတွေ ဖြစ်ကြတယ်။ အားလုံး စုစုပေါင်း နှစ် တရာ ကျော်လာပြီနော်။ ၀ လူမျိုးတွေ ဘာကြောင့်များ ဒါလောက် ခေတ်နောက်ကျကျန်ခဲ့ရတာလဲ။ ဘိန်းထပ်စိုက်နေလို့ ဘယ်နှယ်လုပ်ပြီး ထွက်ပေါက်လမ်းဆီ ရောက်မလဲဗျ။ နောက်ပြီး ဒီ မူးယစ်ဆေးပြဿနာကြောင့် တကမ္ဘာလုံးရဲ့ ရန်သူ ဆက်ပြီး ဖြစ်နေလို့ မသင့်တော်ဘူးလေဗျ။ တကယ့်တကယ် ကြီးပွားချမ်းသာတာက မူးယစ်ဆေးကို ရောင်းဝယ်ဖောက်ကားကြတဲ့သူတွေပါ။ ကျနော်တို့ ကြာလေ ပိုပြီး သိလေသိလေပဲ။ ဘိန်းစိုက်ပျိုးမှုကနေ ၀ ပြည်နယ် ဒေသဟာ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမွဲတေမှုကို ကူညီပံ့ပိုးပေးတဲ့ လောကထဲကို ၀င်ရောက်နိုင်ခွင့် မရှိဘူး ဆိုတဲ့ အချက်ကို ကျနော်တို့ သိမြင်လာပါတယ်။ ကျနော်တို့ရဲ့ ဌာန (၀ပြည် လယ်ယာ သစ်တော ရေ အသုံးချ ဌာန) ကို ၁၉၉၉ ဖေဖော်ဝါရီမှာ ဖွဲ့စည်းလိုက်တယ်။ ဒါဟာ ရည်မှန်ျးက်တခု (မူးယစ်ဆေး တိုက်ဖျက်နှိမ်နင်းရေး အခြားသီးနှံစိုက်ပျိုးရေး) လက်တွေ့ ပေါ်ပေါက်လာဖို့ ဖြစ်တယ်။ ဒီတကြိမ် လူနေမှု ရွှေ့ပြောင်းရေး စစ်ရေး မဟာဗျူဟာ အတွက် အထူးဒေသ အစိုးရက ပျမ်းမျှ လူတဦးချင်း အပေါ်မှာ ရင်မင်ဘီ ၁၀၀၀ ကျော်ကျော် သုံးစွဲထားပါတယ်။ စိုက်ပျိုးတဲ့ စပါးကောက်နှံ လယ်မြေ ဧကပေါင်း ၁၃၀၀ ကိုပါ ကျနော်တို့ ထုတ်ပြီး စိုက်ပျိုးကြပါတယ်။
ဒါပေမယ့် ကျောက်ဝံကွမ်းဟာ ခွန်ဆာနဲ့ စစ်ဖြစ်ရတဲ့ တခြား အရေးပါတဲ့ အကြောင်းရင်းကိုတော့ မပြောဘဲ ရှောင်လွဲထားပါတယ် - အဲဒါကတော့ ဘိန်းကုန်စည် ကူးသန်းရေး တောင်ပိုင်းလမ်း ဖောက်တဲ့ အကြောင်းပါပဲ။ ၀ပြည်နယ်တပ်နဲ့ ခွန်ဆာတို့ တိုက်ပွဲ အစပိုင်းမှာ မြန်မာအစိုးရ စစ်တပ်က လက်ဝင်မရှိုဘဲအမြိုင့်သား ဇိမ်ခံ ကြည့်နေတာပါ။ ၁၉၉၅ ခုနှစ် ရောက်ကာမှ ခွန်ဆာ့ကို ထိုးစစ်ဆင်ပြီး ၀ပြည်နယ် တပ်ဖွဲ့ကို အကြီးအကျယ် စစ်ကူတိုက်ပေးပါတယ်။ အဲဒီမှာ ခွန်ဆာ ခံလိုက်ရပါတယ်။ မြန်မာအစိုးရတပ်က ၀ ဘက်ကနေ ၀င်တိုက်ပေးတော့ ခွန်ဆာ့နယ်မြေတို့ကို သိမ်းပိုက် ရယူနိုင်လိုက်တယ်။ စောစောကတည်းက မြန်မာအစိုးရတပ် ၀င်မပါသေးတာက ၀ တပ်ဖွဲ့ အင်အား လျော့နည်းသွားအောင် စောင့်နေတာ ဖြစ်တယ်။ နောက်မှ ၀င်ပါတာကတော့ မျက်စိ စပါးမွေး စူးနေတဲ့ ခွန်ဆာ့ကို အမြစ်ကနေ လှန်ပစ်လိုက်ရေး ဆိုတဲ့ တချက်ခုတ် နှစ်ချက်ပြတ်တဲ့ နည်းဗျူဟာကို ကျင့်သုံးလိုက်ခြင်းပါပဲ။
ကျောက်ဝံကွမ်းရဲ့ လက်ထောက်လည်းဖြစ် လယ်ယာ၊ သစ်တော၊ ရေအသုံးချစိုက်ပျိုးရေးရုံး တာဝန်ခံ ကျိုးဝံကောင်းက ပြောပြတယ် - “၀ပြည်နယ်ရဲ့ ယနေ့အခြေအနေက သမိုင်းကို ကိုယ်စားပြုနေတယ်။ မူးယစ်ဆေး ပြဿနာရဲ့ အရင်းခံက ရှေးရှေးကတည်းက နှစ်တရာကျော်ကတည်းက အနောက်တိုင်း လူဖြူတွေ သယ်လာတဲ့ ပစ္စည်းတွေပါ။ ဒါ့အပြင် သေနတ်တွေ ပစ်ဖောက် အမြောက်တွေ ပစ်ဖောက်ပြီး သွင်းလာကြတာတွေ မဟုတ်ဘူးလားဗျ။ အင်္ဂလိပ်တွေလေ။ သူတို့ပဲ တရုတ်ပြည်နဲ့ ဘိန်းစစ်ကြီး ခင်းလိုက်တယ်လေဗျာ။ ၀ ပြည်နယ် ညွန့်ပေါင်းတပ်ဖွဲ့ကို အကြမ်းဖက်ဝါဒီ စာရင်းထဲ ထည့်သွင်းတဲ့ အမေရိကန်ကို ကျနော်တို့ အတော်လေး မေတ္တာပျက်တယ်ဗျာ။ အမေရိကန်တွေ ဂြိုဟ်တုကနေ တချက်ကလေး ကြည့်လိုက်တာနဲ့ ဒါဟာ ၀ပြည်နယ် မိုင်းဖြတ်၊ မိုင်ပေါ်က ဒီနွေဦးက စိုက်တဲ့ ဘိန်းခင်း ဧက ၅ ဆကျော် တက်သွားသတဲ့ဗျာ။ မတ်လတုန်းက ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းေ၇း ဗျူရိုက အသက်ခပ်ကြီးကြီး အနောက်တိုင်းသားတယောက် ကျနော်တို့ ၀ပြည်နယ်ဆီကို ရောက်လာပါတယ်။ ဒေါနဲ့မောနဲ့ ကျနော်တို့ကို ပြောတယ် - ခင်ဗျားတို့ တော်တော်ဆိုးတယ် တဲ့။ ကျနော်လည်း သူ့ကို ပြန်ပက်လိုက်တာပေါ့၊ ဒီမယ် မျက်နှာဖြူကြီး ၀ပြည်နယ်အစိုးရနဲ့ တပ်မှူးချုပ်ကြီး ပေါင့်ယို့ရှန် စောစောကတည်းက ကမ္ဘာကို ကတိစကား ပြောခဲ့တယ်ခင်ဗျ။ ဘာလဲ ဆိုတော့ ၂၀၀၅ နောက်ပိုင်း ၀ပြည်နယ် ဒေသမှာ မူးယစ်ဆေး တမှုန်တစ ရှိသေးတယ် ဘိန်းစေ့လေး တစေ့ ရှိနေသေးတယ် ဆိုရင် ကျုပ်တို့ ခေါင်းဆောင် ပေါင့်ယို့ရှန်ရဲ့ ခေါင်းကို ခုတ်ဖြတ်ပြီး မြန်မာအစိုးရကို သွားသာတွေ့လိုက်တော့ဗျာ။ အခု ၂၀၀၅ ရောက်ဖို့ ၂ နှစ် ကျန်သေးတယ်လေဗျာ။ တောင်သူတွေရဲ့ အတွေးတွေက နောက်ထပ် ၂ နှစ် ကျော်ရင် ဘိန်း ထပ်မစိုက်တော့ဘူးလေ။ ဒါကြောင့် ဒီကာလ အတွင်း စိုက်တာက ပုံမှန်တွေပဲ မဟုတ်လားဗျာ - - - - - - - ”
ကျိုးဝံကောင်း ယူဆထားတာက အဲဒီ အနောက်တိုင်းသား လူဖြူ အဘိုးအိုကြီးက အရှေ့တိုင်းသား တို့ရဲ့ အတွေးအမြင်ကို ဘာတခုမှ သိရှိတာ မဟုတ်တာပဲ။ ကျိုးဝံကောင်းရဲ့ အကြောင်းပြချက်က - “အခု စိုက်တယ်လေ။ ဒါက ၂၀၀၅ မူးယစ် ကင်းစင်ရေးကို သွားထိတာမှ မဟုတ်တာ။ ခင်ဗျားတို့ အဲ ဟိုအချိန်ကျရင် ကြည့်လိုက်။ ကျနော်တို့ ဘိန်းကို တားနိုင် မတားနိုင် ဆိုတာရယ်၊ စိုက်မစိုက် ဆိုတာရယ်။ စောင့်ကြည့်ပေါ့ဗျာ”
ကျောက်ဝံကွမ်း သက်သေ သက္ကာယတွေ ထုတ်ပြီး ပြောပါတယ်။ “ခွန်ဆာ အရင်တုန်းက ဘိန်း ကူးသန်းရောင်းဝယ်တာက အားလုံး ကျနော်တို့ဆီက ဘိန်းကို ၀ယ်သွားတယ်။ ကျနော်တို့ သူ့ကို ချတာက မူးယစ်ဆေးကို တိုက်ခိုက် နှိမ်နင်းပစ်ဖို့ပဲ။ ကျနော်တို့ဟာ ကမ္ဘာသူ ကမ္ဘာသားတွေနဲ့ မိတ်ဆွေ ဖွဲ့ချင်ကြတယ်။ ၁၉-၁-၂၀၀၅ နေ့က ခင်ဗျားတို့ ကွမ်ကျိုးမှာ ဟီးရိုးအင်း ၃၀၀ ကီလိုဂရမ်ကို ကျွန်းသစ်လုံး အခေါင်းပေါက်ထဲ သွင်းယူလာတဲ့ အမှုကြီးကို ဖမ်းမိတယ် မဟုတ်လားဗျ။ အဲ ဟိုကနဲ့ စစ်ကြောပြီးတဲ့ ရလဒ်အရ ၀ပြည်နယ်ဘက်က အကြောင်းကြားပြီး ဒီဘက်ကနဲ့ ပူးပေါင်းပြီး ဖမ်းဆီးကြတယ်လေဗျာ။ ကျနော်တို့ ၉-၄-၂၀၀၃ မှာ လှုပ်ရှားလိုက်တယ်။ ဒါ့အပြင် စစ်ဦးစီးချုပ် ပေါင့်ယို့ရန် ကိုယ်တိုင် တပ်ထွက်ပြီး သွားဖမ်းဆီးတယ်။ တချီတည်း လူ ၂ ယောက် အသေဖမ်းမိတယ်။ ၁၁ ယောက်ကို အရှင် ဖမ်းဆီးလိုက်တယ်။ အားလုံးကို ကျနော်တို့ တရုတ်ပြည်လက်ထဲ လွဲပြောင်းပေးအပ်လိုက်တယ်လေဗျာ။ ကဲ - ဘယ့်နှယ်လုပ်ပြီး ကျနော်တို့က မူးယစ်ဆေး ကူးသန်း ဖောက်ကားတဲ့ အကြမ်းဖက် အဖွဲ့အစည်းကြီးဖြစ်ရမှာလဲ ခင်ဗျာ”
ဝပြည်နယ် အဖွဲ့အစည်းတွေ လက်ရှိ ရင်ဆိုင်နေရတဲ့ အန္တရာယ် ၂ ခုကို ကျောက်ဝံကွမ်း ထောက်ပြပါတယ်။ ၁-အချက်က အပူမီး တလှိုက်လှိုက် ဆွေးမြေ့ တောက်လောင်နေတဲ့ မြန်မာနိုင်ငံ စစ်အစိုးရက အစဉ်တစိုက် အင်အားတွေကို စုစည်းနေပါတယ်။ အခွင့်သာတဲ့ တနေ့မှာ ခွန်ဆာအုပ်စုကို “ရှင်းပစ်”လိုက်သလိုမျိုး မိမိကိုယ်ကို ကနေ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အတိုက်အခံ ၀ပြည်နယ် ညွန့်ပေါင်း တပ်ဖွဲ့ကြီးကို အမြစ်ကစ “မြေလှန်” ပစ်လိုက်ချင်နေပါတယ်။ ၂- အချက်က ကနေ့ အုပ်ချုပ်ရေးအာဏာ ချုပ်ကိုင်ပြီး အုပ်ချုပ်နေရတဲ့ သူတို့ ဒီလူတစု ကလည်းပဲ ဘိန်းစိုက်ပျိုးမှု မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှု ပြဿနာတွေမှာ သူတို့ လွန်ပြီးတဲ့နောက် အုပ်ချုပ်မှု မရှိတော့တဲ့ အခါကျရင် သေရာက ပြန်လည် ခေါင်းထောင်လာမှာကို စိုးရိမ်ကြပါတယ်။
ကျောက်ဝံကွမ်းရယ်၊ ကျိုးဝံကောင်းရယ် နှစ်ယောက်သား ကောင်းမောင်းပြီး သတင်းထောက်တွေကို မြူနှင်း တိမ်တိုက်တွေ ဝေ့လည် ပိတ်ဖုံးနေတဲ့ ၀တောင်တန်း နက်နက်ရှိုင်းရှိုင်းထဲ ခေါ်ဆောင်သွားကြတယ်။ အဲဒီနေရာတွေမှာ ၀တပ်ဖွဲ့က စိုက်ထားတဲ့ ရော်ဘာတောကြီးကို လိုက်ပြပါတယ်။ အဲဒီတောင်တကြောဟာ တချိန်က ပေါ်ပီပင်တွေ တအားစိုက် တအားထွက်တဲ့ နေရာတွေလို့ ကျောက်ဝံကွမ်းက ပြောပါတယ်။ “ဒါဟာ ၀ပြည်နယ် အစိုးရ အရမ်းကို ခက်ခဲကျပ်တည်းတဲ့ အခြေအနေ အောက်မှာ တရုတ်ပြည်၊ ဂျပန်ပြည်တို့လောက်သာ လက်တွေ့ ပံ့ပိုးမှုကနေ အစားထိုး စိုက်ပျိုးပြီး ရလာတာ ဖြစ်တယ်”
ကျောက်ဝံကွမ်း ထပ်ပြောပါတယ် “ပေါ်ပီပင် စိုက်ပျိုးတာ လျော့ပါးသွားအောင် ကျနော်တို့ တစတစ လုပ်နေပါတယ်။ ကျနော်တို့ ဒီမြေမှာမွေး ဒီမြေမှာ ကြီးပြင်းလာကြတဲ့သူတွေကသာ ဘယ်လိုပုံနဲ့ တလှမ်းပြီးတလှမ်း ပေါ်ပီပင် စိုက်ပျိုးမှု လျော့ပါးသွားရမလဲ ဆိုတာကို သိရှိပြီး တကယ့်ကို လက်တွေ့ကျကျ လုပ်တာ။ ၀ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ကူညီ ပံ့ပိုးပေးတာက တရုတ်ပြည်သာ ရှိနေပါတယ်။ ဂျပန်တွေဆီကလည်း အကူအညီ တော်တော်လေး ရပါတယ်။ တခြား အနောက်နိုင်ငံတွေကတော့ ကြောင်တောင်ကန်းနဲ့ အော်နေကြတာပဲ ရှိတယ်။ လက်တွေ့ကျကျ ဆောင်ရွက်မှုတွေ ဘာတခုမှ မရှိသေးပါ”
အနီးအနားက မန်သြချွန်း ဆိုတဲ့ ရွာထဲမှာ ရွာသူကြီး ယယ်တန်းက သတင်းထောက်တွေကို လက်ခံ တွေ့ဆုံပါတယ်။ ယယ်တန်း အဆိုအရ ဒီမှာက အရင်က ဘိန်းထွက်ရာ နေရာပါ တဲ့။ တတော တတောင်လုံး နေရာမလပ် ဖြန့်ကျက် စိုက်ပျိုးတာက အားလုံး ပေါ်ပီတွေချည်းပဲ။ ၁၉၉၉ ခုနှစ် တရုတ်ပြည်ရဲ့ ကူညီမှုကြောင့် ရာဘာပင်ကို အစားထိုးပြီး စတင် စိုက်ပျိုးကြတယ်။ ဒါပေမယ့် တောသူတောင်သားတွေက တောင်ရဲ့ နောက်ကျောဘက်မှာ ပေါ်ပီပင်တွေကို တိတ်တဆိတ် ခိုးပြီး စိုက်ကြတယ်။ သူက ဒါကို ရှင်းလင်း ပြောပြပါတယ်။ ဘာ့ကြောင့် ဆိုရင် သူတို့က တခြား လယ်ယာ သီးနှံ စိုက်ပျိုးမှုမှာ နည်းပညာပိုင်းမှာ သိပ်ပြီး ညံ့လွန်းကြတယ်။ နှစ်စဉ် စိုက်လိုက်သမျှ သီးနှံတွေက စားမလောက် ဖြစ်နေတယ်။ ဒါဟာ ဘိန်းတောင်သူတွေ မွဲတေရတဲ့ သံသရာ စက်ဝိုင်းကြီးလို ဖြစ်နေတာ။ ကျန် နှစ်ဝက်မှာ စားစရာ မလောက်မငတော့မှ လက်ထဲ ဆုပ်ကိုင်ထားတဲ့ ဘိန်းကို ထုတ်ပြီး စားစရာနဲ့ လဲလှယ်စားတယ်။ ဒါကြောင့် ဘိန်းတောင်သူတွေဟာ မွဲမြဲ မွဲနေကြတယ်။ ပေါ်ပီ စိုက်ပျိုးမှု လုံးဝ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေကြတယ်။ “ဘာကြောင့်လဲ ဆိုတော့ ဘိန်းက တနှစ်လုံး အချိန်မရွေး ရှိရှိသမျှ ငွေကြေးတို့ရဲ့ လားရာ ရင်းမြစ် ဖြစ်နေလို့ပါပဲ”
x x x x x
၁၉၉၇ ခုနှစ် ၀ ပြည်နယ် အစိုးရက တကမ္ဘာလုံးကို ကြေညာလိုက်တယ်။ - - ခုနှစ်အတွင်း ၀ပြည်နယ် စီရင်စုအတွင်းမှာ ပေါ်ပီပင် စိုက်ပျိုးမှုကို ဘက်စုံ ပိတ်ပင် ဟန့်တားသွားမယ်။ တချိန်တည်းမှာပဲ ပေါင့်ယိုရှန်ကလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ကနေ့ ၀ပြည်နယ်က စီရင်စုနယ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း နယ်မြေတွေ အားလုံး လိုလို သို့မဟုတ် အစိတ်အပိုင်း တစုံတရာ အထိ ပေါ်ပီပင် စိုက်ပျိုးမှု တားမြစ် ပိတ်ပင်ချက်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်ပါပြီ။ တရုတ်သတင်းထောက်တွေ မလာရောက်ခင် တလလောက် ဖြစ်တဲ့ ၁၅-၃-၂၀၀၂ နေ့မှာ ရှမ်းပြည်နယ် အထူးဒေသ ၀ ပြည်နယ် အစိုးရ ဥက္ကဋ္ဌ၊ ၀ ညွန့်ပေါင်းတပ် တပ်မှူးချုပ် ပေါင့်ယိုရှန်က ရန်ကုန်အခြေစိုက် ဆင်ဟွာ သတင်းထောက် လာရောက် တွေ့ဆုံစဉ် ပြောလိုက်တယ် - “၀ပြည်နယ် အဖွဲ့အစည်းဟာ မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေးမှာ ‘၀မ်းမောက်စရာ ရလဒ်ကို ရပါတယ်’ ဆိုပြီး ပြောလိုက်ပါတယ်။ ၀ပြည်နယ်မှာ ပေါ်ပီပင် စိုက်ပျိုးတာ နှစ်ပေါင်း တရာကျော်တဲ့ သမိုင်းပါ။ ဒါပေမယ့် ပေါ်ပီက ၀ပြည်နယ် ပြည်သူလူထုဆီ သယ်ဆောင်လာတာက သုတိမင်္ဂလာ သာယာတဲ့ အသံပါ။ ဘေးဒုက္ခ မဟုတ်ရပါ။ သူဟာ ၀ ပြည်သူလူထုရဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို ဆိုးကျိုးဒုက္ခ ပေးပါတယ်။ နောက်ပြီး ၀ပြည်နယ် ထုတ်လုပ်မှု ရင်းမြစ် အင်အားကိုပါ ဖြုန်းတီးရာ ရောက်နေပါတယ်။ ၀ပြည်နယ်ရဲ့ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးကိုလည်း ဆိုးကျိုးဒုက္ခ ပေးနိုင်ပါတယ်”
ပေါင့်ယိုရှန်ရဲ့ စကားအရ ၀ပြည်နယ် အထူးဒေသကို ၁၉၈၉မှာ တည်ထောင်လိုက်ပါတယ်။ ၀ပြည်နယ်အစိုးရက ၁၉၉၀ ဇန်န၀ါရီလမှာ ပေါ်ပီပင် စိုက်ဧက နှစ်အလိုက် လျှော့ချဖို့ကို စီမံကိန်းချ သတ်မှတ်လိုက်ပါတယ်။ ၁၅-၂၀ နှစ်ကာလ အတွင်းမှာ ပေါ်ပီ စိုက်ပျိုးမှု လုံးဝ အမြစ်ပြတ်ရမယ် ဆိုတဲ့ စီမံကိန်းချလိုက်တယ်။ ၁၉၉၀ တုန်းက ၀ပြည်နယ်က ပေါ်ပီပင်စိုက်ဧက ဟက်တာ ၄၀၅၀ ခန့် ရှိပါတယ်။ နှစ်စဉ် ဘိန်းတန်ချိန် ၆၀ ခန့် ထွက်ပါတယ်။ ၁၀ နှစ်ကျော် ကြိုးပမ်းလာခဲ့တာကြောင့် ၂၀၀၀ ပြည့်နှစ်မှာ ဟက်တာ ၂၀၂၅ ကို ဇောက်ထိုး ကျဆင်းသွားပါတယ်။ ထွက်နှုန်းလည်းပဲ တန် ၃၀ လောက် ကျသွားပါတယ်။ အဲဒီ ကာလအတွင်း ၀ပြည်နယ်အစိုးရ မီးရှို့ဖျက်ဆီးလိုက်တဲ့ မူးယစ်ဆေး နဲ့ ပြုပြင်မွမ်းမံရာမှာ သုံးစွဲတဲ့ အထောက်အကူပစ္စည်း တန်ဖိုးပေါင်း ဒေါ်လာ သန်း ၁၂၀ ကျော်ပါတယ်။
ပေါင့်ယိုရှန်က ခိုင်ခိုင်မာမာ ဆိုပါတယ် - မူးယစ်ဆေး တိုက်ဖျက်နှိမ်နင်းရေး လုပ်ငန်းစဉ်ထဲမှာ ၀ပြည်နယ်က မူးယစ်ဆေး တိုက်ဖျက်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပြိုင်တူ ဆောင်ရွက်ဖို့ ချမှတ်ပါတယ်။ ဒါကနေ ပြည်သူတွေရဲ့ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ ကုန်လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကာလအတွင်းမှာ ၀ပြည်နယ်က ရောဘာပင် ဟက်တာ နှစ်သောင်းကျော် အစားထိုး စိုက်ပျိုးနိုင်ခဲ့တယ်။ ဒါ့အပြင် လက်ဘက်ခြောက် စိုက်ခင်းက ဟက်တာ ၃၂၄၀၊ နှစ်ရှည်သီးပင် ဟက်တာ ၂၆၇၃၊ ကြက် ၀က် မွေးမြူရေခြံ၊ စီးကရက် စက်ရုံ၊ ကျောက်မျက်ရတနာ ကုမ္ပဏီတွေကို ပြုပြင်မွမ်းမံ ဆောင်ရွက်ခဲ့တယ်။ အထက်က ပြဆိုခဲ့တဲ့ လုပ်ငန်းဆောင်တာတွေကြောင့် ၀ပြည်နယ် အရပ်သူအရပ်သားတို့ရဲ့ ၀င်ငွေက ပေါ်ပီပင် စိုက်ပျိုးတဲ့ ၀င်ငွေထက် ၃၀ ရာခိုင်နှုန်း တိုးပွားများပြားလာတယ်။ တချိန်တည်းမှာပဲ ၀ပြည်နယ်ရဲ့ ပညာရေးနဲ့ကျန်းမာရေး အနေအထားကလည်း ပိုမို ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ၁၉၈၉ တုန်းက ဆေးရုံ ၄ ရုံ၊ ကျန်းမာရေး အဆောက်အအုံ ၈ ခု၊ ဆေးဝန်ထမ်းပေါင်း ၁၅၀ ပဲ ရှိတယ်။ ကနေ့ ဆေးရုံက ၂၀၊ ဆေးပေးခန်းတွေက ၁၀၆ ခု၊ ကျန်းမာရေးဝန်ထမ်း ၆၀၀ နီးပါး တိုးတက်လာတယ်။ ပညာရေး ကျန်းမာရေးတွေ ပြုပြင်ပြောင်းလဲတဲ့ အခြေအနေကြောင့် ၀ပြည်နယ် ပြည်သူတွေရဲ့ မူးယစ်ဆေး တိုက်ဖျက်နှိမ်နင်းမှု သဘောသကာရ အနှစ်သာရကို တစတစ တိုးပွား သိမြင်လာပါတယ်။
တချိန်တည်းမှာပဲ ပေါင့်ယိုရှန်က ပြောပါတယ် - မျက်မှောက် ၀ပြည်နယ်က မူးယစ်ဆေး တိုက်ဖျက်နှိမ်နင်းရေးမှာ ဟိုးအရင် မူလကအတိုင်း ငွေကြေး မလုံလောက်မှုနဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။ တရုတ်ပြည်နဲ့ ဂျပန်တို့ရဲ့ ကူညီပံ့ပိုးပေးတာက လွဲပြီး ကနေ့အထိ ၀ပြည်နယ်က တခြား ဘယ်နိုင်ငံကမှ အကူအညီ မရရှိသေးပါ။ ဒါ့ကြောင့် သူက အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းတို့က ၀ိုင်းဝန်းကူညီဖို့ ဆော်သြလိုက်ပါတယ်။ ဒါမှသာ ဆောလျင်စွာနဲ့ အပိုင် ဖြေရှင်းလို့ ရတယ် ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်ကြီး ထမြောက် အောင်မြင်မှာဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာက ၀ပြည်နယ်မှာ ပေါ်ပီပင်တွေ ခါတိုင်းနှစ်တွေထက် ၅ ဆ တိုးချဲ့စိုက်ပျိုးတာနဲ့ စပ်လျဉ်းပြီး ပြစ်တင် ဝေဖန်ကြတယ်။ ၀ပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုက လက်နက်အားနဲ့ ရှင်းပစ်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင် ကြုံတွေ့နေရပါတယ်။ ဒါ့အပြင် မြန်မာအစိုးရ ဆီကလည်း ဟိုးအရင်တုန်းက မရှိခဲ့ဖူးတဲ့ လေးလံပြင်းထန်တဲ့ ဖိအားတွေ ကြုံတွေ့နေရတယ်။ နောက်တချက် ကျန်ပါသေးတယ်။ ထိုင်းနိုင်ငံဘက်က မူးယစ်ဆေး တိုက်ဖျက်နှိမ်နင်းရေးရယ် နယ်မြေစိုးမိုးမှု စနစ် စတာတွေကြောင့် လက်နက်ကိုင်တပ်ဖွဲ့ချင်း ထိပ်တိုက်ရင်ဆိုင်တိုးမှုတွေ မကြာခဏ ဖြစ်ပေါ်လာတယ်။ ဒါတွေက ၀ပြည်နယ်သားတွေ ရှေးယခင်က မကြုံစဖူး ကြုံတွေ့နေရတဲ့ ဖိအားတွေ ဖြစ်တယ်။ ဒါတွေက ချုပ်ငြိမ်းတော့မယ့် အရေးတွေ နေ့ရောညပါ ကျီးလန့်စာစား အထိတ်တလန့် ဖြစ်ရတာတွေ အစရှိတဲ့ အနေအထား ခံစားနေရတယ်။ ပန်ခန်းနေ လူသူတွေက သတင်းထောက်ကို တိုးတိုးတိတ်တိတ် ပြောပြပါတယ်။ ဟိုးအရင်က ပန်ခန်း ပတ်လည် အနားက နယ်မြေတွေမှာ ဈေးနေ့တွေ ရောက်လာရင် ဘိန်းရောင်းဝယ်တဲ့ မြင်ကွင်းကို မြင်တွေ့ရပါတယ်။ အခု ဒါတွေကို မမြင်ရတော့ပါဘူး။ ဒီရှုခင်းဟောင်းလေးကို မြင်ချင်တယ် ဆိုရင်တော့ ၀ပြည်နယ် တောင်ပိုင်းဒေသရဲ့ မြို့ရွာကလေးတွေရဲ့ ဈေးနေ့မှာသာ တွေ့နိုင်မြင်နိုင်ပါတယ်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဟီးရိုးအင်း ထုတ်လုပ်မှုက ကနေ့ စုပေါင်းလုပ်ငန်းကြီး ဖြစ်ပါပြီ။ သာမန်လူတွေ လုံးဝကို လုပ်ပိုင်ခွင့် မရှိတော့ပါ။ ဘိန်းစိုက်ပျိုးထုတ်လုပ်တဲ့ ဒေသရဲ့ လမ်းဝမှာ အစောင့်အကြပ် တပ်သားတွေ အထပ်ထပ် ချထားတဲ့ ဂိတ်တွေ ရှိနေပါယ်။ အပြင်လူ လုံးဝ ၀င်လို့ မရပါ။
ဘိန်းစိုက်ပျိုးတာ မြင်တွေ့လိုတဲ့အတွက် သတင်းထောက်တွေက ထိုဒေသသားတွေ ဖွင့်လှစ်တဲ့ ခရီးသွား ကုမ္ပဏီတခုကို ရှာတွေ့ပါတယ်။ ကုမ္ပဏီရဲ့ ခရီးလှည့်လည်ကြည့်ရှုတဲ့ အစီအစဉ်မှာ ဘိန်းပန်းကို ကြည့်ရမယ့် အစီအစဉ်တခုပါ ပါရှိပါတယ်။ ခရီးသွားလမ်းညွှန်လေးရဲ့ ခေါ်ဆောင်မှု နောက်ကို လိုက်ပါသွားရပါတယ်။ သတင်းထောက်တွေဟာ ပန်ခန်းတောင်ရဲ့ နောက်ကျောက တောင်းခပန်းမှာ ရှုခင်းကောင်းတဲ့ တျိုင်လျံတောင် ရွာနံဘေးကို ရောက်သွားတယ်။ သတင်းထောက်က စူးစမ်းတဲ့ အနေနဲ့ တာဝန်ကျသူကို မေးလိုက်တယ် - “ဘိန်းလေး နည်းနည်းပါးပါးလောက် ရနိုင်မလားခင်ဗျာ။ ဘယ်လို အရသာလဲ ဆိုတာ တဖွာ နှစ်ဖွာလောက်တော့ မြည်းစမ်းကြည့်ချင်လို့ပါ” တာဝန်ကျသူက ချီတုံချတုံ ဖြစ်သွားတယ်။ “ဘိန်းလား၊ မရှိပါဘူခင်ဗျ။ အခု တားမြစ်ချက်တွေ ဒါ့လောက် တင်းကျပ်နေတာဗျာ ဘယ့်နှယ်လုပ် စိုက်နိုင်မလဲဗျ” ပါးစပ်ကသာ ပြောတာ ချက်ချင်းပဲ အစားထိုး ပစ္စည်းတခုကို ယူလာပါတယ်။ မဲညစ်ရောင်လိုလို ချောကလက်ရေင်လိုလို ပိတ်စိမ်းပါးတစ။ သူပြောတာက ဒီပိတ်စနဲ့ ဘိန်းရည်စစ်ရပါတယ် တဲ့။ “အပေါ်ပိုင်းမှာ ခြောက်နေတဲ့ ဘိန်း အစအနလေး နည်းနည်းပါးပါး ကပ်ကျန်နေသေးတယ်။ မီးရှို့ပြီး ရေနဲ့ ဆေး - ၊ ရှူရတဲ့ ၀ါးလုံးပြောင်းဆေးတံကြီးနဲ့ တရှိုက်နှစ်ရှိုက်လောက် ဆိုရင် အာနိသင်က သိပ်ပြီး မကွာခြားလှပါဘူးခင်ဗျာ။ ဒါပေမယ့် ခင်ဗျားတို့လို ဟိုလိုအတွေ့အကြုံလေး ဒီအတွေ့အကြုံလေးတွေ လိုချင်ကြတဲ့ တရုတ်တွေ အနေနဲ့ကတော့ အံဝင်ခွင်ကျပါပဲ။ နည်းနည်းလေးတော့ ယစ်တစ်တစ် ရှိပါလိမ့်မယ်။ မူးဝေ ယစ်ထိုင်း ဖြစ်သွားလောက်အောင် မစိုးရိမ်ရပါဘူး”
ပိတ်စိမ်းစ ဇာပုဝါပါးကို ကြည့်လိုက်ရုံနဲ့ ဒါဟာ အသုံးပြုလို့ သိပ်ပြီး ကြာလှသေးတာ မဟုတ်မှန်း အထင်အရှား သိလိုက်ပါတယ်။ အပေါ်ယံကြောမှာ ကပ်တင်နေတဲ့ ဘိန်းပုံဆောင်ခဲလေးတွေက လတ်လတ်ဆတ်ဆတ်လေး ရှိနေတုန်းပါပဲ။
သတင်းထောက် နားလည် သဘောပေါက်ထားတဲ့ ဘိန်းထုတ်လုပ်မှုရဲ့ အစီအစဉ် စီးကြောင်းကနေ ကြည့်လိုက်၇င် ဘိန်းတောင်သူလက်ထဲက ဘိန်းစိမ်းအစေးကို ၀ယ်ယူသိမ်းဆည်းပြီးတဲ့နောက် ဗွေဆော်ဦး အလုပ်က ဘိန်းစိမ်းကို အပူပေးပြီး ပျော်ဝင်စေတယ်။ နောက်ပြီး ပိတ်စိမ်းပါးနဲ့ ဘိန်းထဲက အရောအနှော အမှိုက်သရိုက်တွေကို စစ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ပြီးနောက် ခန်းခြောက်အောင် ထားရပါတယ်။ ဒါဟာ ဘိန်းစိမ်းကနေ ကျက်သွားပါပြီ။ နောက်တဆင့်က ကျက်ပြီးသား ဘိန်းကို ဓာတုဗေဒဆေးဝါးတွေ ရောနှောထည့်လိုက်ပြီး ပြုပြင်မွမ်းမံရပါတယ်။ အဲဒီကနေ အဆင့်တွေခွဲ၊ အမျိုးအစားတွေ ခွဲပြီး စိန်ဝါ၊ ဟီးရိုးအင်း အစရှိတဲ့ မူးယစ်ဆေးဝါးတွေအဖြစ် ပြောင်းလဲသွားပါတယ်။ အဆင့်မြင့် မူးယစ်ဆေးဝါးတွေ ဖြစ်သွားပါပြီ။ ခု တာဝန်ကျသူက ဇာပိတ်စိမ်းပါး ယူလာပြီး ကျနော်တို့ မြည်းစမ်းဖို့ ဆိုပြီး ပြပါတယ်။ တကယ်တော့ ဒါဟာ စောစောလေးကမှ ဘိန်းရည်တွေ အမှိုက်စစ်ထုတ်တဲ့ ဇာပိတ်စိမ်းပါ။ အစောပိုင်းက ကပ်ကြေးနဲ့ ကိုက်ဖြတ် ယူလာတဲ့ အပိုင်းအစလေး ဖြစ်တယ် ဆိုတာ အထင်အရှားပါပဲ။ ဒါတွေက ဘာကို ပြောပြနေသလဲ ဆိုရင် ၎င်းနေရာမှာ ဒီတနှစ် ဘိန်းအများအပြား ရိတ်သိမ်းတာရယ်၊ ဘိန်းစိမ်းကနေ ပထမအဆင့် အကျက်ဖြစ်အောင် ပြုပြင် ချက်လုပ်တဲ့ အလုပ်ကို ဘယ်နေရာမှာမဆို တွေ့နိုင်မြင်နိုင်တယ် ဆိုတာကို ပြောပြနေတာပါပဲ။
၎င်းနေရာကလူက ပြောပါတယ် - “ပန်ခန်းနဲ့ မိုင် ၂၀-၃၀ အကွာက တချို့ မြို့ကလေးတွေ၊ ရွာတွေမှာ ဈေးနေ့ ရောက်တဲ့နေ့ကျမှ ဘိန်းစိန်းတွေ ချရောင်းတာကို တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် ဟိုးအရင်လို မဟုတ်တောပါ။ အခုတော့ အတော်များများက ပုန်းလျှိုးကွယ်လျှိုးတွေ ဖြစ်ကုန်ကြပြီဗျ။ အများစုကတော့ လူသိရှင်ကြား မလုပ်ကြတော့ဘူးလေ” ယင်းနေရာမှာ ဘိန်းဟာ အမြဲတမ်း မြင်ကြရတဲ့ ကုန်စည်ဖလှယ်ဖို့ ဒါမှမဟုတ် ငွေကြေး စီးဆင်းမှု ရုပ်ဝတ္ထုပစ္စည်းတခု ဖြစ်နေပါတယ်။ ယင်းဒေသနေ အတွင်းသိ အစင်းသိတွေက တိုးတိုးလေး ကပ်ပြီး ပြောပြပါတယ်။ ဒီကနေ ၁၀ ကီလိုမီတာလောက် သွားလိုက်ရင် တပ်စခန်း တခုကို တွေ့ရမယ်၊ အဲဒီမှာ ဈေးနေ့တွေ ဆိုရင် ဘိန်းရောင်းချနေတာကို တွေ့ရပါလိမ့်မယ်၊ ဒါပေမယ့် “ဓာတ်ပုံသွားရိုက်လို့တော့ မကောင်းဘူးနော်။ အရိုက်မတော်ရင် ခင်ဗျား အသက်ပါ ပါသွားနိုင်တယ်ဗျ။ ၀တပ်သားတွေက ရိုင်းလည်း ရိုင်းတယ်။ ကြမ်းလည်း ကြမ်းတယ်။ သူတို့က ခင်ဗျားကို အရင်ဦးအောင် ဆော်ထည့်လိုက်မှာ။ သိပ် သတိထားရတာဗျ။ ပြောရရင် ခင်ဗျား ကင်မရာကို ပေးမတွေ့တာ အကောင်းဆုံးပဲ” ဒါပါပဲ။ အဲဒီလူက ထပ် သတိပေးပြန်တယ် - “ဒါဟာ ၀ပြည်နယ်နော်။ ခင်ဗျားတို့ရဲ့ ပြည်တွင်းမှာလို မဟုတ်ဘူး။ ကိုယ့် ပြည်တွင်း(တရုတ်ပြည်)မှာ နေသလိုမျိုး ပေါ့တီးပေါ့ဆ နေလို့ မရဘူးဗျ။ ဘိန်းရာဇာကြီးတွေက လမ်းပေါ်မှာတင် လူသတ်တာခင်ဗျ။ ဒါတွေဟာ ၀ပြည်နယ်မှာ မရှိတာမျိုး မဟုတ်ဘူးနော်။ အဲဒီ သတ္တ၀ါတွေက သူတို့ကိုယ်မှာ အမြဲ သေနတ်ဆောင်ထားတာဗျ။ တရုတ်ပြည်က လူတွေ ဒီမှာ အမြဲပဲ သေကြရတယ်။ သေမှုသေခင်း ဘာတခုမှ မရှင်းမလင်းကြီးပဲဗျ။ တရုတ်ပြည်က လာတဲ့ တရုတ်လူမျိုးတွေ ဆိုရင် ဟောဒီက ရဲတွေက တယ်ပြီး စာရင်းထဲ ထည့်တာ မဟုတ်ဘူးဗျ နော်”
x x x x x
နယ်နိမိတ်ကျော်ပြီး သတင်းစုဆောင်းတဲ့အခါ ၀ပြည်နယ်မှာ မူးယစ်ဆေး တိုက်ဖျက် နှိမ်နင်းရေးအပြင် တခား လန်းဆန်းထူးကဲတဲ့ သိချင်စရာ အကြောင်းတခုကိုပါ ကြားသိလိုက်ရတယ်။
ဟိုး အစောကြီးနှစ်တွေ ဖြစ်တဲ့ သက္ကရာဇ် ၂၂၅ ခုနှစ်တုန်းက ဟူလူ ဘုရင့်နိုင်ငံတော်မှာ ၀ တိုင်းရင်းသား ခနာ့ မန်ကျွိုင် အုပ်စု နဲ့ တောင်ပိုင်းစစ်ချီတဲ့ စူဟန့်နန်းရင်းဝန် ကြူးကို့လျန့် တို့ မဟာမိတ် ဖွဲ့လိုက်ကြတယ်။ သူတို့ နှစ်ဦးသား နယ်ခြားစခန်းမှာ အတူတူ စောင့်ကြပ်ကြမယ် တဦးနဲ့တဦး မဆန့်ကျင် မတိုက်ခိုက်စတမ်း ကိုယ့်အပိုင်နဲ့ကိုယ် အေးအေးချမ်းချမ်း နေထိုင်ကြပါတယ်။ စုဟန့်မင်းဆက်ကလည်း ခနာ့ မန်ကျွိုင် လူမျိုးကို ၀ လူမျိုးအဖြစ် ထီးမွေနန်းဆက် ဆက်ခံခွင့်ကို အသိအမှတ်ပြု နေထိုင်ခဲ့တယ်။ ဒါ့အပြင် ကတိသစ္စာပါ ခံထားကြတယ် တကယ်လို့များ ခနာ့ မန်ကျွိုင် လူမျိုးစုရဲ့ ဟူလူ (ဗူး) ဘုရင်ကို ပြင်ပက ရန်သတ္တုပြုလာရင် မဟာမိတ် စူဟန်မင်းဆက် နန်းတော်ကနေပြီး စစ်ကူပေးဖို့ တာဝန်ယူရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်က အစပြုပြီး နောက်ပိုင်း သက္ကရာဇ် ၁၇၀၀ ပြည့်နှစ်မှာ ခနာ့ မန်ကျွိုင် မိသားစု ထီးမွေနန်းမွေ ဆက်ခံတဲ့ ၀ ဘုရင် အရိုက်အရာ တရုတ်သမိုင်း အစဉ်အဆက် မင်းတွေက ကာကွယ် စောင့်ရှောက်ထားပါတယ်။ ဒါနဲ့ ၀လူမျိုးတွေက တရုတ်ပြည်ကြီးအပေါ် တလျှောက်လုံး ကတိသစ္စာ တည်ခဲ့ကြတယ်။
၁၈၈၆ ခုနှစ် ဗြိတိသျှတို့ မြန်မာတနိုင်ငံလုံးကို ကျူးကျော် သိမ်းပိုက်လိုက်တယ်။ ၎င်းနောက် တရုတ်မြန်မာနယ်စပ် ခ၀ တောင်ကို မျက်စောင်းထိုးတယ်။ ထိုစဉ်တုန်းက ၅၉ ဆက်မြောက် ၀ ဘုရင် နာမည်က ဟူယွိစန်း ခေါ်ပါတယ်။ သူ့ရဲ့ လက်အောက်မှာ ၀လူမျိုးစု ၁၈ အုပ်စု ရှိကြတယ်။ ဗြိတိသျှတို့က ရှေးဦးဆုံး ဘုရင် ဟူယွိစန်းကို သူတို့ရဲ့ လက်အောက်ခံ ဖြစ်စေချင်တယ်။ ဘုရင် ဟူယွိစန်းရဲ့ အညံ့မခံမှုကြောင့် ဗြိတိသျှတို့က တပ်အင်အား ၂၀၀၀ စေလွှတ်ပြီး ခ၀ တောင်ကို အတင်း ထိုးနှက်လေတယ်။ ဒါ့အပြင် အတင်းအကျပ်ပဲ ထိုတုန်းက ၀ တို့ရဲ့ နန်းစိုက်ရာ ဖြစ်တဲ့ ပန်ဟုန်ကို တိုက်တယ်။ လက်နက် အသာစီး အားကိုးနဲ့ အတင်းဝင် အတင်းသိမ်း လုပ်ကြတဲ့ ဗြိတိသျှတွေက ၀အုပ်စု ၁၈ စုထဲက ယုံပန်၊ မှန်ရှန်း နှစ်စုကို သိမ်းပိုက်လိုက်တယ်။ ၀ ခေါင်းဆောင် ဟူယွိစန်းက ကျန်ရှိတဲ့ ၁၆ စုက လူတွေကို ခေါင်းဆောင်ပြီး ဗြိတိသျှတို့ရယ် ၎င်းတို့လက်ပါးစေ ၀ သစ္စာဖောက်တို့နဲ့ သွေးချောင်းစီး တိုက်ပွဲကြီး တိုက်ကြတယ်။ နောက်ဆုံး ကျူးကျော်သူတို့ကို အနိုင်တိုက်နိုင်ခဲ့တယ်။ ဘိုးစဉ်ဘောင်ဆက် အဆက်ဆက်ရဲ့ ရေမြေတောတောင်ကို အကာအကွယ် ပေးနိုင်လေတယ်။ ၀တို့ရဲ့ တရုတ်ပြည်ဘက်မှာ ရှိနေတဲ့ ပိုင်နက် နယ်မြေတွေကိုပါ ထိန်းသိမ်းထားနိုင်လေတယ်။ ရဲစွမ်းသတ္တိရှိတဲ့ ဟူယွိစန်းဟာ တိုက်ပွဲမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားတယ်။ အောင်ပွဲခံပြီးတဲ့ ဒုတိယနှစ်မှာပဲ ရောဂါဘယနဲ့ ကွယ်လွန်သွားပါတယ်။
ဟူယွိစန်းရဲ့ သား ဟူကျန်းဟန့်က ၆၀ ဆက်မြောက် ၀နိုင်ငံ ဘုရင်အဖြစ် တာဝန်ယူတယ်။ ဟူကျန်းဟန့် ဘုရင်ဖြစ်ပြီးတဲ့ ၆ နှစ်မြောက် ၁၉၄၀ ခုနှစ်မှာ ကျူးကျော်ရေးသမား ဖက်ဆစ်ဂျပန်တို့ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းကနေပြီး တရုတ်ပြည်ကို ထိုးစစ်ဆင်တယ်။ နန်းစိုက်ထားတဲ့ ပန်ဟုန်ကိုပါ တိုက်တာပေါ့။ ၀ ဘုရင် ဟူကျန်းဟန့် သူ့ဖခင်သွေးနဲ့ ၀တွေကို ဦးဆောင်ပြီး ဂျပန်တပ်နဲ့ အကြိတ်အနယ် တိုက်ကြလေတယ်။ နှစ်ဘက် သွေးချောင်းစီးတိုက်ပွဲ ၃ နှစ် ကြာပါတယ်။ နောက်ဆုံးမှာ ဂျပန်တွေ ပန်ဟုန်ကို တလက်မလေးတောင် မရလိုက်ပါ။
၁၉၄၃။ ၀ဘုရင် ဟူကျုန်းဟန့် ဂျပန်နဲ့ တိုက်တဲ့ပွဲမှာ ဒဏ်ရာ ရတာရယ်၊ အပင်ပန်း ခံလွန်းတာနဲ့ ရောဂါကြောင့် ကွယ်လွန်တယ်။ အဲဒီအချိန်တုန်းက သူ့ရဲ့သား ကလေးငယ်လေးသာ ရှိသေးတာ ဖြစ်တယ်။ ဒီတော့ ညီဖြစ်တဲ့ ဟူကျုန်းဟွာက ၀တို့ရဲ့ ၆၁ ဆက်မြောက် ဘုရင် ဖြစ်လာတယ်။ ဟူဘုရင့်မိသားစုတို့က ၁၇၀၀ ပြည့်နှစ် မတိုင်ခင်ကတည်းက ကတိသစ္စာ ဆိုထားတာ ရှိပါတယ်။ ကမ္ဘာတည်သရွေ့ ကာလပတ်လုံး ကျုံဟွာဟန့် တရုတ်တို့နဲ့ ဥမကွဲ သိုက်မပျက် တစည်းတလုံးတည်း ရှိနေပါ့မယ်။ အရိုးထဲကနေပြီး မိမိရဲ့ မျိုးရိုးစဉ်ဆက်က တရုတ်လူမျိုးတွေသာ ဖြစ်တယ်။ ဒါကြောင့်လည်း ဖခင် ဟူယွိစန်းက သူ့သားတွေကို နာမည်ပေးတာမှာ “ကျုန်းဟွာ၊ ကျုန်းဟန့်” ဆိုတာတွေကို ကြည့်ရင် သိနိုင်ပါတယ်။
(မြန်မာပြန်ဆိုသူ၏ ရှင်းလင်းချက် - ကျုန်း ရဲ့ အဓိပ္ပာယ်က သစ္စာရှိခြင်း၊ သစ္စာထားခြင်း၊ သစ္စာစောင့်သိခြင်း။ ဟွာ က တင့်တယ်ခြင်း၊ အဆီအနှစ်၊ အညွန့်အဖူး၊ တရုတ်။ ဟန့်-ဟန်က BC ၂၀၆ မှ AD ၂၂၀ နှစ်အထိ မင်းဆက် ရှည်လျားတဲ့ ဟန်မင်းဆက်ခတ် ဖြစ်တယ်။ ဟန်မင်းဆက်ခေတ် တရုတ်ပြည်မှာ အင်မတန် စည်ပင် သာယာ ၀ပြောတယ်။ ဒါကို အကြောင်းပြုပြီး တရုတ်တို့က သူတို့ကိုယ်သူတို့ ဟန်လူမျိုး ဟွာတရုတ် ဆိုပြီး ခေါ်ကြတာပါ။ ဒါကြောင့် ဟွာ=တရုတ်၊ ဟန့်(ဟန်)=တရုတ် ဖြစ်တယ်။ ဟန်မင်းဆက်ခေတ်လိုပဲ ထန်မင်းဆက်ခေတ်လည်းပဲ ရှိသေးတယ်။ ထန်မင်းဆက်ခေတ်က ခရစ်သက္ကရာဇ် ၆၁၈-၉၀၇ အထိ ဖြစ်တယ်။ မြန်မာတို့ရဲ့ ပျူခေတ်နဲ့ ခေတ်ပြိုင်ပါ။ တရုတ်မြန်မာ တရင်းတနှီး ဆက်ဆံမှု အရှိဆုံး ခေတ်တခေတ်လည်း ဖြစ်ပါတယ်။ ထန်ခေတ်မှာ စက္ကူ၊ ပုံနှိပ်၊ သံလိုက်အိမ်မြောင် တီထွင်မှုတွေ ပြုခဲ့တယ်။ ကြွေထည်ပစ္စည်းတွေ ထွန်းကားတယ်။ ဗုဒ္ဓဘာသာ ထွန်းကားမှု ပြုလာတယ်။ စွန်းဝူခုန်း မျောက်ကားက ဘုန်းတော်ကြီး အနောက် မဇ္ဈိမဆီ ပိဋကတ် သုံးပုံ သွားရောက် ပင့်ဆောင်ခြင်း သမိုင်း ၀တ္ထုကြောင်းက ထန်မင်းဆက်ခေတ်ကို နောက်ခံပြုထားတာပါ။ ဒါကြောင့် ထန်မင်းဆက်ခေတ်ကလည်း ဟန်မင်းဆက် ခေတ်လိုပဲ တရုတ်ပြည်ဟာ ဒီတုန်းက အင်မတန် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ပါတယ်။ ဒါကြောင့် ထန်=တရုတ် ရယ်လို့ ဖြစ်လာပါတယ်။ နောက် - ကျုံး ဆိုတာ အလယ်၊ အတွင်း၊ အထဲ၊ ကြား ဆိုတဲ့ အဓိပ္ပာယ်ပါ။ ကို က တိုင်းပြည်၊ ပြည်၊ နိုင်ငံ၊ တိုင်းနိုင်ငံပါ။ လူမျိုးတိုင်းက ကိုယ့်လူမျိုးကို အမွမ်းတင် စကား ဆိုလေ့ရှိကြပါတယ်။ တရုတ်တို့လည်းပဲ သူတို့ရဲ့လူမျိုးဟာ ကမ္ဘာလောကသားတွေထဲမှာ အစွမ်းဆုံး အထက်ဆုံး အတော်ဆုံး အကောင်းဆုံးလို့ လူမျိုးတိုင်းရဲ့ သဘောဆန္ဒအတိုင်း ရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ ဗဟိုစံထားရမယ့်နိုင်ငံ ဆိုတဲ့ “ကျုံးကို” လို့ ကိုယ့်နိုင်ငံကို ခေါ်တွင်လာပါတယ်။ ဒါတွေကို ခြုံလိုက်ရင် တရုတ်=ဟွာ၊ ဟန်(ဟန့်)=ထန် တို့ ဖြစ်ပါတယ်ခင်ဗျာ။)
ဒါကြောင့် မြန်မာနိုင်ငံကို ကျူးကျော်နယ်ချဲ့တဲ့ အင်္ဂလိပ်တို့က တရုတ်ပြည်ကို မြန်မာနိုင်ငံ မြောက်ပိုင်းကနေ ကျူးကျော် ၀င်ရောက်ဖို့ အစဦးဆုံး ၀ ဘုရင့် နေပြည်တော် ပန်ဟုန်ကို တိုက်ရပါတယ်။ ၀ ဘုရင် ဟူယွိစန်းက ရွတ်ရွတ်ချွန်ချွန် ခုခံ တိုက်ခိုက်တယ်။ အင်္ဂလိပ်တို့ နောက်ဆုံး လက်လျှော့ပြီး ပြန်ဆုတ်တယ်။ နောက်တနှစ် ဟူယွိစန်း သေသွားတယ်။ သူ့သား ၂ယောက်ကို ဟူကျုန်းဟွာ၊ ဟူကျုန်းဟန့် လို့ အမည်ပေးခဲ့တယ်။ သားကြီး ဟူကျုန်းဟန် ဘုရင် တက်လုပ်တယ်။ သူ့ခေတ်မှာ ဂျပန်တွေကလည်း မြန်မာပြည်မြောက်ဘက်စွန်းကနေ တရုတ်ပြည်ထဲ ၀င်တိုက်တယ်။ ဟူကျုန်းဟန့် ခုခံ တိုက်ခိုက်တယ်။ ဂျပန်တွေ အထမမြောက်တော့ဘဲ ပြန်ဆုတ်တယ်။ ဟူကျုန်းဟန့်လည်း သေတော့ ဟူကျုန်းဟွာက ရင်ခွင်ပိုက် အုပ်ချုပ်တဲ့ ဘုရင် အဖြစ် တက်လာပါတယ်။
၁၉၅၂ ခုနှစ်။ ကူမင်တန် တပ်မှူး လီမိ အသစ်က တက်လာတဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရကို ၀ပြည်သားတို့တော်လှန်ဖို့ “အထူးတာဝန်ခံ” ကို စေလွှတ်လိုက်တယ်။ ၀ တိုင်းရင်းသားရင်ခွင်ပိုက် ဘုရင် ဟူကျုံးဟွာကိုယ်တိုင် “အထူးတာဝန်ခံ” စေတမန် ကို ကိုယ်တိုင်ပဲ သတ်ပစ်လိုက်တယ်။ ဒါ့အပြင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကို မြို့တော် ပန်ဟုန်မှာ အခြေစိုက် တပ်ချထားဖို့ ကြိုဆိုလေတယ်။
၁၉၅၅ ခုနှစ်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က တရုတ်မြန်မာ နယ်စပ်တလျှောက်မှာ ကူမင်တန် တပ်ကြွင်းတပ်ကျန် လီမိတပ်နဲ့ တိုက်ကြ ခိုက်ကြတန်းက တရုတ်လွတ်မြောက်ရေးတပ် ကင်းထောက်တပ်ဖွဲ့ တပ်စုမှူးလေး ဟွမ်ယွင့်စူး နဲ့ ရှေ့က ၀ဘုရင် ဟူရဲ့ တဦးတည်းသော သမီး (ယူနန်တိုင်းရင်းသားကောလိပ် ကျောင်းပြီးခါစ) ဟူကွေ့မိန် သက်ဝင် ချစ်ကြိုး ငင်ကြလေတယ်။ ကွယ်လွန်သူ ၀ ဘုရင် ဟူကျုန်းဟန့်ရဲ့သမီး ဟူကွေ့မိန်ဟာ ထိုစဉ်တုန်းက ချန်းယွမ်ခရိုင် ကော်မတီ တိုင်းရင်းသား ဌာနမှာ တာဝန်ထမ်းဆောင်ပါတယ်။ နှစ်ဦးသား ကိုယ့်လုပ်ငန်းတာဝန် မပျက်မကွက် ထမ်းဆောင်ကြပါတယ်။ ယွမ်ခရိုင် အစိုးရက သူတို့နှစ်ဦးရဲ့ လက်ထပ်ခွင့် တောင်းခံချက်ကို သဘောတူလိုက်တယ်။ ဒါပေမယ့် ၀တိုင်းရင်းသားတို့ရဲ့ ဓလေ့အတိုင်း ဘုရင့်သမီးတော် ဟူကွေ့မိန်ဟာ နို့စို့စ ပုခက်တွင်းကာလ ပူတူတူးလေး အရွယ်မှာကတည်းက တခြား ၀ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်ကြီးရဲ့ အရွယ်မရောက်သေးတဲ့ သားနဲ့ နောင်တချိန်မှာ ထိမ်းမြားလက်ထပ်ပေးဖို့ စေ့စပ်ကြောင်းလမ်းထားတာ ရှိနေပြန်ပါသေးတယ်။ ချစ်သူ နှစ်ဦးမှာ အပူမီး တောက်လောင်လို့ နေချေပြီကော။
ဝသမီးပျိုရဲ့ ဘုရင့် တော်ဝင် အမျိုးအနွယ်က တခက်။ ဒါက မိန်းကလေးဘက်က အခက်။ ဟော - ဒီဘက် ယောက်ျားလေးဘက်ကကော တဲ့။ သူလည်းပဲ သူ့အခက်နဲ့သူ။
ထိုတုန်းက စစ်တပ်မှာက တင်းကြပ်တဲ့ စစ်စည်းကမ်းက ရှိနေတယ်လေ။ အရာရှိ အရာခံ ဆိုတဲ့သူဟာ သူဌေးသူကြွယ် လယ်သမားရဲ့ အဆင့်ထက် မြင့်တဲ့ လူတန်းစား အလွှာကို လက်ထပ်ပိုင်ခွင့် မရှိရ တဲ့။ ကဲ - ဟိုဘက်ကခက်သလို ဒီဘက်ကလည်း ခက်တာ ရှိနေပြန်ပြီ။ ဟူကွေ့မိန်က ပဒေသရာဇ် အရှင်သခင် တော်ဝင် ဘုရင့်မျိုးနွယ် အရင်းခေါက်ခေါက်ကြီးလေ။ ဒါကြောင့် အသည်းချင်းအပ် ရင်ချင်းအပ်ပြီး ချစ်ကြတဲ့သူနှစ်ဦး နှစ်ကိုယ်တူ ပေါင်းဖော်ဖို့ကို နှစ်ဦးအတူ ပူးတွဲပြီး တရားဝင် တောင်းဆိုလိုက်တယ်။ စစ်တပ်ဘက် ခေါင်းဆောင်ပိုင်းရော၊ ရင်ခွင်ပိုက်ဘုရင် ဖြစ်တဲ့ ဘကြီးတော် ဟူကျုန်းဟွာ ဘုရင်မင်းမြတ်တို့ရဲ့ တပြိုင်နက် ကန့်ကွက်ချက်နဲ့ ရင်ဆိုင် ကြုံတွေ့ကြရလေပြီ။ ယာယီ ရင်ခွင်ပိုက် ဘုရင် ဟူကျုန်းဟွာက တူမတော် ဟူကွေ့မိန် သူတို့ ၀တောင်တန်းကို ခွဲခွာပြီး တရုတ်ပြည်သူ့ တပ်မတော် လွတ်မြောက်ရေး တပ်ဖွဲ့ရဲ့ လုပ်ငန်းတွေကို စလုပ်ပေးကတည်းက တယ်ပြီး နှစ်မြို့လှတာ မဟုတ်ဘူး။ ခုဟာက အရင်က လုပ်ကိုင်ပေးတာထက် ပိုပြီး မနှစ်မြို့နိုင်တဲ့ လက်ထပ်ရေး အိမ်ထောင်ရေး မျိုးဆက်အရေးနဲ့လည်း ဆိုင်လာတယ်။ ရှေးထုံးစဉ်လာနဲ့ လားလားမှ မကိုက်ညီတဲ့အတွက် ဟိုဘက်အခက် ဒီဘက်အခက်တွေ စုံလင်နေတဲ့ သပွတ်အူ။ ရှေ့ဆက် ဘယ်လိုတွေများ ဖြစ်ချေမလဲ။
နောက်ပိုင်းရဲ့ ရှေ့တိုးဖြစ်လာချက်တွေက ဇာတ်လမ်း အတော့်ကို ဆန်လာတယ်။ တပ်မှူးလေး ဟွမ်ယွင့်စူးက အသနားခံစာ တစောင်ပြီးတစောင် တင်တယ်။ အခြေအနေကို အစီရင်ခံတယ်။ သူတို့နှစ်ဦး အတူပေါင်းရေးအတွက် အထက်ပါတီ အဖွဲ့အစည်းကို လျှောက်လွှာတွေ တစောင်ပြီး တစောင် တင်တယ်။ ဒါပေမယ့် အခက်အခဲတွေက ရှိမြဲ။ တင်လိုက်တဲ့ လျှောက်လဲချက်တွေထဲမှာ ၀န်ကြီးချုပ် ချူအင်လိုင်းဆီကို တင်တဲ့စာလည်း ပါတယ်။ အချစ်စိတ်တွေ မွန်လွန်းပြီး ခေါင်းဆောင်ကြီး ချူအင်လိုင်းဆီ တင်လိုက်တဲ့ စာဟာ ချစ်သူနှစ်ဦးရဲ့ ဘ၀ ကံကြမ္မာကို ပြောင်းလဲပစ်လိုက်ချေပြီ။ ချူအင်လိုင်းက တပ်စုမှူးလေးရဲ့ အသနားခံ တင်ပြချက်ကို သဘောတူ ခွင့်ပြုလိုက်ပါတယ်။
၁၉၅၆ နှစ်ကုန်ပိုင်းကို ရောက်လာတယ်။ အဲဒီတုန်းက ကာကွယ်ရေး ဦးစီးချုပ် မာရှယ် ဖုန်တက်ဝှိုင် ကိုယ်တိုင် လက်မှတ်ထိုး ခွင့်ပြုလိုက်တယ်။ စစ်မှန်တဲ့ ချစ်မေတ္တာရှင်တွေ ဘ၀ကြင်ဖော်အဖြစ် ပေါင်းသင်းသွားကြလေပြီ။ ၁၉၅၇ မှာ ဟွမ်ယွင့်စူး နဲ့ ဟူကွေ့မိန်တို့မှာ ဟွမ်ဝေ့မိန် ဆိုတဲ့ သားလေးတယောက် ဖွားမြင်ပါတယ်။ စာရေးသူ (သတင်းထောက်)က ဟူကွေ့မိန်ဆီ ဂါရ၀ပြု အလည်သွားတဲ့အခါမှာ ယခင် ၀ မျိုးနွယ်စု ဘုရင့်သမီးတော်လေး ဖြစ်ခဲ့သူက လွန်ခဲ့တဲ့ ၄၇ နှစ်တုန်းက အချိန်ကို လွမ်းဆွတ် တသပြီး သက်ပြင်းရှည်ကြီးတခု ချလိုက်ရင်း စာရေးသူကို ပြောပြပါတယ်။ “အဲ - ဟိုတုန်းက လောင်ဟွမ်နဲ့ သမီးရည်းစား ဖြစ်ရတာလေ ခက်တာမှ တကယ့်ကို ခက်လိုက်တာ သူငယ်တို့ရယ်”
၁၉၆၀ တရုတ်မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းမပိုင်းခြားခင်တုန်းက ကနေ့ မြန်မာနိုင်ငံ ၀ပြည်နယ် နယ်မြေဒေသက တရုတ်ပြည်နယ်ရဲ့ ပိုင်နက်နယ်မြေထဲမှာ ကျရောက်နေပါတယ်။ အခု ၀ပြည်နယ် ညွန့်ပေါင်းပါတီ အထွေထွေ အတွင်းရေးမှူး ကျောက်နီလိုင်ဟာ အဲဒီတုန်းက ဆိုရင် တရုတ်ပြည် ချန်းယွမ်ခရိုင် ကုန်ထုတ်လုပ်ရေး ဌာနတခုက စာရင်းကိုင်လေးပဲ ဖြစ်ပါတယ်။ အခု ၀ပြည်နယ် ညွန့်ပေါင်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ပေါင့်ယို့ရှန်လည်း ဟိုးတုန်းက ၀ တိုင်းရင်းသား ၁၈ အုပ်စုထဲက တစုဖြစ်တဲ့ အုပ်စုခေါင်းဆောင်ရဲ့ သားတယောက်ဖြစ်ပါတယ်။
၁၉၆၀ မှာ တရုတ်မြန်မာ နယ်မြေ ပိုင်းခြားပြီးစီးသွားတဲ့နောက် နဂိုမူလက ၀ တိုင်းရင်းသားတွေ နေထိုင်ခဲ့တဲ့ ဒေသက အစိတ်အပိုင်း တပိုင်းဟာ မြန်မာ့ပိုင်နက်ထဲဆီ သွတ်သွင်းလိုက်ပါတယ်။ (ဆွဲထုတ်သွားတဲ့ နဂိုမူလ ၀ ဘုရင် နန်းစိုက်တဲ့ ပန်းဟုန် အခု မြန်မာနိုင်ငံ ၀ပြည်နယ်ရဲ့ မုန်းမောက် ခရိုင်၊ နန်တိတ် အထူးဒေသ ဖြစ်သွားပါတယ်) ဒါပေမယ့် အဲဒီအချိန်က အစပြုပြီး ၀ပြည်နယ် နယ်မြေဒေသက တလျှောက်လုံး တိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ရေး အနေအထားမှာ ရောက်ရှိနေပါပြီ။ ဒီနောက်ပိုင်းမှာ ဗကပ ရဲ့ အချိန်ကို ရောက်လာပြန်တယ်။ အဲဒီအချိန်မှာ မြန်မာအစိုးရက ဒီနေရာကို လုံးဝ စိုးမိုးလို့ မရပါ။ ဗကပ ပြိုကွဲ ပျက်သုဉ်းသွားပြီးတဲ့နောက် ၀ပြည်နယ်မှာ တလျှောက်လုံး တပ်အင်အား သောင်းပေါင်း အသင့်အတင့် ပိုင်ဆိုင်ပါတယ်။ မူးယစ်ဆေးနဲ့ တပ်အင်အားကို ကျွေးမွေးတယ်။ တချို့ အစိတ်အပိုင်းကို ပိုင်းခြားပေးလိုက်တယ်။ တသီးတခြား ၀ပြည်နယ်ကြီး ဘုရင့်နိုင်ငံတော်ကြီး တည်ထောင်လိုတဲ့ ဆန္ဒရှိတယ်။ နောက်ပိုင်း မြန်မာနိုင်ငံနဲ့ ခွဲထွက်ပြီး သီးခြား လွတ်လပ်တဲ့ နိုင်ငံအဖြစ် တည်ထောင်လိုတဲ့ တောင်းဆိုချက်ကို အပေါ်ယံကြော အနေနဲ့ စွန့်လွှတ်လိုက်သလိုမျိုး ရှိနေပါတယ်။
မြန်မာအစိုးရက ၀ပြည်နယ်ကို မြန်မာနိုင်ငံရဲ့ အမှတ် ၂ အထူးဒေသ အုပ်ချုပ်ရေးဒေသရယ်လို့ အသိအမှတ် ပြုထားတယ်။ ဒါတွေက အဆင့်မြင်မားတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အာဏာကို ရယူလိုက်ပြီး ကျောက်နီလိုင် နဲ့ ပေါင့်ယို့ရှန်တို့ ခေါင်းဆောင် နှစ်ယောက်ကို ဒေသ အုပ်ချုပ်ရေး အထူး အမှုဆောင် နဲ့ ရဲတပ်ဖွဲ့ ဦးစီးမှူး ရာထူးတွေကို ပေးအပ်ထားပါတယ်။ ဘယ်လိုပင် ဘာတွေပဲ ပေးအပ်နှင်းပေမယ့် ၀ပြည်နယ်ဟာ ၀ပြည်နယ်ကြီး ပေါ်ပေါက်ဖို့အရေးကိုတော့ ဘယ်တော့မှ လက်အလွှတ်ခံမှာ မဟုတ်ချေ။
၁၉၉၃ သြဂုတ်လ။ ချွန်ယွမ်ခရိုင် ပြည်သူ့ လုံခြုံရေး ဌာန ဌာနမှူး ဟွမ်ဝေ့မိန်ဟာ အထူး ဖိတ်ကြားချက်အရ ၀ပြည်နယ် အထူးဒေသ ဖွဲ့စည်းတည်ဆောက်တဲ့ အခမ်းအနားကြီးကို တက်ရောက်လာပါတယ်။ ၀ပြည်နယ် အထူးဒေသ အုပ်ချုပ်ရေးနယ်မြေ ဒေသ တည်ထောင်ပြီးတဲ့နောက် ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ဗျူရို၊ မြန်မာနိုင်ငံ အစိုးရ၊ တရုတ်အစိုးရတို့ရဲ့ ပံ့ပိုး ကူညီမှုတွေကြောင့် ၀ပြည်နယ် မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို စတင် ဆောင်ရွက်နိုင်ပြီးဖြစ်တယ်။ တရုတ်ပြည်ကလည်း မူးယစ်ဆေး တိုက်ဖျက်နှိမ်နင်းရေးအတွက် အစားထိုး သီးနှံ စိုက်ပျိုးရေးမှာ အင်တိုက် အားတိုက် ကူညီဆောင်ရွက်နေပါတယ်။
စာရေးသူ (သတင်းထောက်) တလမ်းလုံး မေးမြန်း ရှာဖွေပါတယ်။ နောက်ဆုံး ရှာတွေ့ပြီး ဟွမ်ဝေ့မိန်နဲ့ တွေ့ဆုံစကားပြောခွင့်တော် ရပါတယ်။ ဟွမ်ဝေ့မိန် တရုတ်ကွန်မြူနစ်ပါတီဝင် ဖြစ်သွားပါတယ်။ ၁၉၉၀ မှာ အသက် ၃၃ နှစ် ပြည့်တော့ ချန်းယွမ်ခရိုင် ပြည်သူ့လုံခြုံရေး ဌာနရဲ့ ဌာနမှူး တာဝန် ထမ်းဆောင်နေပါတယ်။ လိန်ချန်းဒေသ ပြည်သူ့လုံခြုံရေး ဌာန မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ဌာနခွဲ ကော်မတီဝင်အဖြစ် ထမ်းဆောင်ပါတယ်။ အခုတော့ လိန်ချန်း ပြည်သူ့လုံခြုံရေး ဌာနရဲ့ ကြီးကြပ် စစ်ဆေးရေး ဌာနမှူး တာဝန်ကို ယူထာပါတယ်။ တရုတ်ပြည်ရဲ့ ပြည်သူလုံခြုံရေး ဌာနမှူးက ၀ လူမျိုးတွေရဲ့ စိတ်ဝမ်း နှလုံးသားထဲမှာ သူတို့ရဲ့ ဘုရင်မျိုးနွယ်ရယ်လို့ သဘောထားကြပါတယ်။ ဘာကြောင့်ဆို ပန်ဟုန် ၀ ဘုရင့် နိုင်ငံတော်ကြီးဟာ လိန်ချန်းဒေသနဲ့ ၀ပြည်နယ် ညွန့်ပေါင်းအစိုးရရဲ့ မုန်းမောက်ခရိုင်၊ နန်းတိန်း အထူးဒေသ တလျှောက်တို့ဟာ အခုဆို နယ်နိမိတ် အပြင်ဘက်က အသက်အရွယ်ကြီးတဲ့ ၀လူမျိုးတွေက ဟွမ်ဝေ့မိန်ကို တွေ့မြင်လိုက်တယ် ဆိုရင်ပဲ ချက်ချင်း မြေပြင်ပေါ် ၀ပ်ချလိုက်ပြီး အရှင်သခင်ကို အရိုအသေ ပေးသလိုမျိုး ရိုကျိုးဝပ်တွကြလေတယ်။ တရုတ်ကွန်မြူနစ်ပါတီဝင် ဖြစ်နေတဲ့ ဟွမ်ဝေ့မိန်ခမြာ သူကြောက်ရွံ့သလို အရိုအသေ ပေးခံရတာမျိုးကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရလေပြီ။
ဟွမ်ဝေ့မိန် တာဝန်ယူနေတဲ့ လိန်ချန်းခရိုင် နယ်နိမိတ် အတွင်းမှာ မူးယစ်ဆေး ကုန်ပစ္စည်းတွေက ဗုန်းပေါလအော ဗွက်ပေါက်နေပြီး ဖြစ်ပါတယ်။ လိန်ချန်းက မူးယစ်ဆေး နယ်နိမိတ် ဖြတ်သန်းမှု အကြီးထွားဆုံး နေရာ ဖြစ်နှင့်နေပြီးဖြစ်တယ်။ မူးယစ်ဆေး ရင်းမြစ်နဲ့က ရေမြေ တောတောင်က တသားတည်း ဆက်စပ်လို့ နေကြလေတယ်။ သူက နယ်ခြားဒေသ ဆင်းရဲမွဲတေတဲ့ ခရိုင်တွေက ၀င်ငွေ ထွက်ငွေ မမျှတတဲ့ မူးယစ်ဆေး တိုက်ဖျက်နှိမ်နင်းရေး အသုံးစရိတ်တွေ၊ လူအင်အား၊ ပစ္စည်းအင်အားကို - - နေလို့က လုံးဝ ပိတ်ဆို့နိုင်မှာ မဟုတ်တာကို သူ တွေးမိတယ်။ ဒိထက် ပိုကောင်းတဲ့ နည်း ရှိများ ရှိမလား ဆိုတာကို သူ အလေးအနက် တွေးပါတယ်။ ဟွမ်ဝေ့မိန်- - -လိုက်တယ်။ ၀ပြည်နယ် ထိပ်တန်း ခေါင်းဆောင်ပိုင်းတွေထဲက အရေအတွက် တ၀က်ကျော်လောက်က ချန်ယွမ်သားတွေ ဖြစ်တယ်။ ဥပမာ ထောက်ပြရရင် ထိပ်ဆုံးတန်းက ၀ပြည်နယ် ညွန့်ပေါင်း ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ကျောက်နီလိုင်၊ ဒု အတွင်းရေးမှူး ရှောင်းမိန်လျန့်၊ - - အစရှိတဲ့ သူတွေပါပဲ။ ဟွမ်ဝေ့မိန်ဟာ မိမိရဲ့ အသွင်ထူးခြားတဲ့ ဘုရင့် မျိုးတော် အဖြစ်နဲ့ နယ်နိမိတ်ကို အကြိမ်ကြိမ် ဖြတ်ကျော်ပြီး ၀ပြည်နယ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပါတယ်။ ရှေးဦးဆုံး “ရန်သူ”(မူးယစ်ဆေး) ကို နိုင်ငံတံတိုင်း အပြင်ဘက်မှာ ရှိနေခိုက်မှာပဲ ထိန်းချုပ်တားထားရမယ်။ ပြီး နောက်တဆင့်မှာ - - - ပေါ် မူတည်ပြီး ရှေ့တိုး ဆောင်ရွက်မယ်။ ဒီနည်းနဲ့ မူးယစ် ရင်းမြစ်ကို အမြစ်က လှန်ပစ်ကြရမယ်လို့ တွေးထားပါတယ်။
နှစ်ကာလပေါင်း များစွာ ၀ထိပ်တန်းခေါင်းဆောင်တွေနဲ့ ကူးလူး ဆက်ဆံ ဆောင်ရွက်ရာကနေ ဟွမ်ဝေ့မိန်ဟာ အတွေ့အကြုံ တရပ်ကို သုံးသပ်လို့ ရလိုက်ပါတယ်။ နိဂုံးချုပ် သုံးသပ်ချက်ကတော့ “နည်းနည်းနဲ့ ကျဲကဲဝိုင်း၊ ဖိ-နှိပ် နှိပ်ကွပ်၊ ပူးတွဲ လုပ်ဆောင်။ ဖိ-နှိပ် နှိပ်ကွပ်၊ အကြောင်းပြု + တိုးမြှင့် ပြောင်းလဲမှု ပြု”
တနှစ်တာ ကာလအတွင်းမှာ သူ အကြိမ်ပေါင်း များစွာ နယ်နိမိတ် အပြင်ဘက်ဆီ ထွက်ထွက်သွားပါတယ်။ ထိုနေရာက အုပ်ချုပ်သူတွေနဲ့ မိတ်ဆွေ ဖွဲ့တယ်။ လက်ဆုံ ပြောတယ်။ အခြေအနေကို အမိအရ ဆုပ်ကိုင်တယ်။ အကောင်း အဆိုးတွေကို ထိုးဖောက် မြင်လောက်အောင် လေ့လာထားတယ်။ မူးယစ်ဆေး တိုက်ဖျက် နှိမ်နင်းရေး လုပ်ငန်းကို နိုင်ငံပြင်ပ နယ်နိမိတ်တွေဆီ ထွက်ပြီး လုပ်ကိုင်တယ်။ နောက်ဆုံးမှာ ၀ပြည်နယ် ထိပ်တန်းခေါင်းဆောင်ပိုင်းတွေ အလေးထား ဆွေးနွေးလာကြတယ်။ စည်းဝေးပွဲတွေမှာ ဟွမ်ဝေ့မိန်ရဲ့ “တရုတ်ပြည် မူးယစ်ဆေး တိုက်ဖျက် နှိမ်နင်းရေး အတွေးအခေါ်”ကို အလေးအနက် ဟောပြော ဆွေးနွေးကြတယ်။ ၀ မျိုးနွယ်စု အသီးသီးဟာ ၀မျိုးနွယ်စု အလံတော်ကြီးရဲ့ အောက်မှာ တစိတ်တ၀မ်းတည်း ရှိနေကြပြီး မူးယစ်ဆေး သယ်ဆောင်မှုကို တရုတ်ပြည် နယ်နိမိတ်အတွင်းက ဖြတ်သန်းခြင်း မပြုဖို့ကို တောင်းဆိုသမှု ပြုလိုက်ကြတယ်။
ဟွမ်ဝေ့မိန်ရဲ့ စွမ်းဆောင်ချက်ကြောင့် ၉၀ ခုနှစ် အစဦးပိုင်းတွေမှာ ၀ပြည်နယ်က အထူးအမိန့်တရပ်ကို ဗွေဆော်ဦး ထုတ်ပြန်လိုက်ပါတယ်။ “တရုတ်ပြည်ကို ဖြတ်သန်းပြီး မူးယစ်ဆေး မှောင်ခို သယ်ယူပို့ဆောင်သည့် အချက်ကို ရည်စူးပြီး အတွင်းပိုင်းရဲ့ ပြစ်ဒဏ်ပေးမှု အမိန့်”- တရုတ်ပြည်ဆီ မူးယစ်ဆေး မှောင်ခို သယ်ပို့တာမှာ ဂရမ် ၇၀၀ တမှုလျှင် ထောင်ဒဏ် ၅ နှစ်။ နှစ်မှု ဖမ်းမိလျှင် ထောင်ဒဏ် ၁၀ နှစ်။ ဆယ်မှုအထက် ဖမ်းမိရင် သေဒဏ်။ ၀ပြည်နယ် ခေါင်းဆောင်ပိုင်းတွေက ဒီအမိန့် စာမူကြမ်းကို ရေးဆွဲလိုက်ပါတယ်။ ပြီးတော့ ဟွမ်ဝေ့မိန်ကိုပါ အထူးတလည် ဖိတ်ခေါ်လိုက်ကြတယ်။ အပြန်ပြန် အလှန်လှန် ဆွေးနွေး ညှိနှိုင်းကြတယ်။ နောက်ဆုံးမှာ တရုတ်ဘက်က သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ နယ်မြေဖြတ်ကျော် မူးယစ်ဆေး တိုက်ဖျက်မှု “လူကြီးလူကောင်းဆန်တဲ့ သဘောတူညီချက်” ကို ပုဂ္ဂလိကပိုင်းအနေနဲ့ပဲ သဘောတူ ဖြစ်မြောက်သွားရပါတယ်။ (ဘာကြောင့် ဆိုရင် အဲဒီ အချိန်တုန်းက ၀ပြည်နယ်အဖွဲ့ဟာ မြန်မာအစိုးရနဲ့ တရားဝင် အသိအမှတ်ပြု မခံရသေးတာကြောင့် ဖြစ်ပါတယ်)
၁၉၉၄ က အစပြုပြီး ၀ပြည်နယ် မူးယစ်ဆေး ကူးသန်းရောင်းဝယ်ရေး အဖွဲ့တွေ ဖြတ်သန်းရာ လမ်းကြောင်းကို တောင်ဘက်ပိုင်းက ထိုင်းမြန်မာ နယ်နိမိတ်ဘက်ဆီ ပြောင်းရွေ့သွားရလေတယ်။ ချန်းယွမ်ခရိုင် နယ်နိမိတ်ကို ဖြတ်သန်းတဲ့ မူးယစ်ဆေးဝါးတွေ လျော့ပါးသွားပါတယ်။ တနှစ်တနှစ်မှာ ဂရမ် ရာဂဏန်းလေးလောက်ပဲ ရှိပါတော့တယ်။ ထိုစဉ်က ယူနန်ပြည်သူ့လုံခြုံရေးမှူးကြီးရယ် မူးယစ်ဆေးတိုက်ဖျက် နှိမ်နင်းရေး ကော်မတီ တာဝန်ခံ လျိုရွှမ်က ဂုဏ်ယူ ၀င့်ကြွားပြီး ပြောပါသေးတယ် “စံနမူနာ ထားလောက်တဲ့ ချန်းယွမ် မူးယစ်ဆေး တိုက်ဖျက် နှိမ်နင်းမှု” တဲ့။ ယူနန်ပြည်နယ်က နေရာ ဒေသအသီးသီးဟာ ချန်းယွမ်ကို အတုယူကြရမယ်လို့တောင် လှုံ့ဆော်လိုက်ပါသေးတယ်။
ဟွမ်ဝေ့မိန်ရဲ့ ၀ ပြည်နယ် ဒေသရဲ့ တမူ ထူးခြားတဲ့ အထူးဆောင်ရွက်ချက် ထိရောက်မှု တရပ်ကို မူးယစ်ဆေး အမှု တမှုကနေ တွေ့မြင်နိုင်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ သူ တခြား တာဝန်ဝတ္တရားနဲ့ ပြောင်းရွှေ့သွားလိုက်ရုံလေးပဲ ရှိပါတယ်။ ချန်းယွမ်ခရိုင်မှာ မူးယစ်ဆေး ပြဿနာရပ်က ချက်ချင်း ခေါင်းထောင်ထလာပါလေရော။ ၁၉၉၆ မေလပိုင်း ကွမ်ကျိုးမှာ ဘိန်းကူးသန်းရောင်းဝယ်မှု တခုက မူးယစ်ဆေး ကီလို ဂရမ် ၅၀၀ ကျော်ကို ဖမ်းဆီး ဖော်ထုတ်လိုက်တယ်။ နောက်ဆုံး စစ်ဆေး တွေ့ရှိချက်က ၀ ပြည်နယ် မူးယစ်ဆေး ကုန်ကူးတဲ့ အဖွဲ့က ချန်းယွမ်ခရိုင်ကို ဖြတ်သန်းပြီး ကွမ်ကျိုးကို မှောင်ခို သယ်ချလာတာပါ တဲ့။ နောက် ထပ်မံပြီး ပြင်းပြင်းထန်ထန် ရိုက်နှက် စစ်ဆေးတာတွေ၊ ပြင်ပနည်းနာတွေနဲ့ ၀င်ရောက် စွက်ဖက် ဆောင်ရွက်တာတွေကြောင့် ချန်းယွမ် မူးယစ်ဆေး နယ်မြေ ဖြတ်ကျော်မှု ပြဿနာဟာ နောက်ထပ် တကြိမ် ဖုံးဖုံး ဖိဖိ ဖြစ်သွားရပြန်လေသတည်း။

part 7
အပိုင်း (၇) ကမ္ဘာ့အကြီးမားဆုံး ဘိန်းဘုရင်နယ်မြေအတွင်းသို့ ချဉ်းနင်းဝင်ရောက်ခြင်း
တရုတ်ပြည်တွင်းကလိုမျိုး တွေ့သမျှ မြင်သမျှ ရှုခင်းရှုကွက်တွေဆီ အတင်း တိုးဖောက်ပြီး မှတ်တမ်းဓာတ်ပုံ ရိုက်ချင်တိုင်း ရိုက်လို့မရပါ။ ခင်ဗျားတို့ အရင်ဆုံး ကြိုတွေးထားရမှာက ခင်ဗျားတို့ လုပ်နေတဲ့ အလုပ်က မူးယစ်ဆေးဝါး အစဦးဆုံး ထွက်ရှိတဲ့ ရင်းမြစ်နယ်မြေက ရှောင်ရှားရမယ့် အချက်တွေကို ခင်ဗျား ချိုးဖောက်နေတယ် ဆိုတာပါပဲ။ ဒီ ချိုးဖောက်လုပ်ကိုင်တဲ့အတွက် ဖြစ်ပေါ်နိုင်ချေတွေက ဘာတွေလဲ ဆိုတော့ ခင်ဗျားရဲ့ ကင်မရာ သူတို့ကို ချိန်လိုက်တာနဲ့ သူတို့ သေနတ်ပြောင်းဝကလည်း ခင်ဗျားရင်ဝကို ချိန်ထားပါလိမ့်မယ်။ တရုတ်လူမျိုးတွေ အမြဲလိုလိုပဲ အဲဒီနေရာမှာ ပစ်သတ်ခံရတာ ရှိတယ်နော်။ အဲ ဟိုနေရာမှာက သေနတ်ကို နေရာအနှံ့ မြင်တွေ့ရမှာပါ။ သေနတ်နဲ့ မူးယစ်ဆေးဝါး ဆိုတာက တသားတည်းဗျ။
x x x x x
ကျနော်တို့ နယ်မြေကျော်ဖြတ်ပြီး ပထမဆုံး သတင်းစုဆောင်းတဲ့ ဂိတ်ကတော့ ၂၀၀၂ ခုနှစ် နွေဦးတလျှောက်လုံး နိုင်ငံတကာက ဝေဖန်ပြစ်တင် ထောက်ပြနေကြတဲ့ ၀ ပြည်နယ်ဒေသ ဖြစ်ပါတယ်။
ခရီး စတင်မထွက်ခင် သတင်းထောက်အဖွဲ့ကို ဖွဲ့စည်းတဲ့ ယူနန်ပြည်နယ် သတင်း ပူးပေါင်းရေး အဖွဲ့ရဲ့
တာဝန်ခံက ယူနန်ပြည်နယ် စူးမောင်နယ်မြေက လက်နက်ကိုင် ရဲအရာရှိကို ဖိတ်ခေါ်လာပါတယ်။ အဲဒီ ရဲအရာရှိက ကျနော်တို့ သတိထားရမယ့် အချက်တွေကို ရှင်းပြပါတယ်။ အဲဒီထဲက အထူး သတိထားရမယ့် အချက်ကိုလည်း အလေးထား ပြောပြပြန်တယ်။ “ကိုယ့်ပြည်တွင်း (တရုတ်ပြည်တွင်း) ကလို လုပ်လို့ မရဘူးခင်ဗျ။ ကောင်းတဲ့ရိုက်ကွင်း ရိုက်ကွက် ဆိုပြီး အတင်း ထိုးတက်သွားပြီး မရိုက်လိုက်လေနဲ့ဗျို့။ ပြဿနာတွေ တက်ကုန်မယ်။ ခင်ဗျားတို့ ရှေးဦးဆုံး စဉ်းစားရမှာက အခု လုပ်နေသမျှတွေ အားလုံးက မူးယစ်ဆေးဝါး ရင်းမြစ်မြေက အရှောင်ရှားရဆုံး ကိစ္စတွေ ချည်းပဲဗျ။ ဖြစ်နိုင်ချေ အရှိဆုံးက ခင်ဗျားက ကင်မရာနဲ့ သူတို့ကို ချိန်လိုက်တယ်၊ ဖျတ်ဆို သူတို့လက်ထဲက သေနတ်ပြောင်းဝကလည်း ခင်ဗျားကို ချိန်နှင့်ပြီးသား။ ကျနော်တို့ တရုတ်တွေ အဲဒီမှာ သေတာ မကြာခဏပဲ။ မနည်းတော့ဘူးဗျ။ အဲ ဟိုမှာ သေနတ်က ဘယ်နေရာမှာမဆို တွေ့ရမြင်ရတာနော်။ သေနတ်နဲ့ မူးယစ် ဆိုတာက တအိမ်သားတွေဗျ”
သတင်းထောက်တွေ ကိုယ့်နိုင်ငံရဲ့ နယ်နိမိတ်ကနေ ထွက်မလာခင် တယောက်ကိုတယောက် အပြန်အလှန် သတိပေးကြဖို့ ကြိုတင် သတိပေးထားကြတယ်။ “အချိန်မရွေး နေရာမရွေး သိနေရမှာက ဒါဟာ ကိုယ့်ပြည်တွင်း မဟုတ်ဘူး။ ဒီမှာက နဂါးပွက်အိုင်တွေ၊ ကျားရဲတွင်းတွေ ပွထနေတဲ့ ရွှေတြိဂံဖြစ်တယ်။ အားလုံးဟာ ရှေးဦးဆုံး လုံခြုံရေးကို မေ့မနေဖို့ပဲ” စွန့်စား သတင်းယူကြမယ့် သတင်းထောက်အဖွဲ့ရဲ့ လုံခြုံရေးအတွက် စူးမောင်နယ်က လက်နက်ကိုင် ရဲတပ်ဖွဲ့က ၀ါဒဖြန့်ချိရေး ကေဒါကို စေလွှတ်ထားပါတယ်။ မုန်းလျိုင်က ရှမ်းတိုင်းရင်းသား၊ လားဟူတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေး ခရိုင် ပြည်သူ့လုံခြုံရေးဌာနမှူးကလည်း တရက် စောပြီး နယ်နိမိတ် ဖြတ်ကျော် လှုပ်ရှားပါတယ်။ ဒါတွေဟာ သတင်းထောက်အဖွဲ့ရဲ့ လုံခြုံရေးကို ၀ိုင်းဝန်း ဆောင်ရွက်ပေးကြတာပါ။
ရှမ်းပြည်နယ် ဆိုတာ မြန်မာနိုင်ငံရဲ့ ပြည်နယ်တွေထဲမှာ အကြီးမားဆုံး တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ် ဖြစ်တယ်။ ၀ ပြည်နယ် ဆိုတာက ရှမ်းပြည်နယ်ကြီးထဲက တခုတည်းသာ ရှိတဲ့ လွတ်လပ်မှု ရှိတဲ့ ပြည်နယ်ထဲကပြည်နယ်ပါ။ တည်နေရာကတော့ ကိုးကန့်တောင်ဘက်ပိုင်းက ကြီးမား ကျယ်ဝန်းတဲ့ တောင်တန်းဒေသ ဖြစ်တယ်။ ၀၊ ကချင်၊ လီရှော၊ လားဟူ တိုင်းရင်းသား နဲ့ ကရင်တိုင်းရင်းသားတို့ တူကြပါတယ်။ ခရစ်ယာန်ကို ယုံကြည် သက်ဝင်ကြပါတယ်။ ဒါပေမယ့် အနောက်တိုင်းသားတွေက လီရှောတွေလို ၀ တွေကို စာပေ တီထွင်ပေးခြင်းမရှိပါ။ ၀ တိုင်းရင်းသား နဲ့ အနောက်တိုင်းသားတို့ရဲ့ ပတ်သက်မှုဟာ ကချင်တိုင်းရင်းသားတွေလိုမျိုး တရင်းတနှီး တယ်မရှိလှပါ။
၁၉၅၉ ခုနှစ် မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသား အသီးသီးတို့က မြန်မာအစိုးရ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ အနေနဲ့ စတင်ပြီး လက်နက် တပ်ဆင် တိုက်ခိုက်ကြပါတယ်။ လက်နက်ကိုင် အဖွဲ့ကြီး ၉ ဖွဲ့ထဲမှာ ၀ ပြည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လည်း ပါဝင်ပါတယ်။ စော်ဘွား နောက်မျိုးဆက် မဟာစန်း ခေါင်းဆောင်တဲ့ ၀ လူမျိုး လွတ်မြောက်ရေး တပ်ဖွဲ့လည်း ပါဝင်ပါတယ်။ နောက်ပိုင်းမှာ ဒီကနေ့ ၀ပြည်နယ် အစိုးရ နိုင်ငံရေး အတိုင်ပင်ခံ ဥက္ကဋ္ဌ ယဲန်ရှောင်စွတ် အစရှိသူတို့ ပါဝင်လာကြပါတယ်။ ၉၀ ခုနှစ် အစပိုင်းမှာ ၀ အမျိုးသား လွတ်မြောက်ရေးတပ်မတော်က မြန်မာပြည် မြောက်ပိုင်း ၀ အဖွဲ့ရဲ့ ၀ပြည်နယ်ညွန့်ပေါင်းတပ်ဖွဲ့ထဲ ၀င်ရောက် ပူးပေါင်းလိုက်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီခေတ်ကာလ။ ၀ နယ်မြေမှာ ၀တိုင်းရင်းသား တပ်သားတွေ အဓိကထားပြီး ဖွဲ့စည်းထားတဲ့ အလယ်ပိုင်း စစ်ဒေသကို ထူထောင်လိုက်ပါတယ်။ မူလ ကတည်းက သူတို့ဟာ ဗကပထဲက တိုက်ရည်ခိုက်ရည်ရှိတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။ တရုတ်ပြည် နယ်နိမိတ်ထဲမှာလည်းပဲ ၀ တိုင်းရင်းသားတွေ အများအပြား ရှိပါတယ်။ အများစုကတော့ တရုတ်ပြည် လိန်ချန်း တ၀ိုက် နယ်စပ်က အမြင့်ဆုံး တောင်တန်းတွေမှာ နေကြပါတယ်။
ဝ တိုင်းရင်းသား နဲ့ ၀ ပြည်နယ် ဒေသဟာ မြန်မာပြည် အရှေ့မြောက်တောင်တန်းဒေသမှာ တည်ရှိပါတယ်။ မြန်မာနိုင်ငံ တ၀န်းလုံးမှာ ကမ္ဘာဦးဆန်တဲ့ ရှေးအကျဆုံး အရိုင်းအစိုင်းနယ်မြေရယ်လို့ သတ်မှတ်ကြပါတယ်။ ရှမ်းကုန်းပြင်မြင့်မှာ တိုင်းရင်းသားလူမျိုးချင်း မတူကြဘဲ အတူနေကြတယ်။ အင်အားတောင့်တင်းမှုက တဦးနဲ့တဦး တပြေးညီ ဖြစ်နေကြတယ်။ ၀၊ လီရှော၊ ကချင်တို့က တောင်ကြီးကြီးမားမားတွေပေါ်မှာ နေလေ့ရှိတယ်။ ၀ တို့ရဲ့ နယ်မြေက လီရှော၊ ကချင်တို့ထက် တောင်ဘက်ပိုင်းကို ပိုကျပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သမိုင်းကြောင်း အဆင့်အတန်းကို ထိုတိုင်းရင်းသားတို့ မှီတင်းနေထိုင်ကြတဲ့ ပထ၀ီ မြေနေရာ အကောင်းအဆိုး ဂိုက်တံနဲ့ တိုင်းလို့ ရနိုင်ပါတယ်။ ဘိန်းရာဇာကြီးတွေရဲ့ ခေတ်ကာလ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခေတ်ကာလတွေတုန်းက မူးယစ်ဆေး စီပွားရေး အကျိုးအမြတ် ထိပ်တိုက်တိုးမှုကြီးတွေရယ်၊ မြန်မာ ထိုင်း အစိုးရတပ်တွေရဲ့ နှစ်ကာလ များမြောင်စွာ စစ်ရေး ၀န်းရံ ပိတ်ဆို့မှုကြီးတွေရယ်ကြောင့် စစ်ပွဲတွေ အဆက်မပြတ် ဖြစ်ပြီး နေထိုင်မှုတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေ၊ အသက်ရှင်သန် နေထိုင်မှုက အင်မတန်ကို ဆိုးယုတ်လွန်းနေတယ်။ ဒါ့အပြင် နူရာဝဲစွဲ လဲရာ သူခိုးထောင်း ဆိုတဲ့ အတိုင်း မိုးရာသီ ကာလတွေမှာ အာရှအပူပိုင်းဇုံ ငှက်ဖျားရောဂါရဲ့ ထိုးနှက်မှုတွေကို အလူးအလှိမ့် ခံကြရတယ်။ နှစ်တိုင်း ဖျားနာသေကြတာ လူ သောင်းဂဏန်းအထက်မှာ ရှိပါတယ်။ ဒီဒေသ လူတွေရဲ့ ပျမ်းမျှ အသက်က ၄၀ ကျော်ကျော်လေးပဲ ရှိပါတယ်။
၁၉၆၀ မတိုင်ခင်က ၀ တိုင်းရင်းသားတို့ဟာ ခေါင်းဖြတ်ပြီး ပူဇော်တာ၊ စပါးကောက်နှံ ပူဇော်တဲ့ ဓလေ့ကို တွင်တွင်ကျယ်ကျယ် လုပ်ကြပါတယ်။ ၀တို့ဟာ ဒီလိုမျိုး လူရဲ့ခေါင်း ခုတ်ဖြတ်၊ ပြန်ယူသွားပြီး ကောက်ပဲသီးနှံကို ပူဇော် ပသပါတယ်။ ယဇ်ပူဇော်မှသာ ကောက်ပဲသီးနှံတွေဟာ လူ့မျက်နှာက မုတ်ဆိတ်ကျင်စါယ်တွေလို ဖြိုးမောက်ဝေဆာ အထွက်တိုးလျှံချေမယ် လို့ ယုံကြည်ကြပါတယ်။ သူတို့ တပ်သားတွေက ကုန်သည် ဟန်ဆောင်၊ လက်မှာ ကြိုးထုံးကိုဆွဲ တောင်အောက် ဆင်းချသွားပြီး လူဖမ်းတယ်။ လစ်တာနဲ့ ခေါင်းကို ခုတ်ဖြတ် သုတ်ခြေတင် ပြန်ပြေးပြီး ယဇ်နတ် ပူဇော်တော့တာပဲ။ အနီးအနား ၀န်းကျင်က တခြား တိုင်းရင်းသားတွေက သူတို့ရဲ့ ဒီလို အရိုင်းအစိုင်း ဓလေ့ထုံးတမ်းကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ကြပါတယ်။ ဒါကြောင့်လည်း မိဘစကား နားမထောင်တဲ့ သားသမီးတေါကို ဟောသလို ခြိမ်းခြောက်ကြတယ် - “စကား နားမထောင်ဘူးလားဟင်၊ ၀ တွေ နင့်ကို လာဖမ်းတော့မယ်”
၆၀ ခုနှစ်တွေမှာ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း၊ ချူအင်လိုင်း တို့က ၀ တိုင်းရင်းသားတွေရဲ့ ဒီလို အရိုင်းအစိုင်းမျိုးကို ပြုပြင်ဖို့ လှုံ့ဆော်ခဲ့ဖူးပါတယ်။ ၆၀ ခုနှစ်မှာ မော်စီတုန်းက ၀ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြတဲ့အခါမှာ မေးလိုက်တယ် - “ခင်ဗျားတို့ဆီက လူခေါင်း ခုတ်ဖြတ်ပြီး ကောက်ပဲသီးနှံ ယဇ်ပူဇော်တာမျိုး အခု ရှိသေးလားဗျ”။ ၀ တိုင်းရင်းသား ခေါင်းဆောင်က ပြန်ဖြေပါတယ်- “ပြုပြင်လိုက်ပါပြီ” တရုတ်ပြည် နယ်နိမိတ်ထဲက ၀တွေ ဒီလိုမျိုး ထုံးတမ်းဓလေ့တွေ အမြစ်ကစ ပျောက်ကွယ်သွားပါပြီ။ တရုတ်ပြည်နယ်နိမိတ် အပြင်ဘက်မှာတော့ အရင်အတိုင်းပဲ လူခေါင်း ခုတ်ဖြတ်တဲ့ ကိစ္စတွေ ပေါ်ပေါက်နေပါသေးတယ်။ ၇၀ ခုနှစ်ပိုင်း ရောက်လာတော့မှ ၀ တို့ရဲ့ နယ်မြေကို စိုးမိုးအုပ်ချုပ်တဲ့ ဗကပ မြောက်ပိုင်းခရိုင် ခရိုင်မှူး ကျောက်နီလိုင် ဦးစီးပြီး ခေါင်းဖြတ်ခံရမယ့်ယဇ်ကောင်(လူ)ကို မြေမှာ မြှုပ်ထားလိုက်တယ်။ ခေါင်းကိုသာ ဖော်ထားတယ်။ သူက သူ့ဘေးနားကလူ (၀လူမျိုး) တွေကို မေးခွန်း ထုတ်လိုက်တယ်။ “တကယ်လို့ဗျာ တခြားလူတွေကလည်း ခင်ဗျားတို့ရဲ့ ခေါင်းကို အဲဒီလိုမျိုး ခုတ်ဖြတ်ကြမယ် ဆိုရင်ပေါ့ဗျာ။ ခင်ဗျား ဘယ်လိုများ ခံစားရမလဲဗျာ”။ အဲဒီအချိန်က အစပြုပြီး နောက်ထပ် လူခေါင်း ဖြတ်တာမျိုး မရှိတော့ပါ။ ဒါပေမယ့် မျက်မှောက် ကနေ့ အချိန်မှာလည်းပဲ ရှေးယခင်အတိုင်း ထောင်ချီတဲ့ လူခေါင်းခွံတွေက ၀ ပြည်နယ် တချို့ရွာတွေမှာ ချိတ်ဆွဲမြဲ ချိတ်ဆွဲလျက်ရယ်လို့ ပြောကြပါတယ်။
၁၉၅၀ ကနေ ၁၉၆၈ အထိ ကူမင်တန် ပါတီ တပ်ကြွင်းတပ်ကျန်တွေ ၀၊ ကိုးကန့် နယ်မြေတွေမှာ အခြေခံတပ်စခန်းတွေ တည်ဆောက်ထားကြပါတယ်။ ၅၀ ခုနှစ်လယ်ပိုင်း ၀တွေဟာ ကူမင်တန် အကြွင်းအကျန်တပ်တွေနောက် လိုက်ပါသွားကြတယ်။ သူတို့တွေဟာ ကိုယ့်အိုး ကိုယ့်အိမ် မိဘသားချင်းနဲ့ ရွာကိုပါ စွန့်ခွာပြီး လိုက်သွားကြတာပါ။ နောက်တော့ ကူမင်တန် အကြွင်းအကျန် တပ်တွေ ၁၉၅၁ ဧပြီ နဲ့ ဇူလိုင်လတွေမှာ ပြည်မကြီးကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ကြတယ်။ တချီတမောင်း တိုက်လိုက်ကြတာ လိန်ချန်း၊ စူးမောင် နယ်တွေရဲ့ စွမ်းကျန်း၊ ကဲန်မာ၊ ကျဲန်ခန်း အစရှိတဲ့ ၅ ခရိုင်ကို တိုက်ခိုက် သိမ်းပိုက်လိုက်တယ်။ နောက်တော့ ကူမင်တန်တွေက နယ်စပ်နေ သောင်းချီတဲ့ ပြည်သူတွေကို အတင်းပဲ မြန်မာပြည်မြောက်ပိုင်းကို ဆွဲခေါ်ပြေးသွားကြတယ်။ သူတို့ခေါ်သွားတဲ့သူတွေက ရောက်တဲ့နေရာမှာပဲ အခြေချကြတယ်။ ဆွဲခေါ်ထွက်ပြေးကြသူတွေထဲမှာ ၀ တွေရဲ့ အရေအတွက်က အများစု ဖြစ်ပါတယ်။
၁၉၇၀ ဧပြီလ။ ဗကပ က ခ၀ တောင်တန်းက မုန်းမောက်ကို တိုက်ယူသိမ်းပိုက်လိုက်တယ်။ ၁၉၇၂ မှာ တောင်ပိုင်း ခ၀တောင်ရဲ့ ပန်စန်းကို တိုက်ခိုက် သိမ်းပိုက်လိုက်တယ်။ ဗကပ ဗဟိုကော်မတီရုံး တည်ရှိရာ နေရာနဲ့ အလယ်ပိုင်း စစ်ဒေသ ဖြစ်လာပါတယ်။ ဦးစီးမှူးက လီကျုလူ (ဟန်တရုတ်လူမျိုး) ဖြစ်ပြီး ဒုဦးစီးမှူးက ၀ တိုင်းရင်းသားခေါင်းဆောင် ပေါင့်ယို့ရှန် ဖြစ်ပါတယ်။ လက်အောင်ခံ စီရင်စုတွေက အမှတ် ၅ တပ်မဟာ၊ ၁၂ တပ်မဟာတို့ ဖြစ်တယ်။ အင်အား အတောင့်တင်းဆုံးတပ် ဖြစ်တယ်။ ကနေ့ ၀ ပြည်နယ် ညွန့်ပေါင်း ပါတီအတွင်းရေးမှူး ကျောက်နီလိုင်ဟာ ယခင် ယူနန်ပြည်နယ် လိန်ချန်းဒေသ ချန်းယွမ် ၀ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင် ယုန်ဟို အမှတ် ၃ ကုန်ထုတ်လုပ်ရေး တပ်ဖွဲ့ငယ်က စာရင်းကိုင်တယောက် ဖြစ်ပါတယ်။ ဗကပ ခေတ်ကောင်းတုန်းက ခရိုင်မှူး ဖြစ်ခဲ့တယ်။ ဗကပ အရံ ပါတီဝင်လည်း ဖြစ်ပါတယ်။
၁၉၈၉ မတ်လ။ ဖုန်ကျားရှင်က ရှေးဦးဆုံး ကိုးကန့်ကနေ တပ်ကို ဗကပ ကနေ ခွဲထွက်လိုက်တယ်။ ဧပြီ ၁၁ ရက်နေ့မှာ - နီလို၊ ပေါင့်ယို့ရှန် တို့က အလယ်ပိုင်း စစ်ဒေသ အမှတ် ၅ နဲ့ အမှတ် ၁၂ တပ်မဟာ အရာရှိ အရာခံ တပ်သား အားလုံးကို ခေါင်းဆောင်ပြီး ပုန်ကန်လေတယ်။ ၁၇-၄-၁၉၈၉ နေ့မှာ ဗဟို ကိုယ်ရံတော်တပ်ဖွဲ့ တပ်မဟာ နိုင်ငံရေးမှူး လိုချန်ပေါင် နဲ့ အတွင်းချိတ် ချိတ်ပြီး ပုန်ကန်ကြပြန်တယ်။ တပ်မဟာ နှစ်တပ်က ဗဟို ရုံးစိုက်ရာ ပန်စန်းကို ၀ိုင်းထားလိုက်ကြတယ်။ ဗကပ ခေါင်းဆောင် အားလုံးကို နှင်ထုတ်လိုက်ကြတယ်။
၂၂-၄-၁၉၈၉။ ကျောက်နီလိုင်က မြန်မာနိုင်ငံ ၀ ပြည်နယ် ညွန့်ပေါင်း ပါတီ ဥက္ကဋ္ဌ၊ ပေါင့်ယို့ရှန်က စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူ ဖွဲ့စည်းလိုက်ကြပါတယ်။ ဌာနချုပ်ကို တရုတ် အနောက် မဟာမိတ် ၀ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေး ခရိုင် နဲ့ မြစ်တမြစ်သာ ခြားတဲ့ မာရှောင်လန်ရွာမှာ တည်ထားလိုက်တယ်။ ၀ ညွန့်ပေါင်းတပ် အောက်မှာ အမှတ် ၂၁၄၊ ၄၁၇၊ ၄၁၈၊ ၄၂၀၊ ၅၂၅ တပ်မတွေရယ်၊ သီးခြား လွတ်လပ်မှု တပ်ရင်းကြီး ၂ ခု နဲ့ ဗဟို ကိုယ်ရံတော်တပ်ဖွဲ့ တပ်ရင်းတွေ ဆိုပြီး စီရင်စု နယ်မြေတွေ ပိုင်းခြားထားပါတယ်။ တပ်အင်အား တသောင်းခွဲ ရှိတယ်။ နောက်ပိုင်းမှာ ဗကပ အလယ်ပိုင်း စစ်ဒေသ ဦးစီးမှူး လီကျုလူလည်း ပူးတွဲ ပါဝင်လာတယ်။ မြန်မာထိုင်း နယ်စပ်ဒေသက မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်တဲ့ ယဲန်ရှောင်စွတ် တပ်ဖွဲ့၊ ဝေ့ရွှေလုံ တပ်ဖွဲ့က လူတွေလည်း ၀ ညွန့်ပေါင်းတပ်ထဲ ပူးပေါင်း ပါဝင်လာကြတယ်။ မြန်မာနိုင်ငံရဲ့ အစိုးရ မဟုတ်တဲ့ အကြီးမားဆုံး နယ်မြေခံ အမျိုးသား လက်နက်ကိုင် တပ်ဖွဲ့ကြီး ဖြစ်လာပါတယ်။
သူတို့တတွေ ဖုန်ကျားရှင်ရဲ့ နေရာကို ဆက်ခံကြပြီးတဲ့နောက် မြန်မာအစိုးရနဲ့လည်း သဘောတူညီချက် ရယူလိုက်ကြပါတယ်။ မြန်မာအစိုးရကို အသိအမှတ် ပြုလိုက်တယ်။ လွတ်လပ်စွာ တသီးတခြား ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဆောင်ရွက်ဖို့ ရှမ်းပြည်နယ် အမှတ် ၂ အထူးဒေသ ကို တည်ထောင်လိုက်တယ်။ ဒီနောက်ပိုင်းတွေမှာလည်း မြန်မာအစိုးရနဲ့ အကြိမ်ပေါင်း များစွာ တွေ့ဆုံဆွေးနွေးပါတယ်။ အဲဒီကနေ ၀ ပြည်နယ် အဖွဲ့ကြီးကို တည်ဆောက်လိုက်တယ်။ ဒီလိုနဲ့ပဲ သူတို့ဟာ တလျှောက်လုံး သူတို့ကိုယ်သူတို့ ၀ ပြည်ထောင်စု နဲ့ ၀ ညွန့်ပေါင်းတပ်ဖွဲ့ကြီးရယ်လို့ ခေါ်ဝေါ် သုံးစွဲကြပါတယ်။ ၀ ညွန့်ပေါင်းတပ် ခေါင်းဆောင် အများစုက တရုတ်ပြည်မှာ ပညာသင်ကြားလာခဲ့ကြတဲ့ ဗမာလူမျိုးတွေ ဒါမှမဟုတ်လည်း ၀ တိုင်းရင်းသားသားတွေ ဖြစ်ကြပါတယ်။
အထင်အရှား ရှိနေတဲ့ အချက်အလက်တွေအရ ၁၉၉၉ နောက်ပိုင်း တရုတ်ပြည်မှာ ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၁၀၁ မှု၊ သိမ်းဆည်းရမိတဲ့ ဟီးရိုးအင်း ၉ တန်ကျော်ဟာ အများစုက ဒီနယ်မြေက လာတာတွေ ဖြစ်တယ်။ ၀ တိုင်းရင်းသား တပ်က ၀ ပြည်နယ် ဧရိယာ ကီလိုမီတာ ငါးသောင်း နယ်မြေကို စိုးမိုးထားတယ်။ လူဦးရေက ခြောက်သိန်းကျော် ရှိတယ်။ မိမိတို့ဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အတိုက်အခံ ပါတီ အဖွဲ့ကြီးရယ်လို့ သတ်မှတ် ခေါ်တွင်ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ ထောက်ပြချက်က မူးယစ်ဆေးဖြင့် တပ်ကို ကျွေးမွေးခြင်း (တည်ထောင်ခြင်း)၊ တပ်ဖြင့် မူးယစ်ဆေးကို ကာကွယ်စောင့်ရှောက်ခြင်း တဲ့။
ကနေ့ ၀ ပြည်နယ် တောင်ပိုင်း ပြောက်ကျားနယ်မြေ ဒေသမှာ ဧရိယာ ကီလိုမီတာ ၁.၄ သောင်း၊ လူဦးရေ တသန်း ရှိပါတယ်။ မြောက်ပိုင်း မူလက ၀ ပြည်နယ် ထိန်းချုပ်ထားတဲ့ ဧရိယာ ကီလိုမီတာ ငါးသောင်း၊ လူဦးရေက ခြောက်သိန်းကျော် ရှိတယ်။ ကနေ့ ၀ ပြည်နယ်က ဘိန်းစီးပွားရေးကို ထုတ်ကုန်ရဲ့ ပင်မ ဒေါက်တိုင် သတ်မှတ်ထားပါတယ်။ ဘိန်းက ရရှိတဲ့ငွေက ၀ပြည်နယ် အစိုးရ နှစ်စဉ် ဘဏ္ဍာရေး ရငွေရဲ့ ၆၅ ရာခိုင်နှုန်း အထက်မှာ ရှိပါတယ်။ ဒီအချိုးနှုန်းထားက ပြောင်းလဲနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စီးပွားရေး ရင်းမြစ်က အင်မတန် နည်းလှပါတယ်။ ဒါက ၀ပြည်နယ် အဖွဲ့အစည်းနဲ့ တခြား လွတ်လပ်ရေးနယ်မြေ အစိုးရတို့ မတူ ကွဲပြားတဲ့ အကြီးမားဆုံးအချက်ပါ။
ဝပြည်နယ် မြောက်ပိုင်းမှာ ကနေ့မှာ အားလုံး ပေါ်ပီ စိုက်ပျိုးမြေတွေ ဖြစ်ကြပါတယ်။ ဧက ၁၀ သန်းကနေ သန်း ၂၀ ရှိပါတယ်။ ဘိန်းထွက်နှုန်း တန်ချိန် ၁၂၆၀-၁၄၅၀ ရှိပါတယ်။ (နှစ်စဉ်ထွက်နှုန်း ဖြစ်ပါတယ်။) နှစ်စဉ် မြန်မာနိုင်ငံတ၀န်း ထွက်ရှိတဲ့ တန်ချိန် ၁၉၀၀ ရဲ့ ၈၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ရွှေတြိဂံက ထွက်တဲ့ တန်ချိန် ၂၄၀၀ ရဲ့ ၆၅ ရာခိုင်နှုန်း ရှိပါတယ်။ နှစ်စဉ် ဘိန်းအထွက်နှုန်း၊ ပြုပြင် မွမ်းမံထုတ်လုပ်မှု နဲ့ ကုန်သွယ်မှု ပမာဏ နှုန်းထား စုစုပေါင်းက ခန့်မှန်းချေ ရင်မီဘီ ယွမ် ၃၀၀၀ ရှိပါတယ်။ အစိုးရ ရရှိတဲ့ ဘိန်းအခွန်တော်ငွေက ယွမ် သန်း ၆၀၀ နဲ့ သန်း ၈၀၀ ကြားမှာ ရှိပါတယ်။ ဒီပမဏာက စစ်တပ်ရဲ့ နေ့စဉ် အသုံးစရိတ်မျှသာ ရှိပါတယ်။ ၁၉၉၉ မှာ ၀ ထိန်းချုပ်နယ်မြေရဲ့ ပေါ်ပီပင် စိုက်ဧက ၉ သန်းဝန်းကျင် ရှိပါတယ်။ အရှေ့တောင်အာရှ စိုက်ဧက စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်း ၀န်းကျင် ရှိပါတယ်။ ဘိန်းထွက်နှုန်းက တန်ချိန် ၁၂၀၀-၁၄၀၀ ထွက်ပါတယ်။ အဲဒီ ဘိန်းတွေရဲ့ ၇၀-၈၀ ရာခိုင်နှုန်းကို ဟီးရိုးအင်း အဖြစ် မွမ်းမံထုတ်လုပ်ပါတယ်။ နှစ်စဉ် ဟီးရိုးအင်း တန် ၁၀၀ ကျော် ထွက်ပါတယ်။ ၀ ညွန့်ပေါင်းတပ်ရဲ့ တခြား စိးပွားရေး ပင်မ ဒေါက်တိုင် ဆိုတာကတော့ ရေခဲတုံး မူးယစ်ဆေး (Ice) ဖြစ်ပါတယ်။
ဝပြည်နယ် အစိုးရ ရုံးစိုက်ရာ ပန်ခန်းမြို့ ဆိုတာက ဟိုး လွန်ခဲ့တဲ့ ဆယ်နှစ် မတိုင်ခင်တုန်းက အဲဒီ နေရာဟာ တဲအိမ်ကလေး ဆယ်လုံးလောက်ပဲ ရှိတဲ့ ရွာသိမ်ရွာငယ်ကလေးပါ။ မူရင်း ရွာနာမည်က ပန်စန်းရွာ ဖြစ်ပါတယ်။ ဗကပ အရှေ့မြောက် စစ်ဒေသ နဲ့ နောက်ပိုင်းကာလတွေမှာ ဗကပ ဗဟိုကော်မတီ ရုံးစိုက်ရာ ဌာနလည်း ဖြစ်ပါတယ်။ မူရင်း နာမည် ဖြစ်တဲ့ ပန်စန်းက “စန်း” ဆိုတဲ့ စာလုံး အယူအဆ ဆိုရင် မသာ၊ အသုဘ ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တဲ့အတွက် အတိတ်နိမိတ် မကောင်းတာကြောင့် စန်း ကို ပယ်၊ ကျန်းမာသန်စွမ်းခြင်း ဆိုတဲ့ “ခန်း” ကို အစားထိုးလိုက်တယ်။ ဒါကြောင့် ပန်စန်း ကနေ ပန်ခန်း အဖြစ် ပြောင်းလဲပစ်ရခြင်း ဖြစ်ပါတယ်။
ဒီ ပန်ခန်း လို့ နောက်ပိုင်း ခေါ်တွင်တဲ့ ရွာကလေးမှာ ဗကပ ဌာနချုပ်ရုံးကို ဖွင့်လှစ်ခဲ့ဖူးပါတယ်။ နုန်းခမြစ် (တရုတ်မြန်မာနယ်ခြားမြစ်) နံဘေးမှာ ဖွင့်ခဲ့ဖူးပါတယ်။ ဒီအချက်အချာနေရာကို စစ်ရေး ပါရဂူတွေက ရွေးခြယ် သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီနေရာကို လက်နက်ကြီး ဥပမာ အမြောက်နဲ့ ပစ်လို့ မရပါ။ ဘာကြောင့်လဲ ဆိုရင် အမြောက်ကျည်ဆံက မြစ်တဘက်ကမ်း တရုတ်ပြည်နယ်နိမိတ်ထဲ ကျနိုင်လို့ပါ။ သာမန် လက်နက်ငယ်နဲ့ ၀င်တိုက်ဖို့ ဆိုတာလည်း တယ်ပြီး မလွယ်ကူလှပါ။ တောင်တန်း မြေနေရာ အနေအထားက ခံစစ်ဘက်က အရမ်းကို အသာစီး အနေအထားမှာ ရောက်နေလို့ပါပဲ။
ယခင်က ဗကပ အထွေထွေ အတွင်းရေးမှူးချုပ် နေထိုင်ခဲ့ဖူးတဲ့ သံချေးကွက်တွေ အပြောက်ပြောက် ထနေတဲ့ သွပ်မိုးအိမ်လေးက စုတ်စုတ်ပြတ်ပြတ်နဲ့ တောင်ကုန်လေးပေါ်မှာ ယနေ့တိုင် ရှိနေတုန်းပါပဲ။ နံဘေးမှာက ၀ပြည်နယ် အုပ်ချုပ်ရေးပိုင်းက ကြီးကျယ် ခန့်ငြား ထပ်ဝါတဲ့ တိုက်တာ အဆောက်အအုံတွေ မိုးထိုးလို့ နေကြပါတယ်။ ဒါဟာ အဟောင်းနဲ့အသစ်ဖွဲ့စည်းမှုက သမိုင်းရဲ့ နှိုင်းယှဉ်ချက်တွေ ပါပဲ။ နှိုင်းယှဉ်ချက် နှစ်ရပ်က ဟိုးအရင် ဗကပရဲ့ ပန်ခန်း နဲ့ ကနေ့ ၀ ပြည်နယ် အဖွဲ့အစည်းသစ် ပန်ခန်း၊ ပျင်းချောက်ချောက် တိတ်ဆိတ်မှု နဲ့ အုံးအုံးကြွက်ကြွက် စည်ကားသိုက်ဝန်းမှု မိုးနဲ့မြေ ကွာခြားချက်တွေပါပဲ။ အရက်ဆိုင်ကြီးတွေ ဟိုတယ်ကြီးတွေ လက်ဘက်ရည်ဆိုင်ကြီးတွေ နိုက်ကလပ်တွေ ကပွဲရုံကြီးတွေ တောထလို့ နေပါတယ်။ တရုတ်ပြည်ကလာပြီး ရောင်းဝယ် ဖောက်ကားသူတွေ မနည်းမနောပါပဲ။ ဒီ တံခါးဖွင့် စင်္ကြန်မှာ လာသူတွေ အများစုကတော့ ဟူနန်ပြည်နယ် ချန်တက်သားတွေ ဖြစ်ပါတယ်။ သေးသေးမွှားမွှား ကုန်ရောင်းကုန်ဝယ် လုပ်ကြသူတွေ အများစုက ယူနန်ပြည်နယ် ကျောက်တုန်းသားတွေ ဖြစ်ကြပါတယ်။
ဝ ပြည်နယ် ရုံးစိုက်ရာ ပန်ခန်း နဲ့ တဆက်တည်း ဆက်နေတာကတော့ ယူနန်နယ် စူးမောင်ဒေသ မုန်းလျိုင်က ရှမ်း၊ လားဟူ၊ ၀ တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ခရိုင်တွေဖြစ်ကြပါတယ်။ ၎င်းနေရာမှာ နေကြသူတွေက မုန်းလျိုင် ခရိုင်မြို့ အတွင်းပိုင်းက တရုတ်မြန်မာ နယ်စပ်ကို မုန်းလျိုင်ရဲ့ “ဟောင်ကောင်မြို့ငယ်လေး” လို့ အမွမ်းတင် ခေါ်ဝေါ်ကြပါတယ်။ နောက်ပြီး “စီးပွားရေးအထူးဒေသ” လို့လည်း ခေါ်ပြန်ပါသေးတယ်။ တစုံတယောက်က မုန်းလျိုင်မြို့ကို ရောက်ခဲ့ဖူးတယ် ဆိုပေမယ့် အကြင်သူသည် အဲဒီ တရုတ်မြန်မာ အမှတ် ၁ လမ်းမကို သွားရောက်ခဲ့ခြင်း မရှိဘူး ဆိုရင် ထိုသူသည် မုန်းလျိုင်ကို ရောက်ဖူးခြင်းမမည်ပေ။
တရုတ် မြန်မာ အမှတ် ၁ လမ်းမကြီးကို ၁၉၉၉ နှစ်ကုန်လောက်က ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။ အဓိက လာရောက် ရင်းနှီးမြှုပ်နှံတာက မြန်မာပြည်မ အတွင်းပိုင်းပါ။ အဲဒီထဲမှာ ၀ ညွန့်ပေါင်းတပ် ဒုစစ်ဦးစီးချုပ် လီကျုလူရဲ့ ရင်းနှီးထည့်ဝင်မှုက တ၀က်ကျော်တယ်။ (ရင်းနှီးငွေ သန်း တရာကျော်ရှိတယ်)
x x x x x
မုန်းလျိုင်ကို ကျော်ကာဖြတ်တော့ မုန်းအဆိပ်လမ်းကို ဆိုက်ရောက်ပါတယ်။ ဒါဆို ၀ပြည် နယ်နိမိတ်တွင်းကို ခြေချလိုက်ပါပြီ။ ကျနော်က ၁၄-၄-၂၀၀၂ နေ့မှာ ၀ပြည်နယ် ရုံးစိုက်တဲ့ ပန်ခန်းကို ရောက်သွားတဲ့ အခါမှာ ရှေးဦးဆုံး တွေ့မြင်လိုက်ရတာကတော့ ဘ၀ အခြေအနေ အင်မတန် သာယာ ဖြောင့်ဖြူးတဲ့ ဘ၀ အလှကလေးတွေပါပဲ။ အသက်အရွယ် ၁၀ နှစ် ၀န်းကျင် ရှိတဲ့ ကလေးအုပ်တွေက သိန်းသန်းတန်တဲ့ ခေတ်မီ ကားလှလှလေးတွေကို လမ်းမပေါ်မှာ လူးလာခေါက်တုန့် ဥဒဟို မောင်းနှင်နေကြတာကို တွေ့မြင်ကြရတယ်။ သင်္ကြန်ရေသဘင် (၁၃ ရက်နေ့-၁၆ ရက်နေ့ ထိုအရပ်ဒေသ တိုင်းရင်းသားတို့ ရေပက်ကြတဲ့ အခါတော်နေ့)ကို ပျော်ပျော်ပါးပါး ဆင်နွဲကြပါတယ်။ ဒီ ကြွယ်ဝ ချမ်းသာကြတဲ့ ကလေးသူငယ်တွေရဲ့ မိသားစုက တအားကို ချမ်းသာကြွယ်ဝကြတဲ့သူတွေ ဖြစ်တယ်။ ဒီ ချမ်းသာကြွယ်ဝမှုရဲ့ အရင်းခံက မူးယစ်ဆေးကနေ ဖြစ်ပေါ်လာတာတွေပါပဲ။ သူတို့တွေရဲ့ မိတ်ဆက်စကားတွေကပဲ သိလိုက်ရတဲ့ အချက်က ၀ ပြည်နယ်မှာ အသက် ၁၀ နှစ် ပြည့်ရုံလေးနဲ့ ကလေးသူငယ် တဦးတည်း မော်တော်ကား မောင်းနှင်နိုင်ခွင့် ရှိပါပြီ တဲ့။
သေနတ်တွေ ကျောမှာ လွယ်ပိုးထားတဲ့ ကလေးတွေကို လမ်းထိပ်တွေမှာ မကြာခဏပဲ တွေ့ရမြင်ရပါတယ်။ တချို့များဆိုရင် အသက် ၁၀ နှစ်တောင် မပြည့်သေးရှာ။ သူတို့လက်ထဲက ဆွဲကိုင်ထားတဲ့ သေနတ်လောက်တောင် အရပ်က မမြင့်သေးဘူး။ ၀ခေါင်းဆောင်တွေက ကျနော်တို့ကို အထူးတလည် သတိပေးစကား ပြောထားပါတယ်။ “သူတို့ကို တစက်ကလေးမှ သွားမထိနဲ့ (သွားမစနဲ့)နော်။ သူတို့က သဘောတူမယ် ဆိုရင်တော့ တမျိုးပေါ့။ မဟုတ်လို့ကတော့ဗျာ။ ယောင်လို့တောင် သွားပြီး ဓာတ်ပုံ မရိုက်လိုက်ပါနဲ့နော်။ ဒီချာတိတ် တပ်သားလေးတွေက တအားကို ကြောက်စရာကောင်းတာဗျ။ သူတို့က သူတို့တပ်စုမှူးစကားကိုပဲ နာခံကြတာဗျ။ တပ်စုမှူးက သူတို့ မျက်စိထဲမှာ အကြီးဆုံး စစ်ဗိုလ် အရာရှိကြီးပဲဗျ။ တပ်စုမှူးကသာ အမိန့်ပေးလိုက် သူတို့ ဘာကိုမှ စဉ်းစားမနေဘူး။ ချက်ချင်း လမ်းမပေါ်တင်ပဲ ပစ်သတ်ကြတာနော်”
ဝပြည်နယ် အမှတ် ၄ ပုဂ္ဂိုလ်ကြီး ဗိုလ်ချုပ် ကျောက်ဝံကွမ်းကလည်း ပြောပါတယ်။ “အဲဒီ ချာတိတ် တပ်သားလေးတွေပေါ့ဗျာ။ ဟိုး ရက်ပိုင်းတွေလောက်တုန်းက သူတို့ စောင့်ကြပ်တဲ့ ဂိတ်ပေါက်စခန်းတောင်ကို ဖြတ်ပါတယ်။ ဖြတ်သန်းခ ဂိတ်ကြေး ၁၀ ကျပ် ကောက်ယူတယ်ဗျို့။ ကျနော် သူတို့နဲ့ ဘာဘာညာညာတွေ ရှင်းမပြ၀ံ့ဘူခင်ဗျ။ ဟုတ်တယ်လေ။ အမှန်တော့ ကျနော်ဟာ သူတို့ရဲ့ အရာရှိရဲ့ အရာရှိရဲ့ အရာရှိကြီးလေဗျာ။ ဒါပေမယ့် သူတို့ ဒါတွေကိုမှ မသိကြတဲ့ ဥစ္စာပဲ။ ဟိုဟိုဒီဒီ သွားရှင်းပြနေလို့ကတော့ အပိုပေါ့ဗျာ။ သူတို့လေးတွေက တိုက်ပွဲမှာ အသက်ပေးလှူသွားကြတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ သားသမီးတွေလေဗျ။ အစိုးရက ဒီ မိဘမဲ့ တကောင်ကြွက်လေးတွေကို ပစ်မထားပါဘူး။ ခေါ်ယူကျွေးမွေး စောင့်ရှောက်ထားပါတယ်။ ခန့်မှန်းခြေ အယောက် တထောင်ကျော် ရှိတယ်။ ဒီလိုနဲ့ တပ်ထဲမှာ ခေါ်ထားပြီး တပ်ရိက္ခာတွေ ကျွေးထားပါတယ်ခင်ဗျ”
တပ်သားတွေ လမ်းတလျှောက်မှာ အပြည့်ပါပဲ။
စုတ်ပြတ်နေလောက်အောင် ဆင်းရဲမွဲတေမှုနဲ့ သုံးမကုန် ဖြုန်းမကုန်လောက်အောင် ကျိကျိတက် ချမ်းသာကြွယ်ဝမှု ဒီမျဉ်းနှစ်ကြောင်းက ဗရုတ်သုက္ခတိုက်ပွဲ ရှည်ကြာလှတဲ့ ဒီနေရာမှာ တချိန်တည်း တပြိုင်တည်း ပေါ်ထွန်းလာတယ်။ ပန်ခန်းက လူတွေက ကျနော့်ကို ပြပါတယ်။ “ဘိန်းရောင်းတဲ့ အိမ်တအိမ် ရှိတယ်ခင်ဗျ။ ရွှံ့ကြမ်း မြေထည်နဲ့ လုပ်တဲ့ ပန်းကန်လုံးထဲမှာ ထည့်ထားတာ တွေကတော့ဗျာ သာမန်ကာရှံကာ ဟင်းတွေ။ (အဲဒီနေရာက လူတွေက ချက်ရေးပြုတ်ရေးမှာ သိပ် မကျွမ်းကျင်လှဘူးခင်ဗျ) ဧရာမ ပန်းကန်လုံးကြီးထဲကတော့ တကယ့် အကောင်းစားအရက်ဗျ။ လူးဝစ် 13။ တကယ့် အကောင်းစားနော်။ တချီတည်း သောက်လိုက်ကြတာ ဆယ်ပုလင်း ကျော်တယ်ဗျိုး။ အဲဒီအိမ်ထဲမှာ အဲဒီလိုမျိုး အရက်တွေ သေတ္တာလိုက် သေတ္တာလိုက်ပါပဲ။ ဟော - နေ့လယ်ပိုင်း နေသာလာပြီလေ။ ဆာလာအိတ်ကြီးတွေ အတော်များတယ်ဗျ ဟိုး အိမ်ခေါင်မိုးပေါ်ကို ထမ်းတင်သွားကြတယ်။ အထဲက ဘာတွေလို့ ခင်ဗျား ထင်သလဲ။ ပိုက်ဆံတွေ ပိုက်ဆံတွေ ငွေစက္ကူ အထပ်လိုက် အထပ်လိုက်ကြီးတွေကိုးဗျ။ အစည်းလိုက် စည်းထားတာ ရင်မင်ဘီ ငွေစက္ကူအစည်းတွေဗျ။ များလွန်းတော့ သိမ်းထားရတာ မှိုတက်မှာ စိုးလို့ နေထုတ်လှမ်းကြတာ။ အဲဒီလိုမျိုး ရင်မင်ဘီ ငွေစက္ကူအိတ်ကြီးတွေ ခန်းလုံးပြည့်ပဲဗျိုး။ ခင်ဗျား မေးကောင်း မေးလိမ့်မယ် ဒါလောက် များပြားတဲ့ ငွေတွေကို ဘာကြောင့် ဘဏ်မအပ်သလဲပေါ့။ အဖြေကတော့ ကိုယ့်မှာ ဒါလောက်ရှိတာကို လူအသိမခံချင်လို့ပေါ့ဗျ။ ဘာကြောင့် ဆိုရင်ဗျာ ဒါလောက် ဆင်းရဲမွဲတေပါတယ် ဆိုတဲ့ ၀ပြည်နယ်မှာ ဖြုန်းခနဲ ၀ုန်းခနဲ သုံးမကုန် ဖြုန်းမကုန် ဖြစ်လာရတာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေလို့ပဲ ဆိုတာ သေချာနေတယ်လေဗျာ။ ဒီပိုက်ဆံတွေ ဘဏ်မှာ သွားအပ်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ကျုပ် မူးယစ်ဆေး လုပ်ပါတယ်ဗျိုးလို့ ထုတ်ဖော် ၀န်ခံသလို ဖြစ်မနေဘူးလားဗျာ။ နိုင်ငံတကာ လူ့ဘောင် အဖွဲ့အစည်းအသီးသီးက မူးယစ်ဆေး တိုက်ဖျက်နှိမ်နင်းရေးကို ပြတ်ပြတ်သားသား လုပ်နေပြီလေ။ ဒီတော့ မူးယစ်ဆေး ရင်းမြစ်ဌာနေက မူးယစ်ဆေးနဲ့ ပတ်သက်တဲ့သူတွေရဲ့ လှုပ်ရှားမှု အစမူလကတည်းက ဗြောင်တ၀က် ရှိုတ၀က်တွေ အားလုံး မြေအောက် ၀င်ပုန်းကုန်ကြပြီလေဗျာ။ နောက်ပြီးတော့လည်း နိုင်ငံတကာကရော တရုတ်ပြည်ကပါ မူးယစ်ဆေး ၀ရမ်းတွေထုတ်၊ ဘိန်းရာဇာကြီးတွေရဲ့ အမည်စာရင်းကိုလည်း တကမ္ဘာလုံး လူတွေအားလုံး သိသွားအောင် ဆိုပြီး သတင်းစာရော စာစောင်ရော နောက်ဆုံး အင်တာနက်မှာပါ ဟိုးလေးတကျော်ဖြစ် ထုတ်ပြန်ကြေညာလိုက်တယ်ဗျ။ နောက်ပြီး အဲဒီလူတွေထဲက အတော်များများ ဇာတ်သိမ်းမလှတာတွေကိုပါ ကြားနေ တွေ့နေကြရတယ်လေဗျာ။ ခု ဒီ မူးယစ်ဆေးက ကမ္ဘာ့ဘုံရန်သူကြီး ဖြစ်နေပြီဗျ။ ဒီတော့ ဒီ ဘိန်းရစ်မြစ်ဒေသက ဒီလုပ်ငန်းနဲ့ မကင်းကြတဲ့သူတွေဟာ ကြွက်စုတ်တွေလိုပဲ မှောင်မည်းနေတဲ့ မြေတွင်းထဲမှာ ပုန်းလျှိုးကွယ်လျှိုး ပုန်းအောင်းနေကြရတယ်။ နေကို မမြင်ကြရဘူးဗျ”
ဝပြည်နယ် ညွန့်ပေါင်းအဖွဲ့ရဲ့ ၁၀ နှစ်မြောက် အထိမ်းအမှတ် မဂ္ဂဇင်း ကျောဖုံးအတွင်းပိုင်း ရုပ်ပုံကားချပ်ရဲ့ အောက်မှာ ၀ တိုင်းရင်းသူ သမီးပျိုလေးဟာ အပြန့်ကျယ်ပြောလှတဲ့ အင်မတန် လှပတဲ့ ပေါ်ပီပန်းကြီးထဲမှာ ပြုံးပြီး ရပ်နေတယ်။ ဒါဟာ ၀ တိုင်းရင်းသားတွေက ဘိန်းရဲ့ သပွတ်အူလှိုက် ရှုပ်ထွေးမှုအပေါ် သံယောဇဉ်တွယ်နေတယ် ဆိုတာကို ကိုယ်စားပြုနေသလို ဖြစ်နေပါတယ်။ ပုံကားချပ်က ၀ တိုင်းရင်းသားတွေက ဘိန်းစိုက်ပျိုးမှုအပေါ် ဟောဒီလို မြင်နေတာမျိုး ဖြစ်နေပါတယ် “လှပတင့်တယ်ပါတဲ့ ပန်းပေါ်ပီ မူလဇစ်မြစ်က ဆေးပင်ပါ။ ဆင်းရဲမွဲတေလှတဲ့ ၀ ပြည်သူတွေ ဘ၀ အသက်ရှင်ရေးအတွက် ပေါ်ပီကိုစိုက်၊ ဘိန်းကို ရိတ်သိမ်းကြရတာ။ စားဝတ်နေရေး လိုအပ်တာတွေနဲ့ ဖလှယ်ကြရတာ” ဒီစကားတခွန်းက လူတွေကို ရှင်းလင်း ပြောပြလိုက်တဲ့ အနက် အဓိပ္ပာယ်က - ပေါ်ပီပင်ဟာ ဆင်းရဲမွဲတေတဲ့ ဒေသ ဥပမာ ၀ပြည်နယ် ပြည်သူလူထု ဆင်းရဲတွင်းက ကျွတ်လွတ်ရမယ့် စိုက်ပျိုးသီးနှံဖြစ်ပါတယ်။ ဒေသခံတွေရဲ့ မျက်စေ့တွေမှာ မြင်နေတာက “ဘိန်းပင် စိုက်ပျိုးတဲ့ လုပ်ငန်းက တရုတ် တောင်သူလယ်သမားတွေ ကောက်နှံစပါး စိုက်ပျိုးတာနဲ့ ထူးမခြားနား အတူတူပါပဲ” ကဲ - သူတို့ရဲ့ အမြင်က ဒီလိုတွေ၊ အထင်တွေက ဒီလိုတွေ ရှိနေကြပါတယ်။
၉-၃-၁၉၉၄ မြန်မာ့ရုပ်သံ သတင်းဌာနကနေ သတင်းတပုဒ် ထုတ်လွှင့် ပြသခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာ ထိုစဉ်က ဟီးရိုးအင်း ထုတ်လုပ်တဲ့ စက်ရုံကို ဖျက်ဆီးလိုက်တယ် ဆိုတဲ့ သတင်းပါ။ လူတွေ စိတ်ဝင်စားစရာ ဖြစ်သွားရတာက အဲဒီအကြောင်း ရှင်းလင်းပွဲကို တက်ရောက်တာက ၀ ခေါင်းဆောင် ကျောက်နီလိုင်ပေါ့။ ရိုးရိုးသားသား သူ့ချည်းပဲ မဟုတ်သေးပါ။ သူ့ဘေးမှာ ရှိနေတဲ့ အမေရိကန်နိုင်ငံ မူးယစ် ဆေးဝါး ပစ္စည်း တိုက်ဖျက် နှိမ်နင်းရေးဗျူရို (DEA) ရဲ့ အရာရှိကြီးရယ်၊ မြန်မာနိုင်ငံအခြေစိုက် ဂျပန်သံရုံးရယ်၊ ကုလသမဂ္ဂ မူးယစ်ဆေး ကုန်ပစ္စည်း ထိန်းချုပ်ရေး ဗျူရို (UNDCP) ရဲ့ ကိုယ်စားလှယ်တို့ ဖြစ်ကြပါတယ်။ အဲဒီပြကွက်ပြီးလို့ ပြီးစီးသွားတာနဲ့ ဆက်ပြီး ပြသတဲ့ သတင်း ပြကွက်က ထိုနှစ် ဒီဇင်ဘာတုန်းက ခွန်ဆာကို ထိုးစစ်ဆင်တာပဲ ဖြစ်တယ်။ ဒီတချီ ပြသရတာက အကြောင်း ရှိသလိုလို မရှိသလိုလိုနဲ့ မြန်မာအစိုးရရဲ့ မူလ ကတည်းက အရမ်းကို ထင်ရှားပြီး လျှို့ဝှက် နက်နဲတဲ့ ဇာပုဝါမျက်နှာဖုံးကို ခွာချလိုက်တာပဲ ဖြစ်တယ်။ ၀ ပြည်နယ် ညွန့်ပေါင်းတပ်ဖွဲ့ နဲ့ ဟီးရိုးအင်း ထုတ်လုပ်မှုက ဆက်သွယ်မှု ရှိနေတယ် ဆိုတာကို တိုက်ရိုက် ထောက်ပြလိုက်တာပဲ ဖြစ်ပါတယ်။
ဝ ညွန့်ပေါင်းတပ်ဖွဲ့ တောင်ပိုင်း စစ်ဒေသ လို့လိုင် ကနေ စန်းစောက် တောင်ကြောအထိပါပဲ။ အရှည် ကီလိုမီတာ ၂၀၊ အနံ ကီလိုမီတာ ၁၂-၁၅ ရှိပြီး တောင့်တင်းခိုင်မာတဲ့ စစ်စခန်းကို ဆောက်လုပ်ထားပါတယ်။ အထူး ခေတ်မီ ကောင်းမွန်တဲ့ လက်နက်တွေ တပ်ဆင်ထားတဲ့ တပ်အင်အား ၄၅၀၀-၆၀၀၀ ကို အစောင့်ချထားပါတယ်။ ဒီတပ်သား အားလုံးဟာ အထူး လေ့ကျင့်ပေးထားသူတွေ ဖြစ်ပါတယ်။ တပ်စခန်း သင်တန်းကျောင်းနဲ့ စစ်ရေးလေ့ကျင့်မှုစခန်းကို အင်မတန် ပြောင်မြောက်တဲ့ကွင်း စက်ဝိုင်းသဏ္ဌာန် ကာကွယ်ရေးစည်း ချပြီး ကာကွယ်စောင့်ရှောက်ထားပါတယ်။ တပ်ဖွဲ့ ပြည့်ပြည့်စုံစုံ တပ်ဆင်ထားတဲ့ လက်နက်တွေထဲမှာ ၇၅ မီလီမီတာ နောက်ပွင့်အမြောက်၊ ၁၂၀ မီလီမီတာ စိန်ပြောင်း၊ ၁၂.၇ မီလီမီတာ လေယာဉ်ပစ် စက်အမြောက် နဲ့ Sam-7 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တွေကို ကမ္ဘောဒီးယားကနေ ၀ယ်ထားပါတယ်။ ၀ ညွန့်ပေါင်းတပ် စီရင်စုနယ်အတွင်း တပ်စခန်းတွေ အသီးသီး တပ်သားသစ် အများအပြား စုဆောင်းပါတယ်။
၁၉၉၄ ဖေဖော်ဝါရီလ တပ်သားသစ် ၈၀၀ ခန့် လို့လိုင်မှာ စင်သင်တန်း တက်ကြပါတယ်။ သင်တန်းဆရာက ထိုင်ဝမ် လာတာပါ။ ဒီနေရာမှာ ကျောင်းတွေ အတော်များများ ဖွဲ့စည်း တည်ဆောက်လိုက်ကြတယ်။ ဒါဟာ အတိတ် ၆၀-၇၀ ခုနှစ်တုန်းက ကူမင်တန် ပါတီ ကြွင်းကျန် တပ်ဖွဲ့တွေ လက်ထက်တုန်းက တည်ဆောက်ခဲ့တာမျိုးကို တထေရာတည်း ပြန်လည် ဖော်ဆောင်လိုက်တာ ဖြစ်ပါတယ်။ မြန်မာအစိုးရကလည်း ဒီစစ်စခန်းတွေ ရှိမှန်း သိရှိထားပါတယ်။ အပစ်အခတ် ရပ်စဲရေး ကာလ တလျှောက်လုံး သူတို့နဲ့ ၀ ညွန့်ပေါင်းတပ်တို့ ဒီနေရာက ကာကွယ်စောင့်ရှောက်ရေး အားလုံးကို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြတာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး အစည်းအဝေး စစ်တမ်းမှာ - ၎င်းဒေသမှာ
မူးယစ်ဆေး မွမ်းမံ ထုတ်လုပ်တဲ့ စက်ရုံပေါင်း ၁၀၀ ကျော် ရှိပြီး ဟီးရိုးအင်း၊ မော်ဖီးယား၊ စိတ်ကြွရူးသွပ်ဆေး အစရှိတာတွေ ထုတ်ပါတယ်။ စိတ်ကြွဆေးကို နှစ်စဉ် အလုံးပေါင်း သန်း ၂၀၀ အထိ ထုတ်ပါတယ်။ ၀ တပ်ဖွဲ့က ထုတ်လုပ်တဲ့ စိတ်ကြွဆေးက လိမ္မော်နီရောင် ဖြစ်ပြီး WY အမှတ်တံဆိတ်ခတ်ထားပါတယ်။ ရွှေတြိဂံက ထုတ်လုပ်သမျှ စိတ်ကြွဆေး အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကို ၀ တပ်ဖွဲ့က ထုတ်တာပါ။ ခွန်ဆာ့ အကြွင်းအကျန်တပ်က ထုတ်တဲ့ စိတ်ကြွဆေးက မရမ်းရောင် ဖြစ်ပြီး 99 တံဆိပ် ရိုက်နှိပ်ထားပါတယ်။ ရွှေတြိဂံ ထုတ်လုပ်မှုရဲ့ ၃၀ ရာခိုင်နှုန်းပါ။ ကျန်တာကို မူးယစ်ဆေးအုပ်စုငယ်အသီးသီးက သောကောရောကော တံဆိပ်တွေနဲ့လည်း ထုတ်ကြပါတယ်။
ရွှေတြိဂံမူးယစ်ဆေးတွေကို လမ်းအသွယ်သွယ်ကနေ ဥပဒေမဲ့ ဥရောပ၊ အမေရိက နဲ့ ကမ္ဘာအရပ်ရပ်ကို ပို့ကြပါတယ်။ လမ်းကြောင်းတကြောင်းက မြန်မာပြည် အတွင်းပိုင်းဆီ စီးဝင်သွားပြီး ရန်ကုန်ကို ဖြတ်ပြီး ပြည်ပကို ထုတ်ယူတဲ့ လမ်းကြောင်းပါ။ နောက်တကြောင်းက မြန်မာနယ်စပ်ကနေ လောနိုင်ငံထဲ စီးဝင်သွားတယ်၊ တဖန် ဗီယက်နမ်အထဲ ၀င်သွားပြီး ဟိုချီမင်းမြို့ကို ဖြတ်၊ အဲဒီကနေ ပြည်ပ ပြန်ထွက်တယ်။ တတိယလမ်းကြောင်းက ထိုင်းမြန်မာနယ်စပ်ကနေ ထိုင်းနိုင်ငံထဲ စီးဝင်သွားတယ်။ တဖန် ဘန်ကောက်ကနေ ကမ္ဘာ့နေရာအသီးသီးဆီ ပျံ့နှံ့သွားတယ်။ ဥရောပ အမေရိကမှာ မူးယစ်ဆေး ဈေးနှုန်းက အရမ်းကို ကောင်းတာ။ စိတ်ကြွဆေး အများအပြားက ထိုင်းမြန်မာ နယ်နိမိတ်ကနေပြီး တောင်ဘက်ကို ဆင်းချသွားတယ်။ ပင်လယ် လမ်းကြောင်းကနေ အမေရိကန် နဲ့ ဥရောပ ဈေးကွက်ထဲ ပျံ့နှံ့ စီးဝင်သွားတယ်။
မူးယစ်ဆေး ၀ယ်လိုအားက ၀ုန်းခနဲ ၀ုန်းခနဲ ထိုးထိုးတက်နေချိန် ၀ တပ်ဖွဲ့ ခေါင်းဆောင်တွေ၊ တောင်ပိုင်း စစ်ဒေသ တပ်မှူးကြီး ဝေရှောက်ခန်းက ခွန်ဆာ့နေရာ အစားထိုး ၀င်လာချေပြီ။ အပြည်ပြည်ဆိုင်ရာ ထိပ်တန်း ဘိန်းရာဇာကြီး ဖြစ်သွားချေပြီ။ ခွန်ဆာရဲ့ တန်ဘိုးချင်း တူညီနေတဲ့ အမေရိကန်ဒေါ်လာ ၂ သန်း နဲ့ ဝေရှောက်ခန်းကို ဖမ်းဖို့ ၀ရမ်းထုတ်လိုက်တယ်။ ဝေရှောက်ခန်းက ၀ လူမျိုးပါ။ အစ်ကိုကြီး ဝေရှောက် - - ၊ တတိယညီငယ် ဝေရှောက်သန်တို့နဲ့အတူ မူလ အရင်းခံက ခွန်ဆာ့ လက်အောက်ခံ ဂိုဏ်းသားတွေ ဖြစ်ကြတယ်။ ၁၉၉၅ မှာ ခွန်ဆာနဲ့ ကွဲပြဲပြီး ၀ ညွန့်ပေါင်းထဲ ပူးပေါင်းလိုက်တယ်။ ၀ နယ် ကိုယ်ပိုင်အုပ်ချုပ်ရေးကို တည်ထောင်လိုက်တယ်။ ဝေရှောက်ခန်းက မူးယစ်ဆေး အမြတ်အစွန်း ငွေမည်းတွေကို ဖြူဖွေးအောင် ဆေးကြောလိုက်တယ်။ တာချီလိတ် အစရှိတဲ့ မြို့တွေမှာ များပြားလှတဲ့ လုပ်ငန်းမျိုးစုံ ကုမ္ပဏီကြီးတွေ ဖွင့်ထားပါတယ်။ သတင်းထောက်က ဒါနဲ့ စပ်လျဉ်းပြီး မေးစမ်းကြည့်လိုက်တော့ အဲဒီဒေသက အရာရှိတွေက ရှင်းပြပါတယ်။ - “သူနဲ့ခွန်ဆာ တူတူပါပဲဗျာ။ ခု သူ လုပ်ငန်းတွေ လှည့်ပြောင်းလိုက်ပြီလေ။ မူးယစ်ဆေး မလုပ်တော့ဘူး။ သမ္မာအာဇီဝဘက်ကို ပြောင်းသွားပြီ”
၁၂-၃-၂၀၀၁။ ထိုင်း ကြည်းတပ် စစ်ဦးစီးမှူး ဗိုလ်ချုပ်ကြီး ဗွန်အောင်က မူးယစ်ဆေးဝါး ပြဿနာရပ် အစည်းအဝေးမှာ ထောက်ပြသွားပါတယ်။ - ၀ပြည်နယ်စစ်တပ်က ၀ လူမျိုး အလုံးအရင်းကို ရွှေ့ပြောင်းကြတယ်။ တောင်ဘက်ပိုင်း ထိုင်းမြန်မာ နယ်နိမိတ်တွေဆီကို ပြောင်းရွှေ့ခိုင်းလိုက်တယ်။ ဗိုလ်ချုပ်ကြီး ဗွန်အောင် ပြောတာက “၀လူမျိုး ၂ သိန်းကို ဒီနှစ်အတွင်း ထိုင်းမြန်မာ နယ်နိမိတ်ဆီကို ပြောင်းရွှေ့ကြဖို့အတွက် ၀ တို့ မျှော်လင့်ထားကြတယ်။ သူတို့ရဲ့ စားဝတ်နေရေး ပြေလည်စေဖို့အတွက် ရေခဲ (ice) လို့ ခေါ်တဲ့ မူးယစ်ဆေး ထုတ်လုပ်လုပ်မှုက မနှစ်က အလုံးရေ သန်း ၅၀၀ ကနေ သန်း ၇၀၀ တိုးတက်သွားတယ်။ ၁၉၉၉ က အစပြုပြီး ကနေ့အထိ ၀ လူမျိုး ငါးသောင်းက မြန်မာနဲ့ဝတွေပြောလေ့ရှိတဲ့ တောင်ပိုင်းဒေသဆီကို ရွှေ့ပြောင်းသွားကြတယ်။ ဒါ့အပြင် ထိုင်းကို ရေခဲ မူးယစ်ဆေး ထုတ်လုပ်မှု စွမ်းအားကလည်း ၄ ဆ မြှင့်လာပါတယ်”